မန္တလေးမြို့တွင် ကျောက်ဝိုင်းပြင်ပ၌ အွန်လိုင်း WeChat အကောင့်များဖြင့် ကျောက်စိမ်း အရောင်းအဝယ် ပြုလုပ်မှု ကြောင့် ဖမ်းဆီးခံရသူများကို ကျောက်မျက်ရတနာဥပဒေ၊ လဝကအက်ဥပဒေများဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရ သည်။
မန္တလေးခရိုင် အုပ်ချုပ်ရေး အသိုင်းအဝိုင်းမှ အမည်မဖော်လိုသူ သတင်းရင်းမြစ်တဦးက “အားလုံးပေါင်း ၃၆၀ ကျော် ရှိတာပေါ့။ တရုတ်နိုင်ငံသားတွေကိုတော့ လဝကအက်ဥပဒေနဲ့ နိုင်ငံသားတွေကိုတော့ တရား မဝင် အရောင်းအဝယ်လုပ်လို့ ကျောက်မျက်ဥပဒေ ပုဒ်မနှစ်ခုနဲ့ အမှုဖွင့်တာပေါ့။ အပြင်မှာ သတင်းပြန့်နေသလို ပိုက်ဆံနဲ့ ပြန်ရွေးခိုင်းတယ် ဆိုတာမျိုး မရှိဘူး။ အားလုံးကို ဥပဒေနဲ့အညီ အရေးယူဖို့ စီစဉ်နေတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ဖမ်းဆီးခံရသူ ၃၆၀ ကျော်တွင် တရုတ်လူမျိုး ကျောက်ကုန်သည်များ၊ မြန်မာကျောက်ကုန်သည်များနှင့် ကျောက်ပွဲစားများ ပါဝင်ရာ တရုတ်နိုင်ငံသားများကို လူဝင်မှုကြီးကြပ်ရေးဥပဒေ ပုဒ်မ ၁၃၊ မြန်မာနိုင်ငံသားများကို ကျောက်မျက်ဥပဒေ ပုဒ်မ ၅၁ (က)၊ ၅၄ တို့ဖြင့် အမှုဖွင့်ကာ မန္တလေးဗဟိုအကျဉ်းထောင် (အိုးဘို) သို့ ပို့ဆောင်ထားကြောင်း သိရသည်။
မဟာအောင်မြေမြို့နယ်မှ ကျောက်ဖြတ်၊ ကျောက်သွေးလုပ်ငန်း လုပ်ကိုင်သူတဦးက “ကျောက်မျက်ဥပဒေနဲ့ အမှုဖွင့်တယ် လို့ သိရတယ်။ ဒီနေ့ (ဒီဇင်ဘာ ၂၂ ရက်) ထောင်ဝင်စာသွားပို့ရင်း သိရတာပေါ့။ ဖမ်းခံထားရတဲ့သူတွေ မိသားစုတွေနဲ့ တွေ့ ခွင့် မရဘူး။ ကျနော့်တူအရင်း နှစ်ယောက်နဲ့ မိတ်ဆွေရင်း ၅ ယောက်၊ အားလုံး ၇ ယောက် ပါသွားတယ်” ဟု ပြောသည်။

ဒီဇင်ဘာ ၂၀ ရက်က မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၄၃ လမ်းနှင့် ၄၄ လမ်း၊ ၈၄ လမ်းရှိ Happy Birthday ကျောက်မျက်ကုမ္ပဏီဝင်းအတွင်းနှင့် အောင်မြေသာစံမြို့နယ် ၈၆ လမ်းနှင့် ၈၇လမ်း၊ ၁၅ လမ်းနှင့် ၁၆ လမ်းကြားရှိ ရွှေဓူဝံကျောက်မျက်ကုမ္ပဏီဝင်းအတွင်း WeChat ဖြင့် ကျောက်စိမ်းအရောင်းအဝယ် ပြုလုပ်သူများကို စစ်ကောင်စီတပ်ဖွဲ့က ဝင်ရောက်စီးနင်း ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
ကျောက်စိမ်းရောင်းဝယ်ရေး လုပ်ငန်းရှင်တဦးက “ဖမ်းတဲ့နေရာတွေက တရားဝင် ကျောက်စိမ်းအရောင်းအဝယ်လုပ်ဖို့ ခွင့်ပြုပေးမထားဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်း တာ။ ဒီကောင်တွေက လူရေလည်ကြတယ်လို့ ပြောရမှာပေါ့။
အဲဒီနေ့က ကျောက်သမားတွေ ပွဲတိုက်မယ့် တန်ဖိုးနဲ့ ပစ္စည်း စာရင်းတွေ သူတို့ဆီမှာ ရှိတယ်။ သတင်းပေါက်တာမျိုးပေါ့။ အားလုံး ခန့်မှန်းရသလောက်ဆိုရင် သိန်း ၇ သောင်းကျော်လောက်ထိ ပါသွားတယ်” ဟု ပြောသည်။
ဆိုင်ခန်းငှားရမ်းခ၊ ပျံကျဈေးဆိုင်ခန်းခ အပါအဝင် အခွန်အခများစွာ ရရှိနေသည့် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက စီမံခန့်ခွဲခွင့်ရှိသော မဟာအောင်မြေ ကျောက်မျက်ရောင်းဝယ်ရေးစခန်း (ကျောက်ဝိုင်း) အတွင်း၌သာ ကျောက်စိမ်း အရောင်းအဝယ် ပြုလုပ်ကြရန် စစ်ကောင်စီက သတိပေး ထုတ်ပြန်ထားသည်။

ချမ်းမြသာစည်မြို့နယ်အတွင်း နေထိုင်သည့် ကျောက်ကုန်သည်တဦးက “အခုလို လုပ်တာကြောင့် စကစရဲ့ ဝင်ငွေတခုလို ဖြစ်သွားမယ်။ သက်သေခံ သိမ်းလိုက်တဲ့ ကျောက်တွေ၊ ငွေကြေးတွေ၊ ပစ္စည်းတွေ အားလုံးက စကစဆီ ရောက်သွားမှာပဲလေ။ ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် စကစမှာ ငွေမရှိလို့ ပြည်သူ လူထုဆီက ဓားပြတိုက်တာပဲ” ဟု ပြောသည်။
တဖက်တွင်လည်း ဖမ်းဆီးခံရမှုတွင် ပါဝင်သော တရုတ်နိုင်ငံသားများကို တရုတ်သံရုံးဖြင့် ချိတ်ဆက်၍ ပြန်လွှတ်ပေးရန် စစ်ကောင်စီခန့် တိုင်းအစိုးရအဖွဲ့ အနေဖြင့် ယမန်နေ့က အစည်းအဝေး ပြုလုပ်ခဲ့သည်ဟူသော သတင်းများလည်း ထွက်ပေါ်လျက် ရှိသည်။
ဦးသိန်းစိန် အစိုးရလက်ထက်တွင် သစ်ခိုးထုတ်မှုဖြင့် ဖမ်းဆီးခံရသည့် တရုတ်နိုင်ငံသားများကို ကချင်ပြည်နယ်၊ မြစ်ကြီးနား မြို့နယ်တရားရုံးက နှစ်ရှည်ထောင်ဒဏ် ချမှတ်ခဲ့သော်လည်း သမ္မတအမိန့်ဖြင့် လွတ်ငြိမ်းခွင့်ပေးခဲ့ခြင်းများ ရှိသလို လက်ရှိ စစ်ကောင်စီကလည်း အမေရိကန်နိုင်ငံသား သတင်းထောက်ကို ထောင်ဒဏ်ချမှတ်ပြီး ၂ ရက်အကြာ၌ လွတ်ငြိမ်းခွင့်ပြုကာ ပြန်လွှတ်ပေးမှုများလည်း ရှိခဲ့သည်။
ရတနာပုံတက္ကသိုလ် ဗကသအဖွဲ့ချုပ် ကျောင်းသားဟောင်းတဦးက “အများသိတဲ့အတိုင်းပဲ ကျနော်တို့နိုင်ငံက တရုတ်ကြောက်ရောဂါ ရှိတယ်လေ။ အခုဖြစ်စဉ်မှာ ကျနော် သိရသလောက် တရုတ်နိုင်ငံသားက ၁၀၀ ကျော်လောက်ထိ ပါတယ်ပေါ့။ သူတို့က FRC ဖြစ်တယ်။ အချို့ဆိုရင်လည်း ဗီဇာသက်တမ်း ကုန် နေပြီ။ အဲဒီမှာ လဝကနဲ့ ညာညှိပြီး နေကြတဲ့သူမျိုးတွေပေါ့။ ဆိုတော့ ပြောချင်တာက အခု အဖမ်းခံထားရတဲ့ တရုတ်တွေ ကို အမိန့်ချပြီးရင် ပြန်လွှတ်ပေးတာမျိုးတွေလည်း လုပ်လာနိုင်သလို အမိန့်မချဘဲ ချက်ချင်းပြန်လွှတ်ပေးတာမျိုးတွေလည်း လုပ်လာနိုင်တယ်” ဟု ပြောသည်။

မန္တလေးမြို့တွင် ကျောက်စိမ်း အရောင်းအဝယ် ပြုလုပ်ရန် မဟာအောင်မြေမြို့နယ်၊ ၃၉ လမ်းနှင့် လမ်း ၄၀ ကြား၊ ၈၈ လမ်း နှင့် ၈၉ လမ်းကြားတွင် ဖွင့်လှစ်ပေးထားသည့် မဟာအောင်မြေ ကျောက်မျက်ရောင်းဝယ်ရေးစခန်း (ကျောက်ဝိုင်း) ကို ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ၂၀၂၀ ပြည့်နှစ် မတ်လကုန်ပိုင်းမှ စတင် ပိတ်ထား ခဲ့ခြင်း ဖြစ်သည်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီခန့် လက်ရှိ မြို့တော်ဝန် ဦးကျော်ဆန်း ဦးဆောင်သည့် မန္တလေး မြို့တော် စည်ပင်သာယာရေးကော်မတီက ၂၀၂၁ အောက်တိုဘာ ၁၂ ရက်နေ့တွင် ပြန်လည် ဖွင့်လှစ်ခဲ့သည်။
ထိုသို့ ဖွင့်ပေးခဲ့သော်လည်း ကျောက်သမားအများစုက ကိုဗစ်ကာလ ကျော်ဝိုင်းပိတ်ထားစဉ်ကအတိုင်း ကျောက်ဝိုင်း အပြင် ဘက်ရှိ လမ်းမများပေါ်နှင့် ကျောက်မျက်ကုမ္ပဏီများဖြင့် ချိတ်ဆက်၍ လုပ်ကိုင်နေကြရာမှ ယခုအခါ လူ ၃၀၀ ကျော် ဖမ်း ဆီးခံရသည့် ဖြစ်စဉ်ကြောင့် လုပ်ငန်းများ ရပ်နားထားကြကြောင်း သိရသည်။

“အခု ဝိုင်းထဲမှာ ဘယ်သူမှ အလုပ်မလုပ်ရဲ ကြတော့ဘူး။ လက်ရှိမှာကို ဝိုင်းပတ်လည်မှာ စစ်ကားတွေ၊ အချုပ်ကားတွေနဲ့ ပတ်နေလို့ ကျနော့်တို့ ဖြတ်ခုံတောင် နားထားတယ်။ အခုက တွေ့တာနဲ့ ဖမ်းနေတာ ဆိုတော့လေ။ ပြောရမယ်ဆို ရင် ကျောက်သမားတွေကို ကျောက်လုပ်ငန်း မလုပ်စားနဲ့တော့ ဆိုတဲ့ပုံစံမျိုး ဖြစ်နေပြီ” ဟု ကျောက်သွေးလုပ်သားတဦးက ပြောသည်။
ဒေသခံ တော်လှန်ရေး ပြောက်ကျားတပ်ဖွဲ့များကလည်း စစ်ကောင်စီအတွက် ဝင်ငွေရနေသော ကျောက်ဝိုင်းအတွင်းသို့ ဝင်ရောက်၍ အရောင်းအဝယ် လုပ်ကိုင်ခြင်း မပြုကြရန် သတိပေးထားသလို မန္တလေး ကျောက်ဝိုင်းဝန်းကျင်တွင် ၅ ကြိမ် ထက်မနည်း ဗုံးပေါက်ကွဲမှုများ ဖြစ်ပေါ်ခဲ့သည်။
မြန်မာ့ကျောက်မျက်ရတနာ ဥပဒေပြဋ္ဌာန်းချက် ၂၆ အရ ကျောက်မျက်ရတနာ အရိုင်း၊ အချော၊ လက်ဝတ်ရတနာ များ ရောင်းဝယ်ခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် ကျောက်မျက်ရတနာ အချောထည်ပြုလုပ် ရောင်းချခြင်း၊ ကျောက်မျက် ရတနာ အရိုင်းကို အချောထည် ပြုလုပ်ခြင်းများအတွက် လုပ်ငန်းလိုင်စင် လျှောက်ထားရန် လိုအပ်ပြီး ပုဒ်မ ၅၀ (က) အရ မှတ်ပုံတင်ထားခြင်း မရှိဘဲ လုပ်ကိုင်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထောင်ဒဏ် ၁ နှစ်မှ ၃ နှစ်ထိ ချမှတ်ရမည့် အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။
ထို့ပြင် မြန်မာ့ကျောက်မျက်ရတနာ ဥပဒေပုဒ်မ ၅၄ အရ လုပ်ငန်းလိုင်စင် မရရှိဘဲ ပြစ်မှုကျုးလွန်ရန် အားထုတ်ခြင်း၊ ပူးပေါင်းကြံစည်ခြင်း (သို့) အားပေးကူညီခြင်းများ ပြုလုပ်လျှင် ပြဋ္ဌာန်းချက်ပါ ပြစ်ဒဏ် ချမှတ်ခံရမည်ဟု ပြဋ္ဌာန်းထားသလို သက်သေခံပစ္စည်းများ သိမ်းဆည်းခံရနိုင်ပြီး ပြစ်မှုကျုးလွန်ရာတွင် အသုံးပြုသည့် ယာဉ်ယန္တရား၊ တိရစ္ဆာန်နှင့် အခြား ပစ္စည်းများကိုလည်း သိမ်းဆည်းမည်ဟု ဥပဒေတွင် ဖော်ပြထားသည်။
You may also like these stories:
ကြည့်မြင်တိုင် သပိတ်ဖြိုခွင်းမှု စက်ဆုပ်ဖွယ် လုပ်ရပ်ဟု AA စစ်ဦးစီးချုပ် ပြော
ငြိမ်းချမ်းစွာဆန္ဒပြနေသူများကို ကားဖြင့်တိုက်သတ် ဖြိုခွင်းမှု နိုင်ငံတကာ ရှုတ်ချ
ကြည့်မြင်တိုင်သပိတ်ဖြိုခွဲမှု ဥပဒေကို ကျော်လွန်ဆောင်ရွက်သည့် လူသတ်မှုဟု ဟုဆို