ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းဂျာဘွမ်ရွာအနီး ကျောက်စိမ်းလုပ်ကွက် မနမှော်မြေစာပုံမှာ ဒီဇင်ဘာ ၁၉ ရက် မနက် ၂ နာရီခန့်က ပြိုကျခဲ့သဖြင့် ရေမဆေးကျောက်ရှာသူများအပါအဝင် ၁၀ ဦးထက်မနည်း ရွံ့နွံ့ကန်ထဲသို့ ကျသွားရာ လူမှု ကူညီရေး အဖွဲ့များက ရှာသော်လည်း သုံးရက်ကြာသည့်တိုင် မတွေ့ကြောင်းသိရသည်။
ဖားကန့်ဒေသခံတဦးက “ကျမ အခု အဲဒီနားရောက်နေတာ။ အလောင်း တလောင်းမှ မတွေ့ရသေးဘူး။ စာရင်းအတိအကျ ကတော့ ၁၀ ဦးပေါ့နော်။ ၁၀ ဦးထက်မနည်း သေဆုံးနိုင်တယ်။ ကုမ္ပဏီ မြေစာသွန်တဲ့နေရာမှာ ရေမဆေးကျောက် ရှာ တယ်ပေါ့။ အဲဒီနေရာမှာ သူတို့သွန်ထားတဲ့ မြေစာက အိကျသွားတယ်။ လျောကျသွားတယ်ဆိုတဲ့ ပုံစံမျိုးပေါ့နော်။ ကုမ္ပဏီ ဝန်ထမ်းက ကားနောက်ဆုတ်တဲ့အခါမှ ကားရော၊ အဲဒီအနားမှာ ရှိနေတဲ့ ရေမဆေးကျောက်ရှာနေသူတွေရော ကျပြီး ပါ သွားတယ်။ ကုမ္ပဏီကတော့ နေမင်းကမာ္ဘကုမ္ပဏီပေါ့” ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိ ဖားကန့် ရတနာနယ်မြေမှာ ၂၀၁၈ ခုနှစ်မှ စ၍ ကုမ္ပဏီလုပ်ကွက်များမှာ တရားဝင်သက်တမ်းတိုးပေးခြင်း မရှိသေး သဖြင့် လက်ရှိတွင် ကျောက်စိမ်းလုပ်ကွက်များ ကို နားလည်မှု ယူကာ တူးဖော်နေသည့် လုပ်ငန်းအများအပြား ရှိကြောင်း ဒေသခံများက ပြောသည်။
“သူတို့တွေက နားလည်မှု ယူပြီး တူးနေကြတာပဲ။ အရင်တုန်းကလိုတော့ တရားမဝင် ကားတွေ ရာနဲ့ချီပြီး တသီ တတန်း ကြီး တူးနေတာတော့ မဟုတ်ဘူး။ ညဘက်တွေမှာ တူးနေကြတာပေါ့။ အခုလည်း ညတူးနေတဲ့ ကားမြေစာသွန်တဲ့ နေရာမှာ ပြိုကျသွားတာ” ဟု ဒေသခံတဦးက ပြောသည်။
ယခင်က ဖားကန့်ဒေသတွင် ရေမဆေးကျောက် ရှာဖွေသူများမှာ နေ့တွင် ရှာဖွေသည့်သူက ည၌နားပြီး၊ ညရှာဖွေသူက နေ့တွင် နား၍ ရှာဖွေကြသော်လည်း ယခုအချိန်တွင် ကျောက်စိမ်းကုမ္ပဏီများမှာ နေ့တွင် လုပ်ငန်းများ ရပ်နားထား သဖြင့် ညပိုင်း မြေစာသွန်သည့် အချိန်မှသာ အလုအယက် ရှာဖွေကြကြောင်း ၎င်းက ဆိုသည်။
“အခုက ရေမဆေးသမားတချို့က ပြန်သွားကြတယ်။ ကျန်တဲ့သူတွေကတော့ ကုမ္ပဏီတွေက ညပိုင်းတွေမှာ အလုပ်လုပ် တော့ သူတို့လည်း ညပိုင်းတွေမှာ ရှာနေတယ်။ အပြန်ပြန်အလှန်လှန် ရှာပြီးသားကို စွန့်ပစ်တာ ဖြစ်တဲ့အတွက် ကျောက်ရဖို့ ကလည်း ခဲယဉ်းတယ်။ စားဝတ်နေရေး ခက်ခဲကြတယ်” ဟု လက်ရှိ ရေမဆေး ကျောက်ရှာဖွေသူများ၏ အခြေအနေကို ပြောပြသည်။
အထက်ပါ မနမှော် မြေစာပုံပြိုကျမှုကြောင့် သေဆုံးသွားသူများ၏ အလောင်းကို လက်ရှိအချိန်ထိ ရှာဖွေနေဆဲဖြစ်သော် လည်း ယင်းနေရာသည် တောင်းကပါးယံကို မျှောတိုက်ပြီး ရွှေတူးဖော်ခြင်း၊ ကျောက်ရှာဖွေ တူးဖော်ခြင်းများ ရှိသဖြင့် ရေများရှိကာ နွံအိုင်ဖြစ်သောကြောင့် အဆိုပါ လုပ်ငန်းများကို ခေတ္တရပ်ဆိုင်းထားပြီး လူမှုအဖွဲ့အစည်းများက ရှာဖွေနေ ကြောင်း ဒေသခံများက ပြောသည်။

မနမှော် မြေစာပုံတွင် ပြုတ်ကျရာတွင် ပါသွားသည့်သူ၏ ဇနီးဖြစ်သူ တဦးက “ရေမဆေးရှာရင်းနဲ့ မထင်မှတ်ပဲ ကျသွားတယ် ပြောတယ်။ ကျမတို့က ဒီမှာ ရေမဆေးကျောက် ရှာဖွေတဲ့အလုပ်နဲ့ အသက်မွေးဝမ်းကျောင်း ပြုနေတာ ကြာပြီ။ ကျမအမျိုးသား အသက်က ၄၀ လောက် ရှိတယ်။ အခုက ကလေး သုံးယောက်ကျန်ခဲ့တယ်။ အလောင်းကလည်း အခုချိန်ထိ ရှာလို့ မတွေ့သေးဘူး” ဟု ဧရာဝတီကို ပြောသည်။
ပြီးခဲ့သည့်လပိုင်းတွင်လည်း မြေပြိုမှုများ ဖြစ်ပွားခဲ့ပြီး ရေမဆေးသမား ၃ ဦးခန့် သေဆုံးရကြောင်း၊ ယခုအခါ ရေကန်ထဲသို့ ပြိုကျခြင်းဖြစ်သဖြင့် ရှာတွေ့ရန် ခက်ခဲကြောင်း ဒေသခံများက ဆိုကြသည်။
စစ်တပ် အာဏာသိမ်းပြီး နောက်ပိုင်း အင်တာနက်ပါ ဖြတ်တောက်ခံထားရသည့် ဖားကန့်ဒေသတွင် နယ်မြေခံတပ်ကို လစဉ်ကြေးပေး၍ ညစဉ် ကျောက်စိမ်း တူးဖော်မှုများ ရှိနေသည်ဟု ပြောဆိုမှုများ ထွက်ပေါ်ပြီးနောက် လုပ်ငန်းများရပ်နား ရန် စစ်ကောင်စီ၏ ကျောက်စိမ်းရိုင်း တူးဖော်ရေးဌာန လုံးခင်းနှင့် တပ်မ (၃၃) က ဒီဇင်ဘာ ၄ ရက်က ပြောကြားခဲ့ကြောင်း သိရသည်။
ဖားကန့်တွင် မြန်မာနိုင်ငံအနှံ့က ရွှေ့ပြောင်းလုပ်ကိုင်သူ နှစ်သိန်း ဝန်းကျင်ခန့်ရှိကာ၊ ကျောက်စိမ်းတူးဖော်ရေး လုပ်ကွက် များတွင် ယခုလို မြေစာပုံ မကြာခဏ ပြိုကျမှုကြောင့် ကျောက်တူးသူများ အသက်ဆုံးရှုံးမှုများလည်း ရှိကြောင်း၊ ယင်း အထဲမှ ပြီးခဲ့သည့် ၂၀၂၀ ဇူလှိုင်လက ဖြစ်ပွားခဲ့သည့် ဝှေခါးကျေးရွာက မြေစာပုံပြိုကျမှာ အဆိုးရွားဆုံးဖြစ်ပြီး ရေမဆေး ကျောက်ရှာဖွေသူ ရာနှင့်ချီ၍ သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံက သိရသည်။
ဖားကန့် ရတနာနယ်မြေ၊ ခန္တီး၊ နန့်ယားနှင့် မော်လူးမော်ဟန် ကျောက်မျက်ရတနာမြေတို့ အပါအဝင် ဓာတ်သတ္တု အရိုင်း တူးဖော်ရေး လုပ်ငန်းအားလုံးကို အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်း သိမ်းရေး ဝန်ကြီးဌာနက အောက်တိုဘာ ၇ ရက်တွင် တားမြစ်ထားသည်။
အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) ၏ သယံဇာတ ဝန်ကြီး ဒေါက်တာ တူးခေါင်ကလည်း သားစဉ်မြေးဆက် စားသုံး နိုင်ရန်အတွက် ကျောက်မျက်တူးဖော်ခြင်း လုပ်ငန်းများကို ရပ်နားထားရန် တရားဝင် ထုတ်ပြန်ထားသည်။
You may also like these stories:
ဖားကန့်မှာ မြေပြိုပြီး လူသေတာ ရေမဆေးသမားတွေက တရားခံတဲ့လား
အန္တရာယ်ချောက်ကမ်းပါးပေါ်က ခကျန်ရွာ