နေပြည်တော်တွင် စစ်ကောင်စီက ဒီဇင်ဘာလ ၁၇ ရက်မှ ၂၂ ရက်အထိ ကျောက်မျက်ရတနာ ရောင်းချပွဲ ကျင်းပခဲ့ရာ ကျောက်စိမ်းတွဲပေါင်း ၆၀၀ ကျော်ကို တင်ဒါစနစ်ဖြင့် ရောင်းချနိုင်ခဲ့ကြောင်း ယမန်နေ့ထုတ် မြန်မာ့အလင်း၊ ကြေးမုံ သတင်း စာတို့ကတဆင့် ကြေညာထားသည်။
စစ်ကောင်စီက ဝင်ငွေ ရှာရန်အတွက် ဒုတိယအကြိမ်မြောက် ကျောက်မျက်ရတနာရောင်းချပွဲ ပြုလုပ်ခဲ့ခြင်းဖြစ်ကာ အဆိုပါ ပြပွဲတွင် ကျောက်စိမ်းတွဲပေါင်း ၇၈၀ ကျော်နှင့် ပုလဲအတွဲပေါင်း ၃၀၀ ကျော်ကို စစ်ကောင်စီက ပြသရောင်းချပေးခဲ့ပြီး ပြည် တွင်း၊ ပြည်ပမှ ကုန်သည်များက ပုလဲအတွဲပေါင်း ၃၀၀ ကျော်နှင့် ကျောက်စိမ်းအတွဲ ၆၀၀ ကျော်ကို တင်ဒါစနစ်နှင့် ရောင်း ချပေးနိုင်ခဲ့ကြောင်း စစ်ကောင်စီ၏ ပြပွဲ ဗဟိုကော်မတီက ထုတ်ပြန်ထားသည်။
ယခုပွဲတွင် ပုလဲအတွဲ အခြေခံဈေး အမေရိကန်ဒေါ်လာ ၁,၀၀၀ နှင့် ကျောက်စိမ်းအတွဲ အခြေခံဈေး ယူရို ၅,၀၀၀ သတ် မှတ်ထားကြောင်း သိရသည်။
ကျောက်မျက် ရတနာကုန်သည်တဦးက “ကျနော်တို့ကတော့ မသွားဘူးဗျ။ အသင်းတွေကိုလည်း ဒီပြပွဲနဲ့ ပတ်သက်ပြီး အကြောင်းကြားတာ မရှိဘူး။ ဒါပေမယ့် တချို့ ကျောက်သမားနဲ့ ပုတီးသမားတွေတော့ သွားတယ်။ ကြားတာတော့ အခု ရောင်းရတာတွေက တရုတ်ကုန်သည်တွေ ဝယ်တယ် ကြားတယ်။ သူတို့က မလာလည်း ဟိုဘက်ကနေ ငွေထောက်ပံ့လို့ ရတာပဲ။ ပြည်တွင်းကတော့ မသွားတဲ့သူ အများစုပဲ။ သွားတာ နည်းတယ်။ မသွားတာလည်း ရောင်းတဲ့ ငွေစနစ်ကြောင့် ရော တခြားဟာရောပေါ့ ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ယင်းကျောက်မျက်ပြပွဲနှင့် ပတ်သက်ပြီး ပြည်နယ်နှင့်တိုင်းရှိ ကျောက်မျက်ရတနာ အသင်းအဖွဲ့များသို့လည်း အကြောင်း ကြားခြင်း မရှိကြောင်း၊ ပြပွဲအတွင်း အာဏာသိမ်းမှုကို ဆန့်ကျင်သည့် အဖွဲ့အစည်းများ၏ တိုက်ခိုက်မှုကို ကာကွယ်လိုသည့် သဘောဖြင့် ပြည်တွင်း ကုန်သည်များ၏ တက်ရောက်ခွင့်ကိုပါ ကန့်သတ်သည့် သဘောဖြစ်နိုင်သလို ပြပွဲတွင် ရောင်းချ မည့် ကျောက်စိမ်းတွဲများ၏ ကြမ်းခင်းဈေးကိုလည်း ယူရိုနှင့် ခင်းကျင်းခဲ့ကြောင်း သိရသည်။
ပြည်တွင်း ကျောက်ကုန်သည်များအနေနှင့် ယခင်က ယူရိုငွေ ၂၀၀၀၀ Deposit တင်ရ မည်ဆိုပါက မြန်မာကျပ်ငွေ ပေါက် ဈေးနှင့် တွက်၍ ကျပ်ငွေပမာဏကို တင်ရသော်လည်း ယခု ပြပွဲတွင်မူ ယူရိုပမာဏနှင့် ကိုက်ညီသော ဒေါ်လာကိုသာ တင်ပြရမည်ဆိုသဖြင့် ပြည်တွင်း ကုန်သည်များကို တင်းကျပ်ထားသည့် သဘောဖြစ် ကြောင်း ကျောက်ကုန်သည်များက ဆိုသည်။
ထို့ကြောင့် ပြပွဲတွင် လေလံဆွဲမည့်သူများသည်လည်း ဒေါ်လာနှင့်သာ Deposit တင်ရမည် ဖြစ်ပြီး ဒေါ်လာကို လက်ငင်းငွေ သားနှင့်သာ ပေးသွင်းရခြင်း ဖြစ်သည်။
တရုတ် ဝယ်လက်ကိုသာ အဓိကထားပြီး ပြည်တွင်း ဝယ်လက်များကို စည်းကမ်းချက်များနှင့် တင်းကြပ်ထားကြောင်း စစ် ကောင်စီနှင့် ထိပ်ပိုင်းကျောက်မျက်လုပ်ငန်းရှင်ကြီးအချို့ ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်ပြီး၊ သတင်းမပေါက်ကြားစေရေး စီစဉ်ခဲ့သလို ကိုဗစ်-၁၉ ကာကွယ်ရေး လမ်းညွှန်ချက်များအပြင် ပြည်တွင်း လုပ်ငန်းရှင်များကို စည်းကမ်းချက်များ တင်းကျပ်စွာ ချမှတ်ပြီး ကျင်းပခဲ့ကြောင်း ကျောက်ကုန်သည်အသိုင်းအဝိုင်းက ဆိုသည်။
စစ်ကောင်စီက အာဏာသိမ်းပြီး နောက်ပိုင်း ပထမအကြိမ် ကျပ်ငွေဖြင့် ပြသရောင်းချသည့် ကျောက်မျက်ရတနာပြပွဲကို လည်း ပြီးခဲ့သည့် ဧပြီလက ၁၀ ရက်ကြာ ပြုလုပ်ခဲ့ပြီး ပုလဲ ၃၁၇ တွဲ၊ ကျောက်စိမ်း ၂၁၄၈ တွဲ၊ ကျောက်မျက် ၁၉၉ တွဲကို ပြသရောင်းချခဲ့ရာ ကျပ်ငွေ ၃၃ ဘီလီယံကျော် ရရှိခဲ့ကြောင်း သိရသည်။
NLD အစိုးရ လက်ထက် ၂၀၁၉-၂၀၂၀ နှစ်လယ်ကျောက်မျက်ပွဲမှ ယူရို ၄၃၉ သန်းကျော်၊ ကျပ်ငွေဖြင့်ရောင်းချသည့်ပွဲမှ ကျပ်သန်း ၄၇၃၆၀ ကျော်ရကြောင်း မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်း ထုတ်ပြန်ထားသည်။
အာဏာသိမ်း စစ်ကောင်စီက ကျောက်မျက်အခွန်အခများ အတင်းအကျပ် တောင်းခံခြင်း၊ လေလံတင်ရောင်းချခြင်း၊ ပြည်ပတင်ပို့ခြင်းတို့မှ ငွေရှာနေခြင်းသည် တရားမဝင်သဖြင့် ပူးပေါင်းဆောင်ရွက်ခြင်း မပြုရန် ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင်များကို အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) က တိုက်တွန်းထားသည်။
အထက်ပါ ညွှန်ကြားချက်ကို လျစ်လျူရှုပါက ကုမ္ပဏီနှင့် လုပ်ငန်းရှင်များကို အမည်ပျက်စာရင်းသွင်းမည့်အပြင် လိုအပ် ပါက တည်ဆဲဥပဒေနှင့်အညီ အရေးယူသွားမည်ဟု NUG ၏ သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနက ဇွန်လတွင် ကြေညာခဲ့သည်။
You may also like these stories:
ကျောက်မျက်ရတနာ ရောင်းချပြီး ငွေရှာရန် စစ်ကောင်စီ တိတ်တဆိတ်စီစဉ်နေ
ကျောက်ဝိုင်းပြင်ပ ရောင်းဝယ်မှုဖြင့် ဖမ်းဆီးခံရသူ ၃၀၀ ကျော်ကို အမှုဖွင့်
ကင်းလွတ်ခွင့် ပေးထားသည့် ကုန်စည်များ လိုင်စင်ပြန်လျှောက်ရန် စစ်ကောင်စီ ကြေညာ
စစ်တပ်ကို ဒဏ်ခတ်ပိတ်ဆို့ရေး မြန်မာ့ကျောက်မျက်လုပ်ငန်း ပစ်မှတ်ဖြစ်လာ