မန္တလေးမြို့တွင် ကျောက်ဝိုင်းပြင်ပ၌ အွန်လိုင်းဖြင့် ကျောက်စိမ်း အရောင်းအဝယ် ပြုလုပ်သည့်နေရာနှစ်ခုကို ဒီဇင်ဘာ ၂၀ ရက်ညနေပိုင်းက စစ်ကောင်စီတပ်ဖွဲ့ ဝင်ရောက် စီးနင်းခဲ့ရာ We Chat ဖြင့် ကျောက်အရောင်းအဝယ် ပြုလုပ်သူ ၃၀၀ ခန့် ဖမ်းဆီးခံခဲ့ရကြောင်း မန္တလေးမြို့ခံ ကျောက်သမားများထံမှ သိရသည်။
မဟာအောင်မြေမြို့နယ်၊ ၄၃ လမ်းနှင့် ၄၄ လမ်း၊ ၈၄ လမ်းရှိ Happy birthday ကျောက်မျက် ကုမ္ပဏီဝင်းအတွင်း အွန် လိုင်း We Chat ဖြင့် ကျောက်စိမ်း အရောင်းအဝယ် ပြုလုပ်သူ ၂၀၀ ခန့်နှင့် အောင်မြေသာစံမြို့နယ် ၈၇လမ်း၊ ၁၅ လမ်း အနီးဝန်းကျင်ရှိ ရွှေဓူဝံ ကျောက်မျက်ကုမ္ပဏီဝင်းအတွင်း ကျောက်စိမ်း အရောင်းအဝယ် ပြုလုပ်သူ ၁၀၀ ခန့်ကို အင်အား ၅၀ ကျော်ပါသော စစ်ကောင်စီတပ်ဖွဲ့က အချုပ်ကားများဖြင့် ဖမ်းဆီး ခေါ်ဆောင်သွားခြင်း ဖြစ်သည်။
မန္တလေး မဟာ အောင်မြေမြို့နယ်မှ ကျောက် ကုန်သည်တဦးက “စစ်ကောင်စီကနေ We chat ကနေ အလုပ် မလုပ်ရဘူးလို့ အစောကြီးကတည်က ပိတ်ထားတယ်။ ပိတ်ထားပေမယ့် လည်း အရောင်းအဝယ်ဖြစ်တာ အများဆုံးကလည်း We chat ဆိုတော့ မိသားစု စားဝတ်နေရေးရှိတော့ လုပ်ကိုင်နေ ကြရတာပဲလေ။ အခု ဝင်ဖမ်းတဲ့နေရာတွေက ကျောက်စိမ်းအရောင်းအဝယ် လုပ်တဲ့နေရာတွေပေါ့။ အဲဒီကနေ တရုတ် ပြည်ကို online ကနေ live လွှင့်ပြီး ကျောက်စိမ်း တိုက်ရိုက် ရောင်းနေကြတာ။ ဒီနေ့ဖြစ်တာကတော့ အတွင်းသတင်း ပေါက်ကြားတာ ဖြစ်မယ်။ ဒါကြောင့် လူအများကြီး အဖမ်းခံရတာ” ဟု ပြောသည်။
ဖမ်းဆီးခံရသူများတွင် တရုတ်လူမျိုး ကျောက်ကုန်သည်များ၊ မြန်မာ ကျောက်ကုန်သည်များ၊ ကျောက်ပွဲစားများ ပါရှိပြီး ဖမ်းဆီးခံရသူများကို အိုးဘိုထောင်သို့ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း ဧရာဝတီ အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါ။
ပြည်ကြီးတံခွန်မြို့နယ်အတွင်းမှ ကျောက်ကုန်သည်တဦးက “We chat သမားတွေ အဖမ်းခံရတာ၊ အပြင်မှာ လုပ်ကြတဲ့သူတွေပေါ့၊ အပြင်မှာက လွတ်လပ်တယ်လေ၊ ကျောက်သမားတွေ ဘဝက လုပ်ရကိုင်ရတာ နောက်ကျောမလုံ ဖြစ်နေတာ အတော်ကြာပြီ။ အခုလို ဖြစ်တော့ ပိုဆိုးမယ့် အခြေအနေဘက်ကို ရောက်သွားပြီ၊ ဖမ်းခံရတဲ့ မြန်မာတွေထဲမှာ ကုန်သည်ထက် ပွဲစားတွေက ပိုများတယ်” ဟု ပြောသည်။
ထိုသို့ ဖမ်းဆီးခံရသူများကို တဦးလျှင် ကျပ် ၁၀ သိန်း၊ ဆိုင်ကယ် တစီးလျှင် ငွေကျပ် ၅ သိန်း ဒဏ်ရိုက်မည်ဆိုသော သတင်းများ ထွက်ပေါ်လျက်ရှိသလို ညှိနှိုင်းမှုဖြင့် ပြန်လည် ရွေးယူခဲ့ရသည်ဟု မဟာအောင်မြေမြို့နယ်မှ ကျောက်ပွဲစား တဦးက ပြောသည်။
မဟာအောင်မြေမြို့နယ်မှ ကျောက်ပွဲစားတဦးက “ပြန်ရွေးမယ်ဆိုရင် တဦးကို ဆယ်သိန်း တောင်းတယ်လို့ ပြောတယ်၊ ပါတဲ့ ကျောက်တွေ၊ ဆိုင်ကယ်တွေ၊ ဖုန်းတွေ လည်း သိမ်းထားတယ်၊ ကျနော့် ညီတယောက် Happy birthday ကို ကျောက်သွားပြတဲ့အချိန်မှာ ပါသွားလို့ သိရတာ” ဟု ပြော သည်။
ချမ်းအေးသာစံမြို့နယ်အတွင်း နေထိုင်သော ကျောက်သွေးလုပ်ငန်း လုပ်ကိုင်သူ တဦးကလည်း “ကျောက်လောက မှာက ကုန်သည်ထက် ပွဲစားလုပ်တဲ့က ပိုများတယ်၊ လက်ရှိမှာ နိုင်ငံရေးက အခြေအနေမကောင်းတော့ အဆင်ပြေ သလို လုပ်စားနေကြရတာလေ၊ ဒါကို လက်နက်ကိုင်ပြီးတော့ သက်သက်မဲ့ ယုတ်မာတာ ဖြစ်သွားပြီ၊ ပြောရရင် ငွေလို နေလို့ လုပ်တာလို့ မြင်တယ်၊ အထက်က ကောင်တွေကနေ အောက်က ကောင်တွေကို မင်းတို့ ရှာစားကြတော့လို့ ခိုင်း သလို ဖြစ်နေတာလေ” ဟု ပြောသည်။
မန္တလေးမြို့တွင် ကျောက်စိမ်း အရောင်းအဝယ် ပြုလုပ်နိုင်ရန်အတွက် မဟာအောင်မြေမြို့နယ်၊ ၃၉ လမ်းနှင့် လမ်း ၄၀ ကြား၊ ၈၈ လမ်းနှင့် ၈၉လမ်း ကြားတွင် ဖွင့်လှစ်ပေးထားသည့် မဟာအောင်မြေ ကျောက်မျက် ရောင်းဝယ်ရေးစခန်း (ကျောက်ဝိုင်း) အား COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ၂၀၂၀ ပြည့်နှစ် မတ်လ ကုန်ပိုင်းက စတင်၍ ပိတ်ထားခဲ့ရာ အာဏာသိမ်း စစ်ကောင်စီမှ ခန့်အပ်ထားသော လက်ရှိ မြို့တော်ဝန် ဦးကျော်ဆန်း ဦးဆောင်သည့် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ အောက်တိုဘာ ၁၂ ရက်မှ စတင်ကာ ပြန်လည် ဖွင့် လှစ်ခဲ့သည်။
ထိုသို့ ဖွင့်လှစ်ပေးခဲ့သော်လည်း ကျောက်သမား အများစုသည် ကိုဗစ်ကာလ ကျောက်ဝိုင်း ပိတ်ထားစဉ်ကအတိုင်း ကျောက်ဝိုင်း အပြင်ဘက်ရှိ လမ်းမများပေါ်နှင့် ကျောက်မျက် ကုမ္ပဏီများဖြင့် ချိတ်ဆက်၍ လုပ်ကိုင်နေကြဆဲဖြစ်သည်။
ချမ်းမြသာစည်မြို့နယ်အတွင်းမှ ကျောက်ကုန်သည်တဦးက “အခုက သူတို့က ကျောက်ဝိုင်းထဲမှာ ဝင်ပြီး အရောင်းအဝယ် လုပ်စေချင်တာ၊ ဖြစ်နေတာက ဝိုင်းထဲကို ဘယ်သူမှ မသွားရဲကြဘူး။ နှစ်ဖက် ကြောက်နေရတဲ့အခြေအနေဆိုတော့ အဆင်ပြေသလို လုပ်နေကြရတာပဲလေ၊ လက်ရှိမှာ ကျောက်သမားတွေအားလုံး အဆင်မပြေကြဘူး၊ ဝိုင်းထဲကို ဆင်းတာက အတော်နည်းတယ်၊ အတော်များများက မသွားချင်ကြတော့ဘူး။ ဝိုင်းကို သွားရင် စိုးရိမ်ရတာက နှစ်ဖက်ဖြစ်နေတာ။ ဝိုင်းထဲ ဝင်ရင် မထင်ရင် မထင်သလို စစ်တာ မေးတာတွေအပြင် နာမည်စာရင်းကအစ အကုန်လုံး ပေးကြရတော့ ဝိုင်းပြင်ပမှာပဲ အဆင်ပြေသလို လုပ်နေကြရတာပဲ” ဟု ပြောသည်။
ကျောက်စိမ်း အရောင်းအဝယ် လုပ်ကိုင်သူများအနေဖြင့် မဟာအောင်မြေ ကျောက်မျက်ရောင်းဝယ်ရေး စခန်းအတွင်း ၌သာ အရောင်းအဝယ် ပြုလုပ်ကြရန်အတွက် စစ်ကောင်စီလက်အောက်ခံ မန္တလေးမြို့တော်စည်ပင် သာယာရေး ကော် မတီမှ နိုဝင်ဘာလကုန်ပိုင်းက အသိပေး နှိုးဆော်ထားသလို လုံခြုံရေး ရယူထားသည့် စစ်ကောင်စီတပ်ကလည်း မဟာ အောင်မြေကျောက်မျက် ရောင်းဝယ်ရေး စခန်းပြင်ပ၌ အရောင်းအဝယ် ပြုလုပ်ပါက ပစ်သတ်မည်ဟု ခြိမ်းခြောက်ထား ကြောင်း ကျောက်သမားများက ပြောသည်။
ထိုသို့ အသိပေး ခြိမ်းခြောက်မှုများ ပြုလုပ်ပြီးနောက် ယခုကဲ့သို့ စီးနင်း ဝင်ရောက်ဖမ်းဆီးခြင်းသည် ပထမဆုံးအကြိမ် ဟု သိရသည်။
ထို့အတူ ဒေသခံ တော်လှန်ရေး ပြောက်ကျားတပ်ဖွဲ့များကလည်း ကျောက်ဝိုင်းအတွင်းသို့ ဝင်ရောက်၍ အရောင်း အဝယ် လုပ်ကိုင်ခြင်း မပြုကြရန် သတိပေးမှုများနှင့်အတူ မန္တလေးကျောက်ဝိုင်း ဝန်းကျင်တွင် မကြာခဏ ဗုံးကွဲမှု များလည်း ငါးကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်။
မန္တလေး မဟာအောင်မြေ ကျောက်မျက် ရောင်းဝယ်ရေးစခန်းအား မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက စီမံခန့်ခွဲခွင့် ရှိသောကြောင့် ဆိုင်ခန်းငှားရမ်းခ၊ ပျံကျ ဈေးဆိုင်ခန်းခ အပါအဝင် အခွန်အခများကို အာဏာသိမ်း စစ်ကောင်စီက ရရှိနိုင်ရန်အတွက် မန္တလေး ကျောက်ဝိုင်းကို အတင်းအကျပ် ပြန်လည် ဖွင့်လှစ်ကာ လူစည်ကားရန် ကြိုးစားနေခြင်း ဖြစ်သည်ဟု မန္တလေးမြို့ခံများက ပြောဆိုကြသည်။
You may also like these stories:
H&M၊ Zara၊ Inditex တို့ ပါဝင်သည့် ACT အဖွဲ့ လုပ်ငန်းများ ရပ်ဆိုင်း
ကင်းလွတ်ခွင့် ပေးထားသည့် ကုန်စည်များ လိုင်စင်ပြန်လျှောက်ရန် စစ်ကောင်စီ ကြေညာ
စစ်တပ်ကို ဒဏ်ခတ်ပိတ်ဆို့ရေး မြန်မာ့ကျောက်မျက်လုပ်ငန်း ပစ်မှတ်ဖြစ်လာ