စစ်တပ်က တိုက်ခိုက်ရေးရဟတ်ယာဉ်များဖြင့် ပစ်ခတ်ကာ ဝင်ရောက်စီးနင်းမှုကြောင့် အရပ်သား နှင့် ဒေသအခြေစိုက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များ အပါအဝင် ၁၀ ဦးကျော် သေဆုံးပြီး ရာနှင့်ချီသော ဒေသခံများ စစ်ဘေးရှောင်နေရလျက်ရှိကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ် ရေမျက်ရွာနှင့် မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ် နှမ်းခါးရွာတို့ကို လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)များ နှင့် ဒေသခံများက ဧရာဝတီသို့ ပြောသည်။
စစ်တပ်က လေကြောင်းစစ်ဆင်ရေးကို ဒီဇင်ဘာ ၂၀ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ် ရှိ ရေမျက်ရွာကို ရဟတ်ယာဉ် ၅ စင်းဖြင့် ပစ်ခတ်တိုက်ခိုက်ကာ ဝင်ရောက်စီးနင်းခဲ့သည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး လူသေဆုံးမှု အခြေအနေများနှင့် ပတ်သက်ပြီး အသေးစိတ် မသိရှိရသေး သော်လည်း လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်ပြီး ကျေးရွာအတွင်း မီးလောင်ကာ ပျက်စီး ဆုံးရှုံးမှုများ ရှိကာ အနီးနား ကျေးရွာများနှင့် ဒေသခံ ၅၀၀ ခန့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

“ အခု စစ်တပ်က မြေပြင် စစ်ကြောင်းတွေ မိုင်းခဏခဏဆွဲခံရသော ကုန်းလမ်းကနေ ဘယ်လိုမှ မလာ ရဲတော့ဘူး။ သူတို့ ထောက်ပံ့ပို့ဆောင်ရေးက အစ လေယာဉ်နဲ့ လုပ်နေရတာ။ နိုဝင်ဘာလကတည်းက အခုအထိ လေယာဉ်သံ မကြားရတဲ့ နေ့မရှိဘူး ” ဟု စစ်ကိုင်းတိုင်းအခြေစိုက် ဒေသကာကွယ်ရေးတပ်ဖွဲ့ PDF တခုမှ တာဝန်ရှိသူတဦးက ပြောသည်။
ဂန့်ဂေါမြို့နယ်ထဲရှိ နှမ်းခါးရွာကိုလည်း ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် ထိုကျေးရွာအတွင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များ အစည်းအဝေးပြုလုပ်မည်ဟု သတင်းအရ စစ်သည်တင်ရဟတ်ယာဉ် ၂ စင်း၊ တိုက်ခိုက်ရေးဂျက်ဖိုက်တာ ၂ စင်း နှင့် တိုက်လေယာဉ် ၁ စင်း ပါဝင်သော လေကြောင်း စစ်ဆင် ရေးဖြင့် ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဂန့်ဂေါ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(GanGaw PDF) မှ တာဝန်ရှိသူတဦးက ဧရာဝတီသို့ ပြောသည်။
ထို့သို့ ဝင်ရောက်စီးနင်းမှု ဖြစ်စဉ်အတွင်း စစ်တပ်၏ တိုက်ခိုက်ရေးဂျက်ဖိုက်တာ ၂ စင်းက ဝေဟင်မှ နေ၍ ကျေးရွာအတွင်းသို့ စက်သေနတ်များ၊ ဒုံးများဖြင့် အချိန်အတန်အကြာ ပစ်ကူပေးကာ စစ်သည် တင်ရဟတ်ယာဉ်မှ စစ်သားများက စီးနင်းကာ အရပ်သားတချို့ နှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အပါအဝင် ၉ သေဆုံးကြောင်း အတည်ပြုထားနိုင်ပြီး အလောင်းများ ထပ်မံရှာဖွေနေဆဲ ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ထိုသို့ ရှာဖွေတွေ့ရှိထားသော အလောင်းများ၏ ဒဏ်ရာများအရ လေကြောင်းပစ်ခတ်မှုကြောင့် သေဆုံးခြင်းမဟုတ်ဘဲ အနီးကပ် နောက်စေ့ကို သေနတ်ဖြင့် ပစ်သတ်ထားခြင်း နှင့် ဖမ်းဆီးပြီးမှ သတ်ဖြတ်ခံရသည့် အခြေအနေများရှိကြောင်း သိရသည်။

၎င်းက ဆက်လက်၍ “ သူတို့က ရွာအလယ်က ခန်းမမှာ အစည်းအဝေးလုပ်မယ်လို့ သတင်းရထား ပုံရတယ်။ အဲဒီခန်းမကို လေယာဉ်တွေက ပစ်မှတ်ထားပြီး ဆက်တိုက်ပစ်သွားတာ၊ တကယ်အစည်း အဝေးလုပ်တဲ့ ကျောင်းကိုသာ အပစ်ခံရရင် လူ ၁၀၀ ကျော်လောက် သေသွားနိုင်တယ်” ဟု ပြောဆိုသည်။
စစ်ကောင်စီဘက်ကမူ နှမ်းခါးရွာ ဖြစ်စဉ် နှင့် ပတ်သက်ပြီး ဒီဇင်ဘာ ၁၇ ရက်နေ့ ထုတ်ပြန်ချက်အရ ချင်းအမျိုးသားတပ်ဦး CNF၊ ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF နှင့် ယောကာကွယ် ရေးတပ်ဖွဲ့ (YDF) ၏ ခေါင်းဆောင်များ ရောက်ရှိနေကြောင်း သတင်းရ၍ ဝင်ရောက်ဖမ်းဆီးခဲ့ရာ အလောင်း ၆ လောင်း၊ ပစ္စတို ၂ လက်၊ တလုံးထိုး သေနတ် ၅ လက် နှင့် တူမီး ၃ လက် သိမ်းဆည်းရမိ ကြောင်း ထုတ်ပြန်ခဲ့သည်။
အဆိုပါ ဖြစ်စဉ်အတွင်း သေဆုံးသွားခဲ့သူများထဲတွင် အသက် ၁၅ နှစ်အရွယ် မောင်သားချစ်၊ အသက် ၁၇ နှစ် မောင်နန်းဝေအောင်၊ အသက် ၁၈ နှစ်အရွယ် မောင်ဖိုးချစ် အစရှိသည့် လူငယ်များ နှင့် အသက် အကြီးဆုံးအဖြစ် အသက် ၄၈ နှစ်အရွယ် ဦးဇော်ဌေးဦး တို့အပါအဝင် အမျိုးသား ၉ ဦး သေဆုံးခဲ့ ကြောင်း ဒေသခံများ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များထံမှ သိရသည်။
ထိုဖြစ်စဉ်ကို ကြုံတွေ့ခဲ့ရသော နှမ်းခါးရွာမှ ဒေသခံတဦးက “ နွားကျောင်း၊ လယ်ရိတ်နေတဲ့ သူတွေ ကိုပါ စစ်တပ်က ပစ်သတ်သွားတာ။ သူတို့ပြန်ထွက်သွားတော့ နေအိမ်တွေ စပါးကျီတွေကိုလည်း မီးရှို့ဖျက်ဆီးသွားသေးတယ် ” ဟု ပြောသည်။
“လေယာဉ်မှာ တခါတည်းတပ်ထားတဲ့ လက်နက်တွေဆိုတော့ အသံတွေပိုကျယ်၊ ပိုပြီးတော့ အားကြီးတာပေါ့။ ကျည်တွေက တိုင်တွေ အုတ်တံတိုင်းတွေပါ အကုန်လုံးပေါက်ထွက်သွားတာ။ မြေကြီးဆိုလည်း အကုန်ပွထသွားကုန်တာ” ဟု ၎င်းက ပြောပြသည်။
You may also like these stories:
စစ်ကောင်စီကို အကြမ်းဖက်အဖွဲ့အဖြစ် နိုင်ငံတကာ သံတမန်များ သတ်မှတ်
စစ်ကောင်စီ ဖိနှိပ်မှုကြောင့် လူထုဆန့်ကျင်မှုများ ပိုမိုအားကောင်းလာ
ကြည့်မြင်တိုင် အကြမ်းဖက်မှု တရားခံ
သတင်းသမားများ ဖမ်းဆီးထောင်ချဆုံးတွင် စစ်ကောင်စီပါဝင်