ထိုင်း- မြန်မာနယ်စပ်ရှိ ငြိမ်းချမ်းရေးမြို့လေးဟု သညာတင်ထားသော လေးကေကော်မြို့သစ်တွင် စစ်တပ်ကို ယှဉ်ပြိုင် တိုက်ခိုက်နေသည့် PDFများ၊ CDM ဝန်ထမ်းများ၊ နိုင်ငံရေးလှုပ်ရှားသူများ ခိုလှုံနေသည်ဟု ဆိုကာ ဒီဇင်ဘာ ၁၅ရက်က စစ်ကောင်စီတပ်များ ဝင်ရောက်ဖမ်းဆီးရာမှစ၍ တိုက်ပွဲများဖြစ်ပွားနေရာ ဒုက္ခသည်အမြောက်အမြား ထိုင်းနိုင်ငံဘက် သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။
လေးကေကော်မြို့သစ်မှ အစပြုသည့် တိုက်ပွဲသည် မယ်ထော်သလေး၊ မေတ္တာလင်းမြိုင်၊ဖလူးစသည့် ဒေသများကိုသာမက ကောကရိတ်နယ်အထိပါ ခြေဆန့်လာနေပြီဖြစ်ရာ လေးကေကော် မြို့တွင်းတိုက်ပွဲများတွင် အသေအပျောက်များခဲ့သည့် စစ်ကောင်စီတပ်သည် စွယ်တော်ကုန်းပေါ်မှ လက်နက်ကြီးများနှင့် ပစ်ခတ်မှုကြောင့် ထိုင်းဘက်သို့ ထွက်ပြေးသည့် ဒုက္ခသည်များ အများအပြားရှိလာသည်။
ထိုင်းဘက်သို့ လက်နက်ကြီးကျည် ကျသဖြင့် ထိုင်းစစ်တပ်က သတိပေးပစ်ခတ်မှု တချို့ ပြုလုပ်ခဲ့သလို တရားဝင်ကန့် ကွက်မှုလည်းပြုလုပ်ခဲ့သည်။
အထိနာသွားသော စစ်ကောင်စီက လေကြောင်းကပါ တိုက်ခိုက်မည့် အရိပ်အယောင်များ တွေ့မြင်လာသဖြင့် ကရင်အမျိုး သား အစည်းရုံး (KNU)က လေကြောင်းမပျံသန်းရဇုန် သတ်မှတ်ပေးရန်နှင့် စစ်ကောင်စီတပ်များ ရုပ်သိမ်းရန် စာထုတ်ကာ တောင်းဆိုခဲ့ပြီး ယမန်နေ့တွင်မူ လေးကေကော်တွင် တိုက်ပွဲများ အနည်းငယ် ငြိမ်သက်သွားခဲ့သည်။
ထိုသို့ လေးကေကော်ဒေသသို့ ဝင်ရောက်လာသည့် စစ်ကောင်စီတပ်များ၏ စစ်ဆင်ရေးများ အကြီးအကဲမှာ အမှတ် (၄) စစ်ဆင်ရေး အထူးအဖွဲ့မှူး ဒုတိယ ဗိုလ်ချုပ်ကြီး အောင်စိုးဖြစ်ပြီး၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်အတွင်း ကမ်းရိုးတန်းတိုင်းမှ တပ်တချို့ကို အမိန့်ပေးကာ တိုက်ခိုက်စေခဲ့ခြင်းဖြစ်သည်။
ပြည်ထဲရေး ဒုဝန်ကြီးဟောင်း ဒု ဗိုလ်ချုပ်ကြီး အောင်စိုးမှာ စစ်တက္ကသိုလ် အပတ်စဉ်၂၆ ဆင်းတဦး ဖြစ်ပြီး ကာကွယ်ရေး ဦးစီးချုပ် (လေ) ဗိုလ်ချုပ် ကြီး မောင်မောင်ကျော်နှင့်လည်း ရင်းနှီးခင်မင်ကြသလို စစ်တက္ကသိုလ် တပတ်စဉ်တည်း တက် ရောက်သူလည်း ဖြစ်သည်။
ဒု ဗိုလ်ချုပ်ကြီး အောင်စိုး၏ ဇနီးဖြစ်သူ ဒေါ်ဆွေဆွေမြင့်မှာ မြစ်ကြီးနားသူဖြစ်ပြီး ရဲအောင်စိုး၊ လင်းအောင်စိုးနှင့် ဒေါက်တာ ရန်အောင်စိုးဆိုသည့် သားသုံးယောက် ရှိပြီး သားများမှာ ဆောက်လုပ်ရေးလုပ်ငန်းနှင့် ဆေး ပစ္စည်းတင်သွင်းသည့် လုပ်ငန်းများကို လုပ်ကိုင်ကြသည်။
ထို့အပြင် ၎င်းတို့မိသားစုပိုင် Greenland Pharmaceutical Holdings Co., Ltdက သြစတြေးလျနိုင်ငံထုတ် Black More အားဖြည့်အချိုရည်ကိုလည်း မြန်မာနိုင်ငံသို့ တင်သွင်း ဖြန့်ဖြူး သည့် လုပ်ငန်းကိုလည်း လုပ်ကိုင်သည်။
စစ်ဆင်ရေး အထူးအဖွဲ့မှူး ဒု ဗိုလ်ချုပ်ကြီး အောင်စိုး၏ စစ်သားဘဝကို ပြန်ကြည့်လျှင် ဒုတပ်ရင်းမှူး တာဝန် မထမ်းဆောင် ဘူးဘဲ တပ်ရင်းမှူးဖြစ်လာသူဖြစ်သည့်အတွက် စစ်ဆင်ရေး အတွေ့အကြုံနည်းသူ ဟူ၍လည်း သုံးသပ်ရသည်ဟု တပ်မတော် အရာရှိဟောင်း အချို့က ဆိုသည်။
“သူ ဒုတပ်ရင်းမှူး ဖြစ်တဲ့အချိန် ပါကစ္စတန်မှာ သင်တန်း သွားတက်နေရတယ်။ စစ်ဆင်ရေး မလုပ်ဖူးဘူး” လို့CDM စစ်ဗိုလ်တဦးက ပြောသည်။
ထို့ပြင် ဒု ဗိုလ်ချုပ်ကြီး အောင်စိုးသည် ဗိုလ်မှူးကြီးရာထူးဖြင့် တိုင်း သို့မဟုတ် တပ်မဌာနချုပ်များမှာ စစ်ဦးစီး ပထမတန်း G1 တာဝန် မထမ်းဆောင်ခဲ့ဘဲ တိုင်းမှူး ဖြစ်လာသူလည်း ဖြစ်သည်။ သို့သော် သူသည် ဗိုလ်မှူးကြီး ရာထူးဖြင့် စစ်တက္က သိုလ် (DSA) တွင် နည်းပြအရာရှိချုပ် တာဝန် ထမ်းဆောင်ခဲ့သည်။
စစ်တက္ကသိုလ်တွင် နည်းပြ အရာရှိချုပ် တာဝန် ထမ်းဆောင်ပြီးသည့်နောက် စစ်ကိုင်းမြို့ အခြေစိုက် တပ်မ ၃၃ ၏ တပ်မမှူး ဖြစ်လာခဲ့သည်။ ထို့နောက် DSTA ကျောင်းအုပ်ကြီး တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၀ ပြည့်နှစ်တော့ ဗိုလ်ချုပ် ရာထူးဖြင့် လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) တိုင်းမှူး ဖြစ်လာခဲ့သည်။
ဗိုလ်ချုပ် အောင်စိုး ရမခ တိုင်း မှူးအဖြစ် တာဝန်ထမ်းဆောင်နေသည့် ကာလအတွင်း ဦးဖုန်ကြားရှင် ဦးဆောင်သည့် ကိုးကန့်တပ်ဖွဲ့နှင့် တပ်မတော် ကြား ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလက တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ရာ တပ်မတော်ဘက်မှ တပ်ရင်းလိုက် ထိခိုက်ကျဆုံးများရှှိိခဲ့သည်။ ထို့ပြင် တိုက်ပွဲအတွင်း တပ်မတော် ဘက်က ပစ်ခတ်သည့် လက်နက်ကြီး ကျည်များနှင့် လေယာဉ်ပေါ်မှ ကြဲချသောဗုံးများ တရုတ်နိုင်ငံဘက် ကျရောက်ခဲ့သည့် အတွက် တရုတ်ဘက်က အကြီး အကျယ် ကန့်ကွက်မှုများလည်း ရှိခဲ့သည်။
ထိုသို့ ထိခိုက်ကျဆုံးမှု များခဲ့သည့်အတွက် ဗိုလ်ချုပ် အောင်စိုးကို အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူးတာဝန်မှ ဖယ်ရှားက သမ္မတ ဦးသိန်းစိန်လက်ထက်တွင် ပြည်ထဲရေးဝန်ကြီးဌာန ဒုဝန်ကြီးအဖြစ် တာဝန် ထမ်းဆောင်စေခဲ့သည်။ ပုံမှန်အားဖြင့် တပ်မတော်တွင် ထူးချွန်သော တိုင်းမှူးများအား နောက်တဆင့်အနေဖြင့် ဒု ဗိုလ်ချုပ်ကြီး ရာထူး တိုးပေးကာ စစ်ဆင်ရေး အထူးအဖွဲ့မှူး သို့မဟုတ် အရာရှိချုပ် တာဝန်များ ပေးလေ့ရှိသည်။
ဒု ဗိုလ်ချုပ်ကြီးအောင်စိုးသည် သမ္မတဦးသိန်းစိန် တြိဂံတိုင်း တိုင်းမှူးအဖြစ် တာဝန်ယူစဉ်ကာလက ၎င်း၏လက်အောက် တွင် ဗိုလ်မှူး ရာထူးဖြင့် တာဝန်ထမ်းဆောင်ခဲ့သလို တပ်မတော် ဒုချုပ် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဗထူးကျောင်းအုပ်အဖြစ် တာဝန် ထမ်းဆောင်စဉ်ကလည်း ၎င်း၏လက်အောက်တွင် တာဝန်ထမ်းဆောင်ခဲ့သေးသည်။
ဗိုလ်ချုပ်အောင်စိုးသည် NLD အစိုးရ တက်လာသည့်အချိန်ထိ ပြည်ထဲရေး ဝန်ကြီးဌာနတွင် ဒုဝန်ကြီးအဖြစ် ဆက်လက် တာဝန်ထမ်း ဆောင်ခဲ့ပြီး၂၀၁၈ ခုနှစ် မတ်လဆန်းထိ တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ဒုတိယ ဗိုလ်ချုပ်ကြီး ရာထူးတိုးကာ စစ်ဆင်ရေး အထူးအဖွဲ့မှူး တာဝန်ကို ထမ်းဆောင်လာခဲ့ပါသည်။
အရပ်ဘက်ကို ပြောင်းရွေ့တာဝန်ထမ်းဆောင်ရသူ ဗိုလ်ချုပ်တဦးအား ရာထူးတိုးပေးပြီး စစ်ဘက်တွင် ပြန်လည်တာဝန် ထမ်းဆောင်ခိုင်းသည့်ဖြစ်စဉ်မှာ တပ်မတော်တွင် ရှားပါးသောဖြစ်ရပ် ဖြစ်သည် ဟုလည်း တပ်မတော်အရာရှိဟောင်းကြီးက ပြောဆိုသည်။
“သူ ဒုဝန်ကြီး ဖြစ်တဲ့အချိန်မှာ ပြည်ထဲရေးဝန်ကြီးရော ဒုဝန်ကြီး နှစ်ယောက်ကရော တပ်ချုပ်ကို သတင်းပို့တာတို့အစီရင် ခံတာ သိပ်မရှိဘူး။ သူတယောက်ပဲ တပ်ချုပ်ဆီ သတင်းပို့ အစီရင်ခံတာတို့လုပ်တော့ သူ့ကို သဘောကျသွားတာ ထင် တယ်” ဟုလည်း သမ္မတ ဦးသိန်းစိန်လက်ထက် တာဝန်ထမ်းဆောင်ခဲ့သည့် ပြည်ထောင်စုအဆင့် တာဝန်ရှိသူတဦးက ပြောသည်။
ဗိုလ်ချုပ် အောင်စိုးသည် လားရှိုးမြို့အခြေစိုက် ရမခ တိုင်းမှူး တာဝန်ထမ်းဆောင်စဉ်က ဆက်ဆံရေး ပြေပြစ်သူဟု ပြောဆိုကြသလို စီးပွားရေးသောင်းကျန်းသူ ဟုလည်း လူပြောများကြသည်။ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး တာဝန် ထမ်းဆောင်စဉ်ကာလတွင်လည်း NLD အပါအဝင် လွှတ်တော်ကိုယ်စားလှယ်များနှင့်လည်း ကောင်းမွန်သည့် ဆက်ဆံရေး ရှိခဲ့သည်။
ထို့ပြင် ဗိုလ်ချုပ်အောင်စိုးသည် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင်လည်း ပါဝင်ခဲ့သည့်အတွက် KNU ခေါင်းဆောင်များနှင့် စိမ်းသည့်သူ မဟုတ်ပေ။
လက်ရှိတွင် ၎င်းနှင့် ရင်းနှီးခဲ့သည့်သူများ ဦးဆောင်နေကြသည့် KNLA နဲ့PDF အဖွဲ့များနှင့် တပ်မ တော်ကြား တိုက်ပွဲများ တွင် တိုင်းမှူးများ၏ အထက်မှနေ အမိန့်ပေး ညွှန်ကြားရသည့် အမှတ် (၄) စစ်ဆင်ရေးအထူး အဖွဲ့မှူး ရာထူးကို ယူထား ရသူ ဖြစ်လာသည်။
အလားတူ စစ်တပ်အာဏာသိမ်းမှု မတိုင်မီ ဇန်နဝါရီလအတွင်းက ရွှေကုက္ကိုလ်မြို့သစ် စီမံကိန်းနှင့် ပတ်သက်ပြီး ကရင် နယ်ခြားစောင့်တပ်(BGF) ခေါင်းဆောင်များကို စစ်တပ်က အရေးယူရန် ကြိုးစားသဖြင့် နှစ်ဘက်တင်းမာမှု ဖြစ်ပွားစဉ်က ဒုတိယဗိုလ်ချုပ်ကြီး အောင်စိုးကိုယ်တိုင် မြိုင်ကြီးငူသို့ အပြေးအလွှားသွားရောက်ကာ ညှိနှိုင်းခဲ့သူဖြစ်သည်။
လက်ရှိ စစ်ကောင်စီတပ်များ အခြေအနေမှာ ရှမ်းပြည်မြောက်ပိုင်း တရုတ်- မြန်မာနယ်စပ် မုံးကိုးဒေသတွင် မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ် (MNDAA) ကိုးကန့်တပ်များနှင့် အကြိတ်အနယ်ရင်ဆိုင်နေရသလို ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်တို့တွင် တိုက်ပွဲများနှင့် ရင်ဆိုင်နေရသည်။
ထို့အခြေအနေတွင် ယခင်က နာမည်ကြီး တပ်မများဖြင့် ခက်ခက်ခဲခဲ တိုက်ခဲ့ရသည့် KNU/ KNLA တပ်ဖွဲ့ဝင်နှင့် အမှတ် (၄) စစ်ဆင်ရေး အထူးအဖွဲ့မှူး ဒု ဗိုလ်ချုပ်ကြီး အောင်စိုး ဦးစီးသည့် စစ်ကောင်စီတပ်တို့၏ကြား တိုက်ပွဲများ မည်သို့ ဖြစ်လာမည်လဲ ဆို သည်ကိုမူ မြန်မာပြည်သူများက စောင့်ကြည့်နေကြလျက် ရှိသည်။