ရခိုင်ပြည်နယ်၊ မောင်တောမြို့ပေါ် စက်လှေဆိပ်ကမ်းတွင် ထွေ/အုပ်စာရေး ဝန်ထမ်း ကိုဆန်းဌေးနိုင်(၂၆နှစ်) အသတ်ခံ ရမှုနှင့် ပတ်သက်၍ မြို့ပေါ်ရပ်ကွက်နေ မွတ်စလင်လူငယ်တဦးကို ဖမ်းဆီးစစ်ဆေးနေကြောင်း သတင်းရသည်။
ယနေ့ ဒီဇင်ဘာလ ၂၃ ရက် မနက်ပိုင်းက ကိုဆန်းဌေးနိုင်၏ အလောင်းကို လည်ပင်းပြတ်ရှဒဏ်ရာဖြင့် မောင်တောမြို့ စက်လှေဆိပ်ကမ်းတွင် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
လူသတ်မှုနှင့် ပတ်သက်၍ ရဲက ရှာဖွေခဲ့ရာ သက်သေခံ ပစ္စည်းများနှင့်အတူ မြို့ပေါ် ရပ်ကွက်နေ အသက် ၁၄နှစ် အရွယ် နိုဘီဟူဆောင်း ဆိုသည့် လူငယ်တဦးကို ဖမ်းထားကြောင်း ရခိုင်ပြည်နယ်ကောင်စီအဖွဲ့၏ ပြောခွင့်ရပုဂ္ဂိုလ် ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ပြောသည်။
“မောင်တော မြို့ပေါ်ရပ်ကွက်မှာ နေထိုင်တဲ့ နိုဘီဟူဆောင်းဆိုတဲ့ တယောက်ကို ဖမ်းဆီးထားတယ်။ သူ့အသက် ကတော့ ၁၄ နှစ်လောက်ပဲ ရှိသေးတယ်။ သူ့ဆီက သေဆုံးသူရဲ့ လက်ကိုင်ဖုန်း၊ သွေးစက်တွေစွန်းနေတဲ့ အဝတ် အစားတွေလည်း တွေ့တယ်။ နောက်ပြီးတော့ ဖုန်းထဲက ဆင်းမ်ကတ်ကိုလည်း ချိုးဖျက်ထားတာကို တွေ့တယ်။ အဲဒီလူသတ်မှုမှာ ပါဝင်တဲ့ သူ့အစ်ကို နှစ်ယောက်ကတော့ ထွက်ပြေးနေတယ်။ အမှုဖြစ်တဲ့ အကြောင်းရင်းကိုတော့ စစ်ဆေးနေတုန်းပဲ ရှိသေးတဲ့အတွက် တိတိကျကျ ပြောလို့ မရသေးဘူး” ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ လူသတ်မှုနှင့် ပတ်သက်ပြီး ထွက်ပြေးနေသူ ကမားဟူဆောင်းနှင့် ဂျက်မား ဟူဆောင်း တို့ကိုလည်း ဖမ်းဆီး နိုင်ရေး ရှာဖွေလျက်ရှိကြောင်း ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းက ဆက်လက် ပြောဆိုသည်။
မောင်တောမြို့ ပေါ် လူမှုကူညီရေးအဖွဲ့တခုဖြစ်သည့် ကရုဏာကွန်ရက်အဖွဲ့မှ ဥက္ကဋ္ဌ ကိုချစ်ထူးခိုင်က “ဒီနေ့ နံနက် စက် လှေဆိပ်မှာ သေဆုံးနေတဲ့ သူ့အလောင်းကို တွေ့တာ။ ဒဏ်ရာကတော့ လည်လှီးထားတဲ့ ဒဏ်ရာတွေ့ရတယ်။ မျက်နှာ ဖူးရောင်နေတဲ့ ဒဏ်တွေတော့ တွေ့တယ်။ ကျနော်တို့ အဖွဲ့ကတော့ အလောင်းကို မနက်ကတည်းက ဆေးရုံကို ပို့ လိုက်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
သေဆုံးသူမှာ ယခင်က မောင်တောမြို့နယ်၊ မြင်းလွတ်မြို့တွင် တာဝန်ကျနေသော ထွေအုပ်စာရေး ဝန်ထမ်းတဦးဖြစ်ပြီး ယခု မောင်တော မြို့ပေါ် ထွေ/ အုပ်ရုံးတွင် တွဲဖက်အနေဖြင့် နေသူဖြစ်ကြောင်း သိရသည်။
ဖြစ်စဉ်နှင့် ပတ်သက်ပြီး အသေးစိတ်ကို သိရှိနိုင်ရန် မောင်တောဒေသ အာဏာပိုင်များ ဖြစ်ကြသည့် ခရိုင် ရဲတပ်ဖွဲ့ ၊ မြို့ နယ် ရဲတပ်ဖွဲ့နှင့် ခရ်ိုင်အုပ်ချုပ်ရေးမှူးတို့ကို အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း မရခဲ့ပေ။
ယခု ဒီဇင်ဘာလအတွင်း ရခိုင်ပြည်နယ် ကျောက်ဖြူ၊ ကျောက်တော်၊ မြောက်ဦးမြို့ နယ်များရှိ မွတ်စလင်ရွာများ အနီး မှ ရခိုင်ကျေးရွာသားများ၏ စပါးပုံများ မီးရှို့ခံရခြင်းဖြစ်စဉ်များ အပါအဝင် စပါးရိတ်သိမ်းခြွေလှေ့စက်ကြီးများ မီးရှို့ခံရ သည့် ဖြစ်စဉ်များရှိခဲ့သလို လယ်ကွင်းထဲတွင် ချည်ထားသည့် နွားများ၏ ခြေထောက်များအား ဓားခုတ်ခံရသည့် ဖြစ်စဉ်များလည်း ဆက်တိုက် ဆိုသလို ဖြစ်ပွားခဲ့သည်။
အလားတူ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်၊ ကံနွား မွတ်စလင်ကျေးရွာတွင်လည်း ပြီးခဲ့သော ဒီဇင်ဘာလ ၂၁ ရက် ညနေ ပိုင်းက စပါးကောက်လှိုင်းစည်းများ မီးရှို့ ခံရသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။
ထိုသို့ ဖြစ်စဉ်များအပြင် ယခုကဲ့သို့ ရခိုင်တိုင်းရင်းသားတဦး သတ်ဖြတ်ခံရမှု အပေါ် လူမျိုးရေးပဋိပက္ခ ဖြစ်လာမည်ကို စိုးရိမ်နေကြကြောင်း မောင်တောမြို့ခံ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးမောင်အုံး က ပြောသည်။
ဦးမောင်အုံးက “စိုးရိမ်တာကတော့ တော်တော်လေးကို စိုးရိမ်နေကြတယ်။ အားလုံးလည်း ဒီကိစ္စပေါ် စောင့်ကြည့်နေ ကြတယ်။ ဘယ်လိုကြောင့် အသတ်ခံရတယ်ဆိုတာ အသေးစိတ် မသိရသေးဘူး။ သက်ဆိုင်ရာက စုံစမ်းနေတယ်လို့ တော့ သိရတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ထိုသို့ လူမျိုးရေး ပဋိပက္ခဖြစ်စေနိုင်သည့် ဖြစ်စဉ်များ ဆက်တိုက် ဖြစ်ပွားလာသည့်အတွက် နောက်ကွယ်က အဖွဲ့ အစည်းတခုခုက မကောင်းသည့် ရွည်ရွယ်ချက်ဖြင့် နိုင်ငံရေး လှုံ့ဆော်မှုရှိနေသည်ကို သံသယ ဖြစ်မိကာ အားလုံး သတိထားကြရန် ရက္ခိုင် အမျိုးသား အဖွဲ့ချုပ် (ULA / AA) ကလည်း ဒီဇင်ဘာလ ၁၇ ရက်စွဲဖြင့် သတိပေးချက် တစောင်ကို ထုတ်ပြန်ထားသည်။
You may also like these stories :
ပလက်ဝ စစ်ရှောင်များ ရိက္ခာ ပြတ်လပ်
မင်းတပ်တွင် CDF နှင့် အာဏာသိမ်း စစ်တပ် တိုက်ပွဲရက်ဆက်ဖြစ်နေ
ကိုးကန့်နှင့် တိုက်ပွဲတွင် အာဏာသိမ်းစစ်တပ် သေဆုံး၊ ဒဏ်ရာရသူများပြား
မြောက်ပိုင်း EAO အဖွဲ့အချို့ NCA အလုပ်မဖြစ်ကြောင်း စစ်ကောင်စီကို ပြော