ဒီဇင်ဘာလ ၁၅ ရက်မှစ၍ ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ ၆ လှုပ်ရှားရာ လေးကေကော် မြို့သစ နှင့်ပတ်ဝန်းကျင် ရွာအချို့အနီး စစ်ကောင်စီတပ်များက အင်အားသုံး ဝင်ဖမ်းသဖြင့် စစ်ကောင်စီနှင့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) ဦးဆောင်သည့် ပူးပေါင်းတပ်များကြား တိုက်ပွဲများဖြစ်ကာ စစ်ရေး တင်းမာနေ သည်။
ဒီဇင်ဘာလ ၁၇ ရက်မှ စကာ လေးကေကော်မြို့သစ် တောင်ဘက်တွင်ရှိသည့် စစ်ကောင်စီ အမြောက်တပ်ရှိရာ တောင်ကုန်းမှ ၎င်းတို့တပ်များ မဲ့ထော်သလေးရွာဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ကူပေးနေခြင်း ဖြစ်ပြီး အာဏာ သိမ်း စစ်ကောင်စီတပ်များက လက်နက်ကြီးများကို အသုံးပြု တိုက်ခိုက်သလို မြေပြင်တွင်လည်း စစ်ကြောင်းနှင့်အတူ ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (DKBA) တပ်များကို အသုံးပြုတိုက်ခိုက်ခဲ့သည်။
အဆိုပါ တိုက်ပွဲများကြောင့် လေးကေကော်မြို့သစ်နှင့် အနီးတဝိုက် ရွာများဖြစ်သည့် မဲ့ထော်သလေး၊ ပဟိကလော်၊ မင်းလက်ပံ၊ ဖလူးကြီး၊ ဖလူးလေးနှင့် ရသေ့ဂူ အစရှိသည့် ရွာများမှ ဒေသခံ ပြည်သူ ၅၀၀၀ ကျော်သည် စစ်ဘေး ရှောင်နေကြရသည်။
ယင်းစစ်ဘေးရှောင်များထဲမှ လူဦးရေ ၂၀၀၀ ကျော်သည် နယ်ခြားသောင်ရင်းမြစ်ကို ဖြတ်ကာ ထိုင်းဘက်ခြမ်းတွင် စစ်ဘေးရှောင်နေကြပြီး အခက်အခဲများစွာ ရှိနေကြောင်းလည်း သိရသည်။
ထိုသို့ တိုက်ပွဲနှင့် စစ်ဘေးရှောင်များအခြေအနေများအပေါ်တွင် မြို့ပြတွင် နေထိုင်သည့် လူထု၏ သဘောထားအမြင်များကို ဖော်ပြလိုက်ပါ သည်။
ဦးကျော်ဦး
မန္တလေးချမ်းမြသာစည်မြို့နယ်မှ ကျောက်ကုန်သည်
အခုတိုက်ပွဲသတင်းတွေကြောင့် စိတ်မချမ်းသာတာတော့ အမှန်ပဲ။ ဘယ်သူပဲ သေသေ အားလုံးက နိုင်ငံတခုတည်း မှာနေတဲ့ ပြည်သူတွေပဲလေ။ ဒါကြောင့် လက်ရှိဖြစ်နေတဲ့ စစ်ရေး၊ နိုင်ငံရေးအခြေအနေတွေ အားလုံး အမြန် ပြီးစေချင် နေပြီ။ ဒီကိစ္စတွေ အမြန် အဆုံးသတ်ပြီး ငြိမ်းငြိမ်းချမ်းချမ်းဖြစ်ဖို့ မျှော်လင့်မိတာပါပဲ။ အခုက တဖြည်းဖြည်းနဲ့ ဆိုးလာတဲ့ အခြေအနေတွေဆိုတော့ စိတ်ထဲမှာ အတော်ခံစားရတယ်။
လေးကေကော်မှ မဟုတ်ဘူး၊ ချင်းတို့ ကယားတို့ သတင်းတွေလည်း သိနေ ကြားနေရတာပဲလေ၊ ဒီထက် ပိုပြီး ဆိုး တာတွေ ဖြစ်မလာပါစေနဲ့လို့ပဲ ဆုတောင်းနေရတယ်။
မန္တလေးမြို့ခံ ကဗျာဆရာတဦး
နှစ်ဖက်စလုံးမှာတော့ ခံစားချက်တွေက ရှိနေကြမှာပဲ။ အခုလိုတွေ ဖြစ်နေရတာက လက်တဆုတ်စာ အာဏာရူးတွေ ကြောင့် ဖြစ်နေရတာ။ ဒါကို စစ်တပ်ကလူတွေ နားလည်ကြဖို့ လိုတယ်၊ အခုဆိုရင် တိုင်းပြည်က နလန် မထူတော့ဘူး၊ စီးပွားရေး၊ လူမှုရေးကအစ ကဏ္ဍပေါင်းစုံ အနှုတ်လက္ခဏာတွေချည်းပဲ၊ အဲဒါတွေကို ပြန်ကုစားဖို့ဆိုရင် အချိန်မီဖို့ လိုတယ်။
ဦးမြင့်ဦး
စီးပွားရေး လုပ်ငန်းရှင်
လေးကေကော် တိုက်ပွဲတင် မကဘူး။ တခြားသော တိုင်းရင်းသား လက်နက်ကိုင်တွေ၊ PDF တွေနဲ့ သူတို့ ဖြစ်နေတာ က ပြည်သူက ထောက်ခံတဲ့ တိုက်ပွဲတွေ မဟုတ်ဘူး။ သူတို့ရဲ့ အကျိုးစီးပွားပေါ်မှာပဲ အခြေခံပြီးတော့ အာဏာကို ရယူ လိုတဲ့စိတ်နဲ့ အခြေခံပြီး တိုက်တာ ဖြစ်တဲ့အတွက် ကျနော့်အနေနဲ့ကတော့ လုံးဝကို လက်ခံနိုင်စရာ မရှိဘူးလို့ ယူဆ တယ်။ စီးပွားရေးအရတော့ မြင်တဲ့အတိုင်းပဲပေါ့လေ။ ကျနော်တို့ လုပ်ရတဲ့ ဘောင်တွေ ကျဉ်းလာတယ်။ မျိုးစုံပြဿနာ တွေ ရှိပါတယ်။ စစ်ကောင်စီက လုပ်လိုက်တဲ့ အာဏာသိမ်းလိုက်တဲ့အချိန်က စလို့ တနိုင်ငံလုံး စီးပွားရေးလုပ်ငန်းတွေ ကျွမ်းထိုး မှောက်ခုံ ဖြစ်လို့ပဲ။
အသက် ၇၀ ကျော်အရွယ် စစ်မှုထမ်းဟောင်းတဦး
အာဏာစသိမ်းထဲက လူထုကို ဘာမှ စည်းရုံးသိမ်းသွင်းတာ မရှိဘဲ ကောက်ထသိမ်းလိုက်တယ်၊ သူတို့ ပစ်မိန့်ပေး တော့ အောက်ကကောင်တွေလည်း ကျုံးတာပေါ့။ အခုကျတော့ နေရာတိုင်းက ချနေကြပြီ၊ ဘယ်လိုကောင်တွေ ချနေလည်းတော့ မသိဘူး။ အခု နာမည်ကြီးနေတဲ့ လေးကေကော်တိုက်ပွဲဆိုလည်း ဒေသခံရွာသားတွေ ထိုင်းဘက်ကို ကူးပြေးနေရတာတွေ တွေ့တယ်၊ ပြည်သူကို မထိခိုက်အောင် ကာကွယ်ရမှာလေ။
အခု တိုက်ပွဲမှာလည်း တော်တော်အထိနာတယ်၊ ကရင်တွေက လက်နက်တွေလည်း ပိုကောင်းလာပြီ နိုင်ဖို့တော့ မလွယ်လောက်တော့ဘူး၊ ဟိုးအရင် ဝမ်ခတို့၊ မော်ဖိုးကေတို့ ခေတ်ထဲက လေယာဉ်စစ်ကူလာမှ သက်သာတာ၊ တပ် ရင်းမှူးတွေလည်း ကျတာပဲ၊ ခေါင်းဆောင်ကျမှတော့ အောက်က ဘာလုပ်ရမှန်း မသိတော့ဘူး၊ စိတ်ဓာတ်တွေလည်း ကျကုန်ရော။ အာဏာသိမ်းတာကို သဘောမကျဘူး၊ ဒေါ်စုခေတ်တုန်းက ဒီလိုမဖြစ်ဘူးလေ။ အခုလည်း စစ်မှုထမ်း ဟောင်းတွေကို ပြန်ခေါ်နေတယ်။ အမိန့်နဲ့တာဝန်ကို မထမ်းဆောင်ရင် ပင်စင်မပေးတော့ဘူးပြောတယ်၊ ရှေ့တန်းတော့ ထွက်ရမှာမဟုတ်ဘူး၊ ရှေ့တန်းသွားမယ့် သူတွေရဲ့နေရာမှာ၊ နောက်တန်းမှာပေါ့၊ ဝင်ပြီး ထမ်းဆောင်ပေးရမယ်ပြော တယ်။
ရန်ကုန်မြို့နေ ဝန်ထမ်းတဦး
အခုဆိုရင် လေးကေကော်ပေါ့။ စစ်ရှောင်စခန်းတွေလူတွေ လည်း ထပ်ခါထပ်ခါ ရှောင်ရပြန်တယ်။ ရန်ကုန်မှာ အခြေအနေ တည်ငြိမ်နေတယ်လို့ ပြောရပေမယ့် ရန်ကုန်လို မြို့ပြကလူတွေလည်း မျက်နှာလွှဲခဲပစ် မလုပ်နိုင်ကြပါဘူး။ စစ်ရှောင်တွေအတွက် ကူဖို့လှုံ့ဆော်ကြ၊ လှူကြ၊ လိုတဲ့ နေရာတွေကို လှူကြတန်းကြနဲ့ တတ်အားသမျှပါဝင်နေကြတာ တွေ့ရပါတယ်။ ဒီတော်လှန်ရေးက အကျိုးသက်ရောက်မှုတွေကလည်း လူအားလုံးအပေါ် ရိုက်ခတ်မှုတွေ ရှိနေတဲ့အတွက် တက်ညီလက်ညီ တိုက်ကြပြီး အမြန်ဆုံး စစ်အာဏာရှင်တွေကို နိဂုံးချုပ်ဖို့ လိုပါတယ်။
ထားဝယ်မြို့ဒေသခံ လူငယ်တဦး
ဒီ လေးကေကော်ဒေသက ငြိမ်းချမ်းရေး ပြယုဂ်ဒေသတခုဖြစ်တယ်။ ကျနော့်အတွေးထဲမှာ လေးကေကော်နဲ့ ပတ်သက်ပြီး စိတ်ထိခိုက်စရာတွေ အများကြီးဖြစ်တယ်။ စစ်ပွဲဖြစ်နေတာထက်စာရင် စစ်ဘေးရှောင် တွေကို တော်တော်လေး သနားမိတယ်။ စိတ်မကောင်းဖြစ်မိတယ်။ အထူးသဖြင့် ကရင်ပြည်နယ်မှာဆိုရင် ခရစ်ယာန် တွေ များတယ်။ သူတို့ရဲ့ အထွဋ်အမြတ်ထားရာ ကာလမှာမှ စစ်ပြေးနေရတာတွေကို ပိုပြီးတော့တောင်မှ စိတ်မကောင်း ဖြစ်မိတယ်။
You may also like these stories:
လေးကေ့ကော်နှင့် မဲ့ထော်သလေးတွင် တိုက်ပွဲပြင်းထန်
လေကြောင်း တိုက်ခတ်မှုကြောင့် အရပ်သားများ သေဆုံးပြီး နေရပ်စွန့်ခွာ ထွက်ပြေးနေရ