ရှမ်းပြည်နယ်မြောက်ပိုင်း မုန်းကိုးမြို့နယ်တွင် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ် (MNDAA) တို့ အကြား ဖြစ်ပွားသော တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ခန့်သေဆုံးကြောင်း MNDAA ဘက်က သတင်းထုတ်ပြန်သည်။
ဒီဇင်ဘာလ ၁၉ ရက်နေ့က တနေ့လုံးနီးပါး ဖြစ်ပွားသော တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၀၀ ခန့် ထိခိုက် သေဆုံးခြင်း ဖြစ်ကြောင်း MNDAA ပြန်ကြားရေးဌာနတာဝန်ရှိသူတဦးက ဧရာဝတီသို့ပြောသည်။
၎င်းက “အဲဒီနေ့က စစ်ကောင်စီကို ခြေမှုန်းခဲ့တာက ၁၀၀ လောက်ရှိတယ်ဗျ။ ကျဆုံးသူနဲ့ ဒဏ်ရာရသူ စုစုပေါင်း ၁၀၀ လောက်ရှိတယ်။ အဲဒီထဲမှာက တချို့က ဒဏ်ရာရလို့ မုံးကိုးကို ပြန်သယ်သွားတဲ့ အချိန်မှာ ကျသွားတာတွေလည်းရှိတယ်” ဟု ပြောသည်။
MNDAA ဘက်ကမူ တပ်ဖွဲ့ဝင် ၂ ဦးကျဆုံးပြီး ဒဏ်ရာရသူ ၆ ဦးရှိကြောင်း MNDAA ပြန်ကြားရေးဌာနတာဝန်ရှိသူတဦးက ဆိုသည်။
MNDAA ၏ The Kokang လူမှုကွန်ရက်စာမျက်နှာက ထုတ်ပြန်ချက်တွင် ပါရှိသော ဓာတ်ပုံများတွင်လည်း စစ်ကောင်စီဘက်က ဗိုလ်ကြီး ၂ ဦးနှင့် ဗိုလ် ၁ ဦး၏ ယူနီဖောင်းများနှင့်အတူ ပစ္စတို တချို့တွေ့ရသည်။
ဒီဇင်ဘာလ ၁၉ ရက်က စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လက်နက်ကြီးနှင့် လေယာဉ်ပစ်ကူများသုံးကာ ဖောင်းဆိုင် တောင်ဘက် မုန်းကိုးမြို့နယ် သံလွင်မြစ်အနောက်ဘက်ကမ်းအနီးရှိ မန်ရန်တပ်စခန်းသို့ စစ်သည်အင်အား ၅၀၀ ခန့်သုံးကာ ထိုးစစ်ဆင်လာခြင်းဖြစ်ကြောင်း MNDAA ဘက်က ဆိုသည်။

စစ်ကောင်စီဘက်က တပ်မ ၉၉ လက်အောက်ခံခြေလျင်တပ်ရင်း ၅၉၊ ၁၅၊ ၇၉၊ ၁၁၃နှင့် တပ်မ ၇၇ လက်အောက်ခံ အမှတ် ၃၁၃ ခြေမြန်တပ်ရင်းတို့ဖြင့် မန်ရန်တပ်စခန်းကို စစ်မျက်နှာ ၃ ခုဖွင့်ကာ ၁၀ ကြိမ် ချီတက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း MNDAA ပြန်ကြားရေးဌာန တာဝန်ရှိသူတဦးက ပြောသည်။
ထိုသို့အင်အားအမြောက်အမြားဖြင့် ထိုးစစ်ဆင်လာသော်လည်း MNDAA ဘက်က စစ်ကောင်စီ၏ ထိုးစစ်ကို တန်ပြန် ခုခံတိုက်ခိုက်နိုင်ခဲ့ကြောင်း၊ ယင်းကဲ့သို့ အောင်မြင်စွာခုခံနိုင်သည်မှာလည်း နယ်မြေကျွမ်းကျင်မှုနှင့် စစ်ကောင်စီ၏ စစ်ပရိယာယ်ကို နားလည်ထားသောကြောင့်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကိုင်ဆောင်သည့် လက်နက်ခဲယမ်းအမြောက်အမြား MNDAA ဘက်က သိမ်းဆည်း ရမိသည်လည်း ရှိကြောင်း MNDAA ပြန်ကြားရေးဌာန တာဝန်ရှိသူတဦးက ဧရာဝတီသို့ ပြောသည်။
သိမ်းဆည်းမိသည့် လက်နက်များထဲတွင် RPG ကျည်အလုံး ၄၀ ၊ သေနတ်ပစ်ဗုံးသီး ၅၃ လုံး၊ ၆၀ မမ မော်တာကျည် ၃၃ လုံး၊ လက်ပစ်ဗုံး ၃၀၀ ကျော်နှင့် ၅ ဒသမ ၅၆ ကျည်က ၁ သောင်း ၈ ထောင် ကျော်တို့ပါဝင်ကြောင်း MNDAA ပြန်ကြားရေးဌာနထံမှသိရသည်။
ယင်းအပြင် MG-3 သေနတ်ကျည် ၁ ထောင်ခန့်၊ မြေမြုပ်မိုင်း ၅၀ ကျော် ၊ စက်သေနတ်အသေး ၄ လက်၊ MG -3 စက်သေနတ် ၁ လက်၊ M-12 သေနတ် ၇ လက်၊ စနိုက်ပါ ၁ လက်၊ ၆၀ မမ မော်တာ ၁ လက်၊ MG – 3 ကျည်ဆံထည့်သည့် box ၂ ချောင်း၊ ဒရုန်းက ၁ စီးနှင့် အခြားစစ်အသုံးအဆောင်များလည်း သိမ်းဆည်းမိကြောင်း MNDAA ပြန်ကြားရေးဌာန တာဝန်ရှိသူက ပြောသည်။

ဒီဇင်ဘာ ၁၉ ရက်က တိုက်ပွဲအပြင်းအထန်ဖြစ်ထားပြီးနောက် လတ်တလောတွင် တိုက်ပွဲဖြစ်သည်ဆိုသည့် သတင်းမကြားရသေးကြောင်း၊ လက်ရှိတွင် မုန်းကိုးမြို့နယ်အတွင်း ၂ ဖက်စစ်ရေးတင်းမာနေဆဲဖြစ်ကြောင်း MNDAA ဘက်က ဆိုသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၅ ရက်ကလည်း အာဏာသိမ်းစစ်ကောင်စီ၏ အမျိုးသား စည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်း ရေး ကော်မတီ (NSPNC) မှ ဒု ဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် ကိုယ်စားလှယ်များ သည် MNDAA အပါအဝင် မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် လက်နက်ကိုင်အဖွဲ့များနှင့် ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းလားမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့သေးသည်။

မြေပြင်တွင် စစ်တပ်ဘက်က MNDAA ကို ထိုးစစ်ဆင်နေပြီး တဖက်တွင် ငြိမ်းချမ်းရေးကိစ္စဆွေးနွေးရန် ဖိတ်ကြားခြင်းမှာ သင့်လျော်မှုမရှိသဖြင့် MNDAA အနေနှင့် ဆွေးနွေးပွဲတက်သင့်၊ မတက်သင့်ကို အတော်ပင်စဉ်းစားခဲ့ရကြောင်း MNDAA ကိုယ်စားလှယ်က အစည်းအဝေးတွင် ပြောသည်။
အဆိုပါအစည်းအဝေးတွင် စစ်ကောင်စီအနေဖြင့် ငြိမ်းချမ်းရေး လိုချင်သည့် စိတ်အပြည့်အဝရှိမှသာ လက်ရှိပဋိပက္ခကို ဖြေရှင်းနိုင်မည် ဖြစ်ကြောင်း၊ စစ်ကောင်စီဘက်က ကောင်းမွန်သည့် သဘောထားတခု အရင်ပြသရန်လိုကြောင်း MNDAA ကိုယ်စားလှယ်က ပြောဆိုကာ အစည်းအဝေးမှ ထထွက်သွားခဲ့ကြောင်း ဧရာဝတီက စုံစမ်းသိရသည်။
You may also like these stories:
မြောက်ပိုင်း EAO အဖွဲ့အချို့ NCA အလုပ်မဖြစ်ကြောင်း စစ်ကောင်စီကို ပြော
မုံးကိုးတွင် MNDAA နှင့် စစ်ကောင်စီတပ်များ တိုက်ပွဲပြင်းထန်နေ
MNDAA နှင့် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ၂၀၀ ခန့် သေဆုံး