ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသည့် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် မင်းတပ် မြို့ နယ်ပြည်သူ့ကာကွယ်ရေးတပ် (CDF-မင်းတပ်)တို့အကြား ယနေ့အထိ သုံးရက်ဆက်ထိတွေ့တိုက်ပွဲဖြစ်နေကြောင်း CDF-မင်းတပ် ပြောရေးဆိုခွင့်ရှိသူ ကိုယောမာန်က ဧရာဝတီသို့ ပြောသည်။
မင်းတပ်မြို့နယ်နှင့် နယ်မြေထိစပ်နေသည့် ယောဒေသ ကျောက်ထုနှင့် ထီးလင်းအခြေစိုက် တပ်ရင်းများက စစ်ကြောင်း နှစ်ကြောင်းခွဲကာ ဒီဇင်ဘာ ၂၀ ရက်နေ့က စတင်ဝင်ရောက်လာခြင်းဖြစ်ကြောင်းလည်း သိရသည်။
ကိုယောမာန်က “သူတို့ (စစ်ကောင်စီတပ်) သွားလာလှုပ်ရှားတာများပေမယ့် ထိတွေတိုက်ခိုက်တာတော့နည်းနေတယ်၊ ဟိုရွာ ဝင်၊ ဟိုတောထဲဝင်နဲ့ တိုက်ပွဲလည်းအဖြစ်မခံ ရှောင်ပြီးတောထဲလှည့်ပတ်နေတာပေါ့၊ အဓိကတော့ CDF တွေကို ဂနာမငြိမ် ဖြစ်အောင်၊ စစ်ပမ်းအောင်လုပ်နေတဲ့သဘောပေါ့” ဟု ပြောသည်။
ယနေ့နေ့လည် တနာရီခန့်တွင် မင်းတပ်မြောက်ဘက်ရှိ ဝမ္မသူရွာတွင် အထိုင်ချခဲ့သည့် စစ်ကောင်စီတပ်နှင့် ထိတွေတိုက်ခိုက် မှုရှိခဲ့ပြီး ထိခိုက်သေဆုံးမှုအခြေအနေအား မသိရသေးကြောင်းလည်း ၎င်းကပြောသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၂၀၊ ၂၁ ရက်နေ့တို့တွင် မင်းတပ်မြို့နယ်၊ ရှစ်မွှေးရွာ၊ အောက်လာပန်းရွာနှင့် ဝမ္မသူရွာတို့အနီး တိုက်ခိုက်မှု များတွင် စစ်ကောင်စီဘက်က ၂ ဦးသေဆုံးကာ ဒဏ်ရာရသူအချို့ရှိခဲ့ပြီး CDF-မင်းတပ်ဘက်က တပ်ဖွဲ့ဝင် တဦးလည်း ဒဏ် ရာရရှိခဲ့ကြောင်း သိရသည်။
CDF-မင်းတပ် တပ်ဖွဲ့ဝင်များအနေဖြင့် ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ယော-PDF) နှင့် ပူးပေါင်းကာ ယောဒေသ အတွင်း ပူးတွဲတိုက်ခိုက်မှုများလည်း ပြုလုပ်လျှက်ရှိသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၁၂ ရက်နှင့် ၁၃ ရက်နေ့ကလည်း ကျောက်ထုမြို့နယ်၊ ကျည်းရွာနှင့် လယ်ဆောရွာအနီး၌ အင်အား ၇၀ ကျော်ဖြင့် စစ်ကြောင်းထိုးဝင်လာသည့် စစ်ကောင်စီတပ်အား CDF-မင်းတပ်နှင့် ယော PDF ပူးပေါင်းအဖွဲ့က ခြုံခိုတိုက်ခိုက် ခဲ့ပြီး စစ်ကောင်စီဘက်က ၁၀ ဦးခန့်ကျဆုံးကာ ဒေသခံများထံက ၎င်းတို့လုယူသွားသည့် ရွှေနှင့်ငွေပစ္စည်းအချို့အား ပြန် လည်သိမ်းဆည်းရရှိခဲ့ကြောင်း CDF – မင်းတပ်က ပြောထားသည်။
မကွေးတိုင်းနှင့် ချင်းပြည်နယ်အစပ် ယောဒေသအတွင်းနှင့် မင်းတပ်၊ ကန်ပက်လက်မြို့နယ်တို့တွင် CDF များနှင့် ယောဒေ သ PDF များ ပူးပေါင်းကာ စစ်ကောင်စီတပ်များအား ခုခံတိုက်ခိုက်မှုများ ပြုလုပ်လျှက်ရှိပြီး ဒေသတွင်း ပျူးစော ထီးအဖွဲ့ဝင်များနှင့် စစ်တပ်သတင်းပေး ဒလန်များအား တိုက်ခိုက်မှုများ မြင့်တက်လာနေကြောင်းလည်း ဒေသကာကွယ်ရေး တပ်ဖွဲ့များက ပြောထားသည်။
ယခု မင်းတပ်မြို့နယ်အတွင်း စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကောင်စီတပ်များမှာလည်း ကျောက်ထုမြို့နယ်အတွင်း ထိတွေ့တိုက်ခိုက်မှုဖြစ်ပွားခဲ့သည့် တပ်ရင်းများသာဖြစ်ပြီး ၎င်းတို့ဝင်ရောက်ကာ တပ်စွဲသည့် ကျေးရွာဒေသခံများမှာ နေအိမ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရမှုများရှိကြောင်း သိရသည်။