အိန္ဒိယအစိုးရက မြန်မာအပါအဝင် ပြည်ပမှ မတ်ပဲ၊ ပဲစင်းငုံနှင့် ပဲတီစိမ်း ၃ မျိုး တင်သွင်းခွင့်ကို လာမည့်နှစ် မတ်လကုန်အထိ တိုးမြှင့်ပေး လိုက်သော်လည်း မြန်မာတွင် စစ်တပ်က အာဏာသိမ်းမှု နောက်ဆက်တွဲ ဂယက်များကြောင့် ပဲထွက်နှုန်းကျဆင်းနိုင်ကြောင်း ကုန်သည်များက ခန့်မှန်းသည်။
၂၀၂၁ အောက်တိုဘာလကုန်အထိ အရေအတွက် အကန့်အသတ်မရှိ အိန္ဒိယနိုင်ငံအတွင်းသို့ လွတ်လပ်စွာ တင်သွင် ခွင့်ပေးခဲ့ရာမှ ဒီဇင်ဘာလကုန်အထိ သက်တမ်း ၁ ကြိမ်တိုးပေးခဲ့ပြီးနောက် ယခုအခါ ထပ်မံတိုးမြှင့်ပေးလိုက်ခြင်း ဖြစ် သည်။
ထိုသို့ အိန္ဒိယအစိုးရက ၂၀၂၂ မတ်လအထိ တင်သွင်းခွင့် ၃ လ ထပ်မံတိုးမြှင့် ပေးလိုက်သော်လည်း မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံရေး မတည်ငြိမ်မှုနှင့် လက်နက်ကိုင် ပဋိပက္ခများကြောင့် ပဲစိုက်ဧက လျော့ကျနိုင်သဖြင့် ထုတ်လုပ်မှုလည်း လျော့ကျ နိုင်ကြောင်း ကုန်သည်များက သုံးသပ်ပြောဆိုခြင်းဖြစ်သည်။
ပြည်တွင်းပဲကုန်သည်တဦးက “မတ်ပဲ၊ ပဲစင်းငုံတို့က စစ်ကိုင်းနဲ့ မန္တလေး တို့က အထွက်များတယ်။ အခုအခြေအနေရ ဆိုရင်တော့ စိုက်ပျိုးမှုက လျော့နိုင်တယ်။ ရာသီဥတုအရရော၊ ပြေးရလွှားရ တာတွေရော ရှိတော့ စိုက်ပျိုးထုတ်လုပ်မှုက ဘယ်လောက်လျော့မယ် မသိနိုင်ပေမယ့် အထွက်လျော့နိုင်တယ်” ဟု ပြောသည်။
ထို့ကြောင့် အိန္ဒိယဘက်မှ ဝယ်လိုအား မြင့်တက်ခြင်း၊ တင်သွင်းခွင့်ကာလ တိုးမြှင့်ပေးခြင်းက ပြည်တွင်းဈေးကွက် အတွက် ဈေးအတက်အကျ အရမ်းကြီး မြန်ဆန်မှု မရှိနိုင်ဘဲ ခပ်မှန်မှန်သာ သွားနိုင်ကြောင်း ၎င်းက သုံးသပ်ပြောဆိုသည်။
ပြီးခဲ့သည့် ၂၀၁၇ နောက်ပိုင်းမှ စတင်ပြီး အိန္ဒိယအစိုးရက ပြည်ပမှ ပဲတင်သွင်းမှုကို ကိုယ်တာစနစ်ဖြင့်သာ ပမာဏကန့် သတ်ပြီး လက်ခံခဲ့သော်လည်း ၎င်းတို့ နိုင်ငံအတွင်း ပဲလိုအပ်ချက် များပြားနေသည့် အခြေအနေကြောင့် ခွဲတမ်းစနစ်အား ယခုနှစ်တွင် ပယ်ဖျက်ပေးလိုက်ကာ မတ်ပဲ၊ ပဲစင်းငုံနှင့် ပဲတီစိမ်း ၃ မျိုးကို အကန့်အသတ်မရှိ လွတ်လပ်စွာ တင်သွင်းခွင့် ပေးခြင်းဖြစ်ကြောင်း သိရသည်။
ယခုနှစ်တွင် မြန်မာနိုင်ငံ၏ နိုင်ငံရေး မတည်ငြိမ်မှုများကြောင့် ပဲစိုက်ပျိုးရာ ဒေသများဖြစ်သော ဧရာဝတီတိုင်း၊ မန္တလေး တိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း စသည်တို့မှ တောင်သူများ ကောင်းစွာ စိုက်ပျိုးထွန်ယက်နိုင်ခြင်း မရှိသောကြောင့် ပဲ အထွက်နှုန်း လျော့ကျနိုင်ကြောင်း ကုန်သည်များက ပြောသည်။
မြန်မာနိုင်ငံ၏ မတ်ပဲ၊ ပဲစင်းငုံနှင့် ပဲတီစိမ်းတို့မှာ အိန္ဒိယဈေးကွက်အပေါ် မှီခိုပြီး အဓိကထား စိုက်ပျိုးနေခြင်းဖြစ်ကာ စစ် အာဏာ မသိမ်းခင်ကဆိုလျှင် အိန္ဒိယနိုင်ငံ၏ ပဲတင်သွင်းခွင့် မူဝါဒ အပြောင်းအလဲသည် ပြည်တွင်းပဲဈေးကွက်ရှိ ပဲကုန် သည်များနှင့် တောင်သူများအပေါ် ရိုက်ခတ်မှု ရှိခဲ့သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်က နှစ်နိုင်ငံအစိုးရချင်း ညှိနှိုင်းထားသည့် MOU အရ မြန်မာနိုင်ငံမှ မတ်ပဲတန်ချိန် ၂ သိန်းခွဲနှင့် ပဲစင်းငုံတန်ချိန် ၁ သိန်းတို့ကို ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်မှ စတင်ပြီး ၅ နှစ်တာ နှစ်စဉ် တင်သွင်း သွားမည် ဖြစ်ကြောင်း MOU ကို စစ်ကောင်စီ လက်အောက်ခံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ပြီးခဲ့ သည့် ဇွန်လအတွင်းက လက်မှတ်ရေးထိုးထားကြောင်း သိရသည်။
“ဒါကြောင့်လည်း ပဲဈေးက အရမ်းမတက်နိုင်ပေမယ့် ဈေးကွက်အလားအလာ ကောင်းနိုင်တယ်” ဟု ကုန်သည်များက သုံးသပ်ထားခြင်း ဖြစ်ကြောင်း မန္တလေး ပဲကုန်သည် တဦးက ပြောသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၂၀ ရက်က မတ်ပဲ (FAQ/RC) တတန်ပေါက်ဈေးမှာ ကျပ် ၁,၂၀၇,၅၀၀ ရှိခဲ့ပြီး ဒီဇင်ဘာ ၂၃ ရက် (ညနေပိုင်း) တွင် တတန်ပေါက်ဈေးမှာ ကျပ် ၁,၂၄၅,၀၀၀ ရှိနေကြောင်း ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင် ဈေးနှုန်းများတွင် ဖော်ပြထားသည်။
You may also like these stories:
ကင်းလွတ်ခွင့် ပေးထားသည့် ကုန်စည်များ လိုင်စင်ပြန်လျှောက်ရန် စစ်ကောင်စီ ကြေညာ
တရုတ်ကုန်သွယ်ရေးစနစ် အပြောင်းအလဲကြောင့် မြန်မာ့ဖရဲ ဆုံးရှုံးမှု ကြုံနေ