စစ်အာဏာသိမ်းမှုအပေါ် ဆန့်ကျင်သည့် ပြည်သူလူထု၏ သပိတ်မှောက်မှု (Boycott) ကို ခံနေရသော စစ်တပ်ပိုင် လုပ်ငန်းများနှင့် ဆက်နွယ်နေသည့် လုပ်ငန်းများ၏ လူမှုကွန်ရက်စာမျက်နှာများကိုပါ Facebook က ဖြုတ်ချလိုက်ခြင်းသည် စစ်တပ်အတွက် နောက်ထပ်ထိုးနှက်ချက်တခု ဖြစ်သည်။
မြန်မာစစ်တပ်၏ ပြည်သူလူထုအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် အကြမ်းဖက်မှု လုပ်ရပ်များကို ဆက်တိုက် ကျူး လွန်လျက် ရှိခြင်းကြောင့် စစ်တပ် ထိန်းချုပ်မှုအောက်ရှိ စီးပွားရေးလုပ်ငန်း ကိုယ်စားပြုစာမျက်နှာ (Pages)၊ အဖွဲ့ (Group) နှင့် အကောင့် (Accounts) များကို ဒီဇင်ဘာ ၇ ရက်မှ စတင်ကာ ဖြုတ်ချလိုက်ကြောင်း Meta ကုမ္ပဏီက သတင်းထုတ်ပြန် ထားသည်။
Meta ကုမ္ပဏီက “စစ်တပ်အနေနဲ့ ဆက်တိုက် ကျူးလွန်လျက်ရှိတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ အကြမ်းဖက်မှု လုပ်ရပ်တွေအတွက် အဆိုပါ စီးပွားရေးလုပ်ငန်းတွေမှ ငွေကြေးဆိုင်ရာ ထောက်ပံ့မှုမှာ တိုက်ရိုက် ပါဝင်လျက် ရှိတယ် ဆိုတာကို နိုင်ငံတကာ အသိုင်းအဝိုင်းက စုစည်းတင်ပြထားတဲ့ အချက်အလက်တွေအပေါ် အခြေခံကာ ယခုလို အရေးယူဆောင်ရွက်မှုကို လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပါတယ်” ဟု ဆိုသည်။
Facebook မှ ဖြုတ်ချခံလိုက်ရသည့် စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းများတွင် ဆက်သွယ်ရေးအော်ပရေတာ MyTel၊ မြဝတီ ဘဏ်၊ မြန်မာဘီယာ၊ Ruby Mart ဈေးဝယ်စင်တာ စသည့် ဒါဇင်နှင့်ချီသော စီးပွားရေးလုပ်ငန်းများအပြင် အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ သားနှင့်သမီး ပိုင်ဆိုင်သော အောင်မြင့်မိုရ်မင်း အာမခံကုမ္ပဏီ၊ The Yangon Gallery၊ ရုပ်ရှင်ထုတ်လုပ်ရေးနှင့် ဖျော်ဖြေရေးကုမ္ပဏီများ ဖြစ်သည့် Stellar Seven၊ Seventh Sense (7th Sense) ကုမ္ပဏီများ၏ စာမျက်နှာများလည်း ဖယ်ရှားပစ်ခံရသည်။
ဆက်သွယ်ရေးအော်ပရေတာ MyTel ၏ လူမှုကွန်ရက်စာမျက်နှာမှာမူ စက်တင်ဘာ ၁ ရက်မှ စတင်ပြီး ပြန်လည် အသက် ဝင်လာကာ ဈေးကွက်မြှင့်တင်ရေး အစီအစဉ်များနှင့် ကြော်ငြာများ ဆက်တိုက် လုပ်ဆောင်လာချိန်တွင် ယခုကဲ့သို့ ဖြုတ်ချ ခံလိုက်ရခြင်း ဖြစ်သည်။
ထို့ပြင် စစ်တပ်အာဏာသိမ်းပြီးနောက်မှ ဖွင့်လှစ်ခဲ့သော တပ်ချုပ်သမီးပိုင် မိုးကောင်းရတနာဆေးရုံ၏ စာမျက်နှာလည်း Facebook မှ ဖြုတ်ချခံရသည်။
“သူတို့ရဲ့ ထုတ်ကုန်တွေက Brand Image မှာ ဇောက်ထိုးဖြစ်နေရာကနေ အခုဆိုရင် ဆိုရှယ်မီဒီယာပေါ်မှာပါ လူရာ မဝင်တော့ဘူး ဖြစ်သွားတာပေါ့” ဟု ပြည်တွင်းကြော်ငြာအေဂျင်စီတခုတွင် ဒစ်ဂျစ်တယ် ဈေးကွက်ရှာဖွေရေးဌာနတွင် လုပ်ကိုင်နေသူ တဦးက ဧရာဝတီသို့ ပြောသည်။
စစ်တပ်နှင့် ဆက်နွယ်နေသော စီးပွားရေးလုပ်ငန်းများသည် တခြားသော ဝက်ဘ်ဆိုဒ်၊ တယ်လီဂရမ် (Telegram) နှင့် LinkedIn စသည့် ဒစ်ဂျစ်တယ်ပလက်ဖောင်းများသို့ ပြောင်းရွှေ့နိုင်သော်လည်း ထိုပလက်ဖောင်းများသည် မြန်မာပြည် တွင်း၌ သုံးစွဲသူ အနည်းငယ်သာရှိကြောင်း ၎င်းက ဆိုသည်။
ဆက်လက်၍ ၎င်းက “လူတွေက တခုခုဆိုရင် Facebook ပေါ်မှာပဲ တက်ရှာကြတာဆိုတော့ အခုဆိုရင် မြန်မာဘီယာကို ရှာမရတော့ဘူး။ MyTel သုံးစွဲသူတွေအတွက် သူတို့အချင်းချင်း ဘယ်လိုမျိုး ပက်ကေ့ချ်တွေရှိလဲ ဆိုတာကို Facebook ပေါ်မှာ ရှာမရနိုင်တော့ဘူး။ သူတို့ ထုတ်ကုန်တွေရဲ့ Engagement နဲ့ Product Visibility သေချာပေါက် ကျသွားမှာ” ဟု ပြောဆိုသည်။
မြန်မာနိုင်ငံတွင်း၌ Facebook သုံးစွဲသူ ဦးရေသည် လူဦးရေ၏ ထက်ဝက်ခန့် ဖြစ်သော လူ ၂၅ သန်းအထိ အသုံးပြုလျက် ရှိပြီး စစ်အာဏာသိမ်းပြီးနောက် မြို့နယ်တချို့ကို အင်တာနက်များ ဖြတ်တောက်ခြင်းနှင့် အသုံးပြုမှုများ ကန့်သတ်ထားခြင်း ကြောင့် သုံးစွဲသူ ဦးရေသည် ၅ သန်းနီးပါး လျော့ကျလျက် ရှိကြောင်း ကြော်ငြာအေဂျင်စီ လုပ်ငန်းတချို့၏ စစ်တမ်းများ အရ သိရသည်။
“သူတို့အတွက် လူထုရဲ့ Boycott ကတော့ အကြီးမားဆုံးသော စီးပွားရေးအရ ထိခိုက်မှုပဲ။ ဒီထက်ကိုကျော်ပြီး တခြားဟာ ကတော့ ထပ်ပြီး မထိခိုက်နိုင်တော့ဘူး” ဟု ဒစ်ဂျစ်တယ်ဈေးကွက်ရှာဖွေရေးလုပ်ငန်းတွင် နှစ်အတန်အကြာ အတွေ့အကြုံ ရှိသည့် ကိုအာကာက သုံးသပ်ပြောဆိုသည်။
အများပြည်သူလူထု၏ သပိတ်မှောက်မှုကြောင့် စစ်တပ်ပိုင် အဓိက စီးပွားရေးလုပ်ငန်းကြီး ၂ ခု ဖြစ်သော MyTel နှင့် မြန်မာဘီယာ လုပ်ငန်းတို့သည် စီးပွားရေးအရ အဓိက ဆုံးရှုံးနစ်နာမှု ဖြစ်ခဲ့သည်။
အာဏာသိမ်းပြီးနောက် ၃ လအတွင်းမှာပင် MyTel သည် အနည်းဆုံး အမေရိကန် ဒေါ်လာ ၂၅ သန်းခန့် ထိခိုက် နစ်နာခဲ့ ပြီး မြန်မာဘီယာ ထုတ်လုပ်သော မြန်မာဘရူဝါရီကုမ္ပဏီ၏ ဘီယာရောင်းအားသည်လည်း ၄၀ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ ပြီး ထိုပမာဏသည် အမေရိကန်ဒေါ်လာ ၈၆ သန်းကျော်အထိ ရှိကြောင်း အရပ်ဖက်အဖွဲ့အစည်းများနှင့် ထိုကုမ္ပဏီများ၏ ထုတ်ပြန်ချက်များအရ သိရသည်။
စစ်တပ် စီးပွားရေးလုပ်ငန်းများ အနေဖြင့် ရုပ်သံလိုင်းများနှင့် ရေဒီယို အစီအစဉ်များဘက်က ကြော်ငြာများ ပိုထည့်နိုင်သော် လည်း ထို့အတွက် ကုန်ကျစရိတ်သည် Facebook ထက် လွန်စွာများပြားသလို ကြည့်ရှုသူနှုန်း မည်မျှထိ ရရှိသည်ကို လည်း သေချာမသိရှိနိုင်ကြောင်း ကိုအာကာက ပြောသည်။
၎င်းက “တီဗွီမှာက စက္ကန့်ပိုင်းကြော်ငြာတခုရဲ့ ဈေးနှုန်းက ၁ လကို ဒေါ်လာ ၆၀,၀၀၀ ဝန်းကျင်လောက်အထိ ရှိတယ်။ လူ ဘယ်လောက် ကြည့်မလဲ ဆိုတာလည်း မသိနိုင်ဘူး။ Facebook မှာဆိုရင် အဲဒီထက် သက်သာတဲ့ နှုန်းထားနဲ့ ကိုယ့်ထုတ် ကုန်ကြော်ငြာက လူဘယ်နှစ်ယောက်ဆီ ရောက်သွားလဲဆိုတာက အတိအကျ သိရတယ်” ဟု ပြောသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် အင်တာနက်သုံးစွဲနိုင်မှု အကန့်အသတ်များကြောင့် စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းများ အပြင် အခြားစီးပွားရေးလုပ်ငန်းများပါ Facebook ပေါ် ဈေးကွက်မြှင့်တင်ရေး အစီအစဉ်များနှင့် အခြားသောကြော်ငြာကိစ္စ ရပ်များသည် နှေးကွေးနေပြီး ယခုကဲ့သို့ ဖယ်ရှားခံရသည့်အတွက် စီးပွားရေးအရ အနည်းငယ်သာ ထပ်မံ ထိခိုက်နိုင်သော် လည်း ထိုကုမ္ပဏီ၏ ဂုဏ်သိက္ခာပိုင်းဆိုင်ရာ ထိခိုက်မည်က အသေအချာပင် ဖြစ်သည်ဟု ဆိုသည်။
You may also like these stories:
ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးမှ ဖယ်ထုတ်မှု ဒီမိုကရေစီလမ်းကြောင်း တခေတ်ပြောင်းလာစေ
မြန်မာအတိုက်အခံများကို တနေရာပေးရန် ASEAN အတွက် အချိန်ကျပြီ
တော်လှန်ရေးကို အရှိန်အဟုန် မြှင့်လိုက်တယ်