ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ပလက်ဝမြို့နယ်အတွင်း ရခိုင်စစ်ပွဲများကြောင့် ခိုလှုံနေသော စစ်ရှောင်ကျေးရွာ သားများ မှာ စားနပ်ရိက္ခာ ပြတ်လပ်မှုနှင့် ကြုံတွေ့နေရကြောင်း သတင်း ရရှိသည်။
အဆိုပါ ပလက်၀ စစ်ရှောင်ရွာသားများမှာ ၂၀၁၈ခုနှစ်မှ ၂၀၂၀ ခုနှစ်တိုင် ဖြစ်ပွားခဲ့သည့် စစ်တပ်နှင့် ရခိုင်စစ်တပ်(AA) ကြား တိုက်ပွဲများကြောင့် တိမ်းရှောင်နေရသူများဖြစ်ပြီး စစ်ပွဲများ ရပ်တန့်သွားသည့်တိုင် မိုင်းအန္တရာယ်၊ ပြန်လည်ထူ ထောင်ရေး အခက်အခဲနှင့် တိုက်ပွဲများ တကျော့ပြန်ဖြစ်လာမည်ကို စိုးရိမ်သဖြင့် နေရပ်မပြန်နိုင်သေးသည့် သူများ ဖြစ်သည်။
ထိုသူများကို ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP)က လစဉ် ထောက်ပံ့နေသော် လည်း ယခုဒီဇင်ဘာလတွက် ထောက်ပံ့မှု မရှိသေးသည့်အတွက် စားသောက်ရေး အခက်အခဲကြုံတွေ့နေရကြောင်း ပလက်ဝမြို့ ၊ ဝိသုဓာရုံကျောင်းတိုက်တွင် ခိုလှုံနေသော စစ်ရှောင်ကျေးရွာသားတဦးက ပြောသည်။
၎င်းက “ကျနော်တို့ ပုံမှန်ဆိုရင် ဒီဇင်ဘာလ ၂၀ ရက်ကို ရိက္ခာတွေ ရမယ်။ WFP ကတော့ သူတို့ဆီမှာ ဆန်တွေ မရှိ တော့ဘူးလို့ ပြောတယ်။ တချို့ကလည်း ဆန်အစား ငွေပေးမယ်လို့လည်း ပြောတယ်။ တချို့ ကြားတာကလည်း ထောက်ပံ့မှုတွေ မပေးတော့ဘူး လို့လည်း ပြောကြတယ်။ တိတိကျကျတော့ ဘာမှ မသိရဘူး။ အခုတချို့ မိသားစုတွေ ဆိုရင် တော်တော် ခက်ခဲနေကြပြီ” ဟု ဧရာဝတီသို့ ပြောသည်။
ပလက်ဝမြို့ပေါ်ရှိ စစ်ရှောင်များကို ကူညီပေးနေသည့် အရပ်ဘက် လူမှုအဖွဲ့မှ ဦးဇာနိက လမ်းခရီးအခက်အခဲနှင့် ရိက္ခာ ဆန် သယ်ယူရမှု အခက်အခဲကြောင့် WFP အဖွဲ့မှ ဆန်ထောက်ပံ့မည် မဟုတ်တော့ဘဲ ငွေကြေးထောက်ပံ့မည်ဟု ကြား သိရကြောင်း ဆိုသည်။
ဦးဇာနိက “ရိက္ခာဆန်တွေတော့ မရတော့ဘူး။ WFP က ဆန်အစား ငွေထောက်ပံ့ပေးမယ် ဆိုတာလည်းပဲ ဘယ် အချိန်ပေးမယ် ဆိုတာလည်း တိတိကျကျ မသိရဘူး။ သယ်ယူမှု အခက်အခဲကြောင့် ဆန်တော့ ရမှာ မဟုတ်တော့ ဘူး။ သက်ဆိုင်ရာ အဖွဲ့တွေနဲ့ ညှိနှိုင်းတယ်လို့ပဲ လောလောဆယ် ကျနော်တို့ သိရတယ်” ဟု ဧရာဝတီသို့ ပြောသည်။
စစ်တပ်နှင့် ရက္ခိုင်စစ်တပ် (AA) တို့ တိုက်ပွဲများကြောင့် ပလက်ဝမြို့ပေါ်တွင် စစ်ဘေးရှောင် ၆၀၀၀ ကျော် အထိဝင် ရောက်ခိုလှုံခဲ့ရာ တချို့ ကျေးရွာသားများ နေရပ်ပြန်သွားသည့်အတွက် လက်ရှိ အချိန်တွင် စစ်ရှောင်ဦးရေ ၄၀၀၀ ကျော်ရှိ နေသေးကြောင်း သိရသည်။
အလားတူ ပလက်ဝမြို့နယ်၊ ဆမီးမြို့ပေါ်တွင်လည်း စစ်ရှောင်ကျေးရွာသား ၁၀၀၀ နီးပါ နေရပ်မပြန်နိုင်သေးသလို စားနပ်ရိက္ခာ ပြတ်လုလုနီးပါးနှင့် ကြုံတွေ့နေရကြောင်း ဆမီးမြို့ပေါ်ရှိ စစ်ရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူ ဦးပြည့်ဆုက ပြောသည်။
ဦးပြည့်ဆုက “ဒီလအတွက်တော့ ရိက္ခာရသေးတယ်။ နောက်လဆို မပေးတော့ဘူးလို့လည်း ပြောတယ်။ ကျနော်တို့ ကြားတာ့ အထက်မှာ ညှိနှိုင်းနေတယ်။ ရိက္ခာ ပေးဦးမလား၊ မပေးဘူးလား ဆိုတာ မပြောတတ်ဘူး” ဟု ဧရာဝတီသို့ ပြောသည်။
အာဏာသိမ်း စစ်ကောင်စီသည် ပြီးခဲ့သော အောက်တိုဘာလအတွင်း ပလက်ဝ မြို့ပေါ်တွင် ခိုလှုံနေသော စစ်ရှောင် ကျေးရွာသားများကို စာရင်း ကောက်ယူပြီး နေအိမ်ပြုပြင်စရိတ် အိမ်တလုံးအတွက် ၃၈၆၀၀၀ ကျပ်၊ အသစ်ပြန်လည် ဆောက်လုပ်ရန်အတွက် ၅၈၆၀၀၀ ကျပ်နှုန်းဖြင့် ငွေကြေး ထောက်ပံ့ကာ နေရပ်ပြန်ခိုင်းခဲ့သည်။
သို့သော်လည်း စစ်ရှောင်ကျေးရွာသား အများစုမှာ မိုင်းအန္တရာယ်နှင့် တကျော့ပြန် တိုက်ပွဲ ပြန်လည် ဖြစ်ပွားမည်ကို စိုးရိမ်မှုများ ရှိနေသည့်အတွက် စစ်ရှောင်ဘဝဖြင့်သာ ဆက်လက် ရှိနေသေးသည်။
လက်ရှိအချိန်တွင် ပလက်ဝမြို့နယ်အတွင်း စစ်ကောင်စီက အင်တာနက်လိုင်းများကိုလည်း ဖြတ်တောက်ထားပြီး ရေ လမ်း၊ ကုန်းလမ်းများကိုလည်း ကန့်သတ် ပိတ်ပင်ထားသည့်အတွက် ရိက္ခာ သယ်ယူရေးတွင် အခက်အခဲကြုံတွေ့ သလို ကုန်ဈေးနှုန်းများမှာလည်း အဆမတန် မြင့်တက်လျက်ရှိကြောင်း ပလက်ဝ ဒေသခံများက ပြောသည်။
You may also like these stories :
ပလက်ဝက စစ်ရှောင်များကို အာဏာသိမ်းစစ်တပ်က အိမ်ပြန်ခိုင်းနေ
ကျောက်တော်တွင် လက်နက်ငယ် ပစ်ခတ်လေ့ကျင့်မည်ဟု စစ်တပ်သတိပေး
စစ်တပ်က အသွားအလာကန့်သတ်ထား၍ ပလက်ဝတွင် ကုန်ဈေးနှုန်းများ မြင့်တက်လာ