ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ မှော်စီစာကျေးရွာအပိုင် သာယာကုန်းကျေးရွာအတွင်း တရား မဝင် ကျောက်တူးမှုများကြောင့် ကုမ္ပဏီလုပ်ကွက်တခုတွင် ယနေ့ နံနက် ၄ နာရီဝန်းကျင်က မြေစာပုံ ထပ်မံပြိုကျမှု ဖြစ်ပွား ခဲ့ပြီး လူ ၁၀၀ နီးပါး ပျောက်ဆုံးလျက် ရှိကြောင်း သိရသည်။
သာယာကုန်းကျေးရွာ ဒေသခံတဦးက “အဲဒီလို ပြိုကျတော့ အနားမှာရှိတဲ့ ဈေးဆိုင်ခန်းတွေရော၊ ဈေးရောင်းတဲ့ သူတွေရော ပါသွားတယ်လို့ ပြောတယ်။ ဈေးသည်တွေကလည်း မိုးကာတဲ ထိုးပြီးတော့မှ ရောင်းနေကြတာ တော်တော် များတယ်။ လေးကောင်ဂျင်၊ ခြောက်ကောင်ဂျင် စတဲ့ လောင်းကစားဝိုင်းတွေရော အားလုံးကတော့ စုံနေတာပဲ။ အဲဒီနေရာ က ပုံမှန်ဆိုရင် အဲဒီနားမှာ ရေမဆေးကျောက်ရှာတဲ့သူက လူ ၂၀၀ ဝန်းကျင်လောက် ရှိတယ်။ အဲဒီတော့ ခန့်မှန်းအရပေါ့ လေ။ လူ ၁၀၀ လောက်တော့ ပျောက်ဆုံးနေတယ်” ဟု ဧရာဝတီကို ပြောသည်။
အဆိုပါ မြေစာပုံပြိုကျမှုမှာ ယခုလအတွင်း ဒုတိယအကြိမ် ဖြစ်ကြောင်း၊ မိုးတွင်းပိုင်း၌ ရေနှင့်မျှောတိုက်ကာ ရွှေ နှင့် ကျောက်မျက်များ ထပ်မံရှာဖွေရန် ရည်ရွယ်ချက်ဖြင့် စိန်စိန်ကျောက်မျက်ရတနာ ကုမ္ပဏီလုပ်ကွက်ဟောင်းနေရာ ရေ အိုင်နားတွင် မြေစာလာပုံထားရာမှ ပြိုကျသွားခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် သုခဒါယီလူမှုရေးအသင်းအဖွဲ့ဝင် တဦးက “မနက်ကတော့ အသက် ၄၀ အရွယ် အမျိုးသားအလောင်း ၁ လောင်း တွေ့တယ်။ မြေစာပုံပြိုကျတဲ့ အထဲမှာတော့ ဈေးရောင်းတဲ့ဆိုင် ၃ ဆိုင်က ကောင် မလေး ၃/၄ ယောက်လည်း ပြုတ်ကျတဲ့အထဲ ပါသွားတယ် ပြောတယ်။ လောလောဆယ်တော့ ရှာဖွေနေတုန်းပဲ” ဟု ဆို သည်။

လက်ရှိတွင် မြေစာပုံ ပြိုကျရာ သာယာကုန်းသို့ လူမှုပရဟိတအဖွဲ့များ ရောက်ရှိနေပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင် ရွက်နေကြောင်း၊ ဖောင်ပေါ်တင်နေသည့် လူ ၄၀ ဦးခန့်အား ကယ်ဆယ်လိုက်နိုင်ပြီး ကျန်သူများကို ထပ်မံရှာဖွေနေဆဲ ဖြစ် ကြောင်း သိရသည်။
အမည်မဖော်လိုသူ ဒေသခံတဦးက “တရားမဝင် ခိုးတူးကြတာပေါ့။ အခုက တရားမဝင် ခိုးတူးရင်း မြေစာပုံလို့ ပြိုကျတာ။ အဓိကတော့ တိုင်းပြည်ရဲ့ လက်နက်ကိုင်ဆောင်ထားသူတွေက တိုင်းပြည်ရဲ့ သယံဇာတကို အမဲဖြတ်သလို ဝိုင်းဖြတ်နေတဲ့ အခါကျတော့ ပြည်သူအနေနဲ့တော့ လက်ခံနိုင်စရာ အကြောင်းမရှိဘူး။ သွားပြောလို့လည်း မကောင်းဘူး။ သူတို့မှာက လက်နက် ရှိတယ်ဆိုတော့။ လက်နက်ကိုင် အချင်းချင်းကတော့ တခြားနေရာမှာ မတည့်ပေမယ့် သယံဇာတ ခွဲဝေတဲ့နေရာ မှာတော့ တည့်ကြတယ်။ မှော်တိုင်းလိုလို တူးနေကြတာပဲ” ဟု ပြောဆိုသည်။
ဖားကန့်ရတနာမြေတွင် ယခင်အစိုးရ အဆက်ဆက်ကတည်းက တရားမဝင် တူးဖော်မှုများရှိခဲ့ပြီး ယခု စစ်တပ်က အာဏာ သိမ်းပြီး နောက်ပိုင်းတွင်လည်း လက်နက်ကိုင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များ ပူးပေါင်း၍ လိုင်စင်သက်တမ်း ကုန်သော် လည်း စက်ယန္တရားကြီးများဖြင့် ကုမ္ပဏီများက တူးဖော်နေကြခြင်း ဖြစ်သည်ဟု ၎င်းက ပြောသည်။
၎င်းကဆက်၍ “ဒီပြည်နယ်ရဲ့ သယံဇာတတွေက ဌာနေတိုင်းရင်းသားတွေ ပိုင်တာမှန်ပေမယ့် အခု လုပ်ကိုင်စားသောက်နေတာက နိုင်ငံခြားသားတွေ။ တရုတ်တွေ၊ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေ၊ ရွှေ့ပြောင်းလုပ်သားတွေ၊ လက်နက်ကိုင်တွေ ပူးပေါင်းပြီး မှ ဆောင်ရွက်နေကြတာ။ ကျနော်တို့ အနေနဲ့ကတော့ ကန့်ကွက်တယ်။ သဘောမတူဘူး။ ကချင်ပြည်သူတွေက ခံစားခွင့် မရှိဘူး။ ဒေသခံက လက်နက်ကိုင်ကို ပြောပြီး တူးမယ်ဆိုတောင်မှ ကျောက်ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ၅ ပုံ ၁ ပုံ ပေးရ တယ်” ဟု ရှင်းပြသည်။

ဖားကန့်ရှိ ကျောက်စိမ်းလုပ်ကွက်များ အားလုံးသည် ၂၀၂၁ သြဂုတ်လကတည်းက တူးဖော်ခွင့် လိုင်စင်သက်တမ်းများ ကုန်ဆုံးသွားပြီ ဖြစ်သော်လည်း လက်ရှိ တူးဖော်နေသည့် လုပ်ငန်းရှင်များသည် စစ်ကောင်စီ လက်အောက်ခံ တပ်မ ၃၃နှင့် တိုင်းရင်သားလက်နက်ကိုင်အဖွဲ့များ စသည်တို့ကို လစဉ်ကြေးသဘောမျိုးပေးကာ နားလည်မှုဖြင့် လုပ်ကိုင်နေ ကြခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ဖားကန့်ရတနာမြေတွင် မြန်မာနိုင်ငံအနှံ့မှ လာရောက်ပြီး ရွှေ့ပြောင်းလုပ်ကိုင်သူ ၂ သိန်း ဝန်းကျင် ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၁၉ ရက်ကလည်း ဖားကန့်မြို့၊ ကျောက်စိမ်းလုပ်ကွက် ဖြစ်သည့် မနမှော် မြေစာပုံ ပြိုကျသောကြောင့် ရေမဆေးကျောက်ရှာဖွေသူ ၁၀ ဦးထက်မနည်း ပျောက်ဆုံးမှု ရှိခဲ့ပြီး ယနေ့ ရုပ်အလောင်း ၄ လောင်း ရှာဖွေတွေ့ရှိခဲ့ ကြောင်း သိရသည်။
ကျောက်စိမ်းတူးဖော်ရေး လုပ်ကွက်များတွင် ယခုကဲ့သို့ မြေစာပုံ မကြာခဏ ပြိုကျလေ့ရှိပြီး အသက်ဆုံးရှုံးမှုများ ရှိခဲ့ကာ ပြီးခဲ့သည့် ၂၀၂၀ ဇူလိုင်လက ဖြစ်ပွားခဲ့သော ဝှေခါးကျေးရွာရှိ မြေစာပုံ ပြိုကျမှုမှာ အဆိုးရွားဆုံးဖြစ်ပြီး ရေမဆေးကျောက် ရှာဖွေသူ ရာနှင့်ချီ၍ သေဆုံးခဲ့သည်။
ယခုလဆန်းပိုင်းက စစ်ဆေးရေးရှိသဖြင့် ဟုဆိုကာ ဆက်ကြေးပေးပြီး ကျောက်စိမ်းတူးဖော်နေသည့် ကုမ္ပဏီများ၏ လုပ် ငန်းခွင်အား ခေတ္တရပ်နားရန်နှင့် စက်ယန္တရားများ ဖွက်ထားရန် တပ်မ ၃၃ က ညွှန်ကြားချက်ဖြင့် လုပ်ငန်းရှင်များကို ပြော ကြားပြီးနောက် လုပ်ငန်းများ ရပ်နားခဲ့သော်လည်း ယခုလလယ်ပိုင်းမှစပြီး တရားမဝင် ကျောက်မျက် တူးဖော်ရေးလုပ်ငန်း များ စတင်နေခြင်း ဖြစ်ကြောင်း သိရသည်။
ဖားကန့် ရတနာနယ်မြေ၊ ခန္တီး၊ နန့်ယားနှင့် မော်လူးမော်ဟန် ကျောက်မျက်ရတနာမြေတို့ အပါအဝင် ဓာတ်သတ္တု အရိုင်း တူးဖော်ရေး လုပ်ငန်းအားလုံးကို အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေး ဝန်ကြီးဌာနက အောက်တိုဘာ ၇ ရက်တွင် တားမြစ်ထားသည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ သယံဇာတဝန်ကြီး ဒေါက်တာ တူးခေါင်ကလည်း သားစဉ်မြေးဆက် စားသုံးနိုင် ရန်အတွက် ကျောက်မျက်တူးဖော်ခြင်း လုပ်ငန်းများကို ရပ်နားထားရန် တရားဝင် ထုတ်ပြန်ထားသည်။