အာဏာသိမ်း စစ်ကောင်စီသည် ၎င်းတို့၏ ဝင်ငွေရလမ်း တခုဖြစ်သော ကျောက်စိမ်းများ သယ်ဆောင်ခြင်းကို ကုန်း လမ်းဖြင့် မသယ်ဆောင်တော့ဘဲ ချင်းတွင်းမြစ်ရိုးတလျှောက် ရေလမ်းကြောင်းဖြင့် သယ်ဆောင်နေပြီး ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ (PDF) များ၏ ကြားဖြတ် တိုက်ခိုက်ခြင်းကိုလည်း ခံနေရသည်။
စစ်ကိုင်းတိုင်း၊ ခန္တီးမြို့နယ်မှ ထွက်ရှိသည့် ကျောက်စိမ်းနှင့် ရွှေများကို ယခင်ကကဲ့သို့ ကားလမ်းကို အသုံးမပြုတော့ဘဲ ရေယာဉ်များဖြင့် သယ်ဆောင်နေခြင်း ဖြစ်ကြောင်း၊ စစ်ယာဉ်တန်းများ မကြာခဏ မိုင်းဆွဲတိုက်ခိုက်ခံရသည့်အတွက် စစ်ကောင်စီက ထိုသို့ ရေလမ်းခရီးကို ပြောင်းလဲအသုံးပြုလာခြင်း ဖြစ်ကြောင်း ဒေသခံ သတင်းရင်းမြစ်များက ပြောဆို သည်။
စစ်ကိုင်းတိုင်းသည် ပြည်သူ့ကာကွယ်ရေးတပ်များ (PDF) နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များ (LDF) အားကောင်းရာ ဒေသတခု ဖြစ်သည်။
ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တဦးက “ကုန်းကြောင်းက သယ်ရတာ အရမ်းအန္တရာယ် များတာပေါ့။ နည်း ပညာတွေမှာ ရေကြောင်းကနေ တိုက်ဖို့ လက်နက်တွေက ကျနော်တို့ဆီမှာ ပြည့်ပြည့်စုံစုံ မရှိသေးဘူး။ ကုန်းကြောင်း ဆိုရင်တော့ ကျနော်တို့ ပိုကြိုက်တာပေါ့။ သူတို့အတွက် အရမ်းအန္တရာယ် များတယ်။ ကျနော်တို့ဆီမှာရှိတဲ့ လက်လုပ် မိုင်းတွေ၊ မြေမြှုပ်မိုင်းတွေ တလျှောက်လုံး ထောင်လို့ရတယ်။ အဲဒါကြောင့် သူတို့ ကုန်းကြောင်းက မလာတာ” ဟု ဧရာဝတီသို့ ပြောသည်။
ထိုသို့ ရေလမ်းခရီးကို အသုံးပြုရာတွင်လည်း ကျောက်စိမ်း သယ်ဆောင်လာသည့် ရေယာဉ်များကို လုံခြုံရေးအပြည့် ဖြင့် သယ်ဆောင်ခြင်း ဖြစ်ကြောင်း၊ ရှေ့ပြေးရေယာဉ်များနှင့် လေကြောင်းမှ လုံခြုံရေးယူခြင်းအပြင် ကုန်းကြောင်းကပါ စစ်ကောင်စီ တပ်ဖွဲ့ဝင်များက မြစ်ကမ်းဘေးတွင် လမ်းကြောင်း ရှင်းလင်းပြီး သယ်ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ လုံခြုံရေး အပြည့်ဖြင့် ကျောက်စိမ်းများ သယ်ဆောင်လာသည့် ရေယာဉ်များကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် များက မြို့နယ်တခုနှင့်တခု ချိတ်ဆက်ကာ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ကြားဖြတ် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ သည်။
ကနီမြို့နယ် PDF တဦးက “ကျနော်တို့က ၁၅ မိနစ်ထက်ပိုပြီး ပစ်ခတ်တိုက်ခိုက်လို့ မရဘူး တနေရာမှာ။ ဘာဖြစ်လို့ လဲဆိုတော့ လေယာဉ်တွေက ချက်ချင်း ရောက်ရောက်လာလို့လေ။ ကျနော်တို့က ကုန်းကြောင်းကိုလည်း တိုက်ခိုက်ရ တယ်။ ရေကြောင်းကိုလည်း တိုက်ခိုက်ရတယ်။ လေကြောင်းရန်ကိုလည်း ရှောင်ရတယ်။ သူတို့က ၃ ကြောင်း ထိုးပြီး လာတာ” ဟု ပြောသည်။
စစ်ကောင်စီ ရေယာဉ်များ ချင်းတွင်းမြစ်ရိုး တလျှောက် စုန်ဆင်းလာရာတွင် မင်းကင်း၊ ကနီ၊ ဘုတလင်၊ ယင်းမာပင် စသည့် မြို့နယ်များ၏ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ကြခြင်းဖြစ်ပြီး နှစ်ဦးနှစ်ဖက် ထိခိုက် ကျဆုံးမှုများ ရှိခဲ့သည်။
ဒီဇင်ဘာလအတွင်း ဖြစ်ပွားခဲ့သည့် ရေကြောင်း တိုက်ပွဲတွင် ၁၁ စီး ပါသော စစ်ကောင်စီ၏ ကျောက်စိမ်းတင် ရေယာဉ် တန်းသည် ရက်ပေါင်း ၆၀ ကျော်ကြာ ချင်းတွင်းမြစ်ရိုးမှ စုန်ဆင်းလာခြင်း ဖြစ်ကြောင်း၊ အဆိုပါ ကျောက်စိမ်းတင် ရေ ယာဉ်များသည် မုံရွာမြို့အရောက်တွင် ရေကြောင်းခရီး ရပ်ဆိုင်းသွားပြီး ပစ္စည်းများ အတင်အချ ပြုလုပ်ကာ ကုန်းလမ်း ခရီးဖြင့် ထပ်မံပို့ဆောင်နိုင်ကြောင်း သုံးသပ်ကြသည်။
ကနီ PDF တပ်ဖွဲ့ဝင် တဦးကလည်း “ဒါက တော်တော်ကြီးကို အရေးကြီးတဲ့ အရာလို့ ခန့်မှန်းတာပေါ့။ လုံခြုံရေးက လည်း သူတို့ ရဲဘော်တွေ ကျဆုံးတာတောင် သူတို့ အာရုံမှ မထားတာ။ အဲဒါကို ရအောင်ကာကွယ်ဖို့ပဲ သူတို့ သိ တယ်။ လူအင်အား ၂၀/၃၀ လောက်ကျရင် လေယာဉ်နဲ့ ချက်ချင်းလာတယ်။ ၅၀ လောက်ဖြည့်။ ၂၀ လောက်ကျရင် ၃၀ လောက် လာဖြည့်။ အဲဒီလို တိုက်ပွဲဖြစ်ပြီး ကျပြီဆိုတာနဲ့ လူအင်အားပဲ လာလာဖြည့်တာ” ဟု ရှင်းပြသည်။
ထိုကဲ့သို့ စစ်ကောင်စီ၏ ကျောက်စိမ်းတင် ရေယာဉ်များကို ကြားဖြတ် တိုက်ခိုက်ရခြင်းသည် စစ်တပ်၏ ဝင်ငွေ ရရှိနိုင်သော လမ်းကြောင်းကို ဖြတ်တောက်လို၍ ဖြစ်ကြောင်း ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များက ဆိုသည်။
မင်းကင်းမြို့နယ် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင် တဦးက “ကျောက်စိမ်းမော်တော်ယာဉ် ဆိုတာက စစ်တပ်ယန္တရားရဲ့ အဓိက အထောက်အပံ့လည်း ဖြစ်နိုင်တယ်။ တန်ဖိုးများတဲ့ ကျည်ဝယ်တာတို့။ နိုင်ငံခြားကို ပို့မှာဖြစ်တဲ့အတွက် သူတို့ရဲ့ ယန္တရားမှန်သမျှ ရနိုင်သလောက်၊ ဖြစ်နိုင်သလောက်ဖြတ်ဖို့ ဦးတည်တာ။ ကျနော်တို့က ကျောက်စိမ်း ရချင်တဲ့ ဦးတည် ချက် မဟုတ်ဘူး” ဟု ဆိုသည်။
အကြမ်းဖက် စစ်ကောင်စီထံသို့ ဝင်ငွေနှင့် အထောက်အပံ့များ စီးဆင်းမှု မရှိစေရေးအတွက် စစ်ကောင်စီ လက်အောက်ခံ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနနှင့် တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ ဖြစ်စေ ပူးပေါင်းဆောင်ရွက်ခြင်း မပြုကြရန်လည်း ပုဂ္ဂလိက ကုမ္ပဏီလုပ်ငန်းရှင်များအား NUG က အသိပေး တိုက် တွန်းထားသည်။
NUG ၏ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ဒုဝန်ကြီး ခွန်းဘီထူးက “ကျောက်စိမ်းက အရင်က တရုတ်ပြည်ဘက်သွားတဲ့ အခြေအနေမျိုးပေါ့။ အခုလည်း အဲဒီ အခြေအနေက တစုံတရာတော့ ရှိနေဆဲ ပဲပေါ့။ နောက်ပိုင်းမှာ NUG ဘက်က ပိုပြီး ကြီးကြပ်နိုင်ရင်တော့ ဝင်ငွေလမ်းကို ပိတ်နိုင်မယ်လို့ ယုံကြည်တယ်။ စစ်ကောင်စီရဲ့ အဓိက အားနည်းချက် သယံဇာတ မှီခိုတဲ့အပေါ်မှာ လျှော့ချနိုင်ဖို့အတွက် ကြိုးစားနေတာ ဖြစ်တယ်” ဟု ပြောသည်။
စစ်ကောင်စီ အနေဖြင့် ဒေါ်လာများ ထုတ်ရောင်းသလို ကျောက်စိမ်းများလည်း ထုတ်ရောင်းနိုင်ရန်အတွက် ကျောက် မျက်ပြပွဲများ ပြုလုပ်ကာ ရောင်းချရန် ကြိုးပမ်းနေကြောင်း၊ ယင်းအခြေအနေများကြောင့် စစ်ကောင်စီဘက်တွင် နယ် မြေထိန်းချုပ်မှု အရသော်လည်းကောင်း၊ ဝင်ငွေရလမ်းအရသော်လည်းကောင်း အခက်အခဲ ဖြစ်လာနေပြီဟု သုံးသပ် နိုင်ကြောင်း ၎င်းက ဆိုသည်။
You may also like these stories:
စစ်ကောင်စီ ကျောက်မျက်ရောင်းပွဲ ကျောက်စိမ်းအတွဲ ၆၀၀ ကျော် ရောင်းချဟုဆို
ကျောက်မျက်ရတနာ ရောင်းချပြီး ငွေရှာရန် စစ်ကောင်စီ တိတ်တဆိတ်စီစဉ်နေ
ကျောက်ဝိုင်းပြင်ပ ရောင်းဝယ်မှုဖြင့် ဖမ်းဆီးခံရသူ ၃၀၀ ကျော်ကို အမှုဖွင့်