NLD အစိုးရ လက်ထက်တွင် အနောက်အုပ်စု အမေရိကန်နှင့် မိတ်ဝတ်မပျက် ဆက်ဆံခဲ့သော်လည်း လက်တွေ့တွင် တရုတ်နှင့် ပိုမိုနီးကပ်သွားခဲ့သောကြောင့် စစ်အာဏာသိမ်းမှုက နိုင်ငံကို တရုတ်လက်တွင်း ကျရောက်နိုင်မှုမှ ကယ်တင်လိုက်ကြောင်း နေပြည်တော် စစ်ဗိုလ်ချုပ်များ အသိုင်းအဝိုင်းတွင် ပြောဆိုနေကြသည်။
ပြီးခဲ့သည့်နှစ် တရုတ်သမ္မတ ရှီကျင့်ဖျင်၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း တရုတ်အစိုးရနှင့် NLD အစိုးရတို့က ကျောက်ဖြူ အထူးစီးပွားရေးဇုန်၊ မြန်မာနိုင်ငံ၏ စီးပွားရေး မြို့တော်တွင် ရန်ကုန်မြို့သစ်နှင့် ရှမ်းနှင့် ကချင်ပြည်နယ်များရှိ မြန်မာ-တရုတ် နယ်စပ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဇုန်မများ အပါအဝင် တရုတ်-မြန်မာ စီးပွားရေး စင်္ကြန် CMEC စီမံကိန်းများကို အရှိန်မြှင့်ရန် သဘောတူခဲ့ ပြီး စာချုပ် ၃၃ ခုအထိ တရားဝင် ချုပ်ဆိုခဲ့ သည်။
“NLD က သူတို့ဆက်လုပ်ရင် တရုတ်နဲ့ လုပ်မယ့် စာချုပ်တွေနဲ့ လုပ်ငန်းတွေက အခု ၄၀ ကျော် ရှိတယ်။ စစ်တပ် အာဏာ ယူပြီး တက်လာတော့ ကွမ်းလုံတံတားတခုပဲ ဆက်ပြီး ခွင့်ပြုထားသေးတယ်။ ကျန်တာတွေကတော့ အခြေအနေအရ စောင့်ကြည့်နေရတဲ့ သဘောမျိုးပဲ။ ဆိုလိုတာက စစ်တပ်က NLD ထက် ပိုပြီး တရုတ်ကို သတိကြီးကြီးထား ဆက်ဆံ နေတယ်ပဲ” ဟု စစ်တပ်နှင့် နီးစပ်သည့် သတင်းရင်းမြစ်တဦးက ပြောသည်။
ယင်းပြောဆိုချက်သည် တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ကူညီတည်ဆောက်ပေးသည့် ကွမ်းလုံတံတားကြီးစီမံကိန်းကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့က တရားဝင် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး စီမံကိန်း စုစုပေါင်း ဆောက်လုပ်ရေးကာလမှာ လပေါင်း ၃၀ ဖြစ် ကြာမြင့်မည် ဖြစ်ဖြစ်ကြောင်း တရုတ်သံရုံးက ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် ထုတ်ပြန်မှုအပြီး ပေါ်ထွက်လာခြင်း ဖြစ်သည်။
ကွမ်းလုံတံတားစီမံကိန်းသည် ၂၀၁၉ ခုနှစ် ဇန်နဝါရီလတွင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း နှစ်ဦးနှစ်ဖက် သဘောတူညီခဲ့သည့် အရေးပါပူးပေါင်းဆောင်ရွက်မှုရလဒ်များထဲမှတခု ဖြစ်ပြီး တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ပံ့ပိုးကူညီသည့် အရေးပါစီမံကိန်းလည်း ဖြစ်သည်။
ယင်းသို့ တရုတ်လက်မှ မြန်မာပြည်ကို ကယ်ခဲ့သည်ဟု ယုံကြည်နေကြသော်လည်း စစ်ကောင်စီသည် တရုတ်နိုင်ငံက ငွေကြေးစိုက်ထုတ်သည့် ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံကုန်ကျမည့် ဧရာဝတီတိုင်း၊ မီးလင်းဂျိုင်မှ သဘာဝဓာတ်ငွေ့ရည်သုံး ဓာတ်အားပေးစီမံကိန်းကို မေလက အတည်ပြုပေးခဲ့ပြီး ထိုစီမံကိန်းသည် စစ်ကောင်စီက ခွင့်ပြုခဲ့သည့် တခုတည်းသော အဓိက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဖြစ်သည်။
ထို့ပြင် စစ်ကောင်စီသည် တရုတ် – မြန်မာစီးပွားရေးစင်္ကြံအတွက် အရေးပါသော ကော်မတီ သုံးခုကိုလည်း ပြန်လည်ဖွဲ့စည်းပြီး ထိုကော်မတီများတွင် ၎င်းတို့ခန့်အပ်သူများကို အစားထိုးခဲ့သည်။
သို့သော် တရုတ်နိုင်ငံဘက်က ယခင် NLD အစိုးရလက်ထက်ကကဲ့သို့ ရှေ့ဆက်အကောင်အထည်ဖော်ရန် စိတ်အားထက်သန်ခြင်း မရှိတော့ဘဲ သတိထားဆက်ဆံနေသည်။
လက်ရှိအခြေအနေများအရ တရုတ်နိုင်ငံအနေဖြင့် နိုင်ငံရေးတည်ငြိမ်မှုကိုသာ အဓိကစောင့်ကြည့်နေသည့် သဘောဆောင် ပြီး တရားဝင်အစိုးရ တရပ် ပြန်လည် အတည်ဖြစ်သွားသည့် ကာလရောက်မှသာ စီမံကိန်းများကို အရှိန်ပြန်မြှင့်လာမည့် အခြေအနေရှိသည်။
မြန်မာစစ်ဗိုလ်ချုပ်များသည် တရုတ်-မြန်မာ နယ်စပ်ဒေသအခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအား နောက်ကွယ်မှ တရုတ်နိုင်ငံက ကူညီပံ့ပိုးပေးနေကြောင်း သံသယရှိနေကြပြီး လတ်တလောတွင်လည်း ရှမ်းပြည်နယ်မြောက်ပိုင်း မုန်းကိုးမြို့နယ်တွင် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ် (MNDAA) တို့ အကြား တိုက်ပွဲများ ပြင်းထန်နေသည်။
စစ်အာဏာသိမ်းအပြီး မတ်လအတွင်းကလည်း မြန်မာစစ်ဗိုလ်ချုပ်များသည် တရုတ်မှ လမ်းခွဲပြီး အနောက်နိုင်ငံများနှင့် နီးကပ်စွာဆက်ဆံလိုကြောင်း အမေရိကန် ပြည်ထောင်စုက ယုံကြည်လာအောင် လုပ်ဆောင်ရန် အစ္စရေး-ကနေဒီယန် လော်ဘီသမား အရီ ဘန် မန်နာရှီကို ငှားရမ်းခဲ့ဖူးသည်။ နောက်ပိုင်း ပိုက်ဆံလွှဲပြောင်းမှု ခက်ခဲခြင်းကို အကြောင်းပြပြီး ယင်းလော်ဘီသမားနှင့် အလုပ်ပျက်သွားသည်။
You may also like these stories:
မိုးလုံးပြည့် မုသာဝါဒ သို့မဟုတ် စစ်ကောင်စီ၏ မသေသပ်သော ဝါဒဖြန့်ချိရေး ဓာတ်ပြားဟောင်း
အာဏာသိမ်း စစ်ကောင်စီခေါင်းဆောင် စိတ်လွတ်ကိုယ်လွတ် ဖြစ်နေပြီ
မြန်မာစစ်တပ်၏ လုပ်ဇာတ်များအား လျှော့ချခြင်း
အခင်အမင်မပျက်သေးတဲ့ တရုတ်နဲ့ NLD ဆက်ဆံရေး