ရိုဟင်ဂျာ ဒုက္ခသည် အကျပ်အတည်း ဖြေရှင်းရေးအတွက် နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ပိုမိုကောင်းမွန်သော ပူးပေါင်းဆောင်ရွက်မှု တည်ဆောက်ပြီး မြန်မာ စစ်ကောင်စီနှင့် အဆက်အသွယ်ဖြတ်ရန် ကုလသမဂ္ဂ အထူးသံတမန်တဦးက တောင်းဆိုလိုက်သည်။
“ဒီတာဝန်ကို ဘင်္ဂလားဒေ့ရှ် တနိုင်ငံတည်း မထမ်းဆောင်နိုင်သလို ထမ်းလည်း မထမ်းဆောင်သင့်ဘူး” ဟု မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးအစီရင်ခံစာ တင်သွင်းသူ မစ္စတာ တွမ်အင်ဒရူးက တနင်္ဂနွေနေ့တွင် ဒါကာ၌ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
“ဒီအကျပ်အတည်း ပေါ်ပေါက်ရတဲ့ အကြောင်းရင်းနဲ့အဖြေက ဘင်္ဂလားဒေ့ရှ်မှာ မရှိဘူး။ မြန်မာနိုင်ငံမှာ ရှိတယ်” ဟုလည်း သူကပြောသည်။
၂၀၁၇ ခုနှစ်၊ သြဂုတ်လက အိမ်နီးချင်း မြန်မာနိုင်ငံမှ အကြမ်းဖက် ဖိနှိပ်မှုများကြောင့် ရိုဟင်ဂျာ လူဦးရေ ၇ သိန်းကျော် ထွက်ပြေးလာသသည်။ ထိုအချိန်မှ စတင်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် တသန်းနီးပါးခန့်ရှိသော ဒုက္ခသည်များကို လူများ ပြည့်နှက်နေသည့် ဒုက္ခသည် စခန်းများတွင် ခိုလှုံခွင့်ပေးထားရသည်။
ထိုဒုက္ခသည် အကျပ်အတည်းကြောင့် လူဦးရေ သန်း ၁၆၀ ကျော်ရှိသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် ဝန်ထုတ်ဝန်ပိုး ဖြစ်စေကြောင်း ဘင်္ဂလားဒေ့ရှ်အရာရှိများက ပြောသည်။
မစ္စတာ အင်ဒရူးသည် ဘင်္ဂလားဒေ့ရှ်မှ ဒုက္ခသည် အကျပ်အတည်းကို သုံးသပ်ရန်အတွက် ရိုဟင်ဂျာ ဒုက္ခသည်များ၊ နိုင်ငံတကာ အကူအညီပေးရေး အေဂျင်စီများမှ အရာရှိများ၊ ဘင်္ဂလားဒေ့ရှ်အရာရှိများနှင့် တွေ့ဆုံခဲ့သည်။
“မြန်မာစစ်ကောင်စီကို ဖိအားပေးခြင်း အပါအဝင် ဒီအကျပ်အတည်းကို နိုင်ငံတကာက ပိုမိုခိုင်မာ ညှိနှိုင်းတုံ့ပြန်ဖို့ တွန်းအားပေးရေးအတွက်နဲ့ စစ်ကောင်စီကို အရေးယူဖို့ ခိုင်မာရေး အစီအမံတွေအတွက် ကျနော် လုပ်ပိုင်ခွင့်ရှိတာ အကုန်လုပ်သွားမယ်” ဟု မစ္စတာ တွမ် အင်ဒရူးက ပြောသည်။
လိုအပ်ပါက နိုင်ငံတကာ အသိုက်အဝန်းသည် မြန်မာစစ်ကောင်စီ ဝင်ငွေရနေသည့် ရင်းမြစ်များကို ပိတ်ပင်သင့်ကြောင်း သူကပြောသည်။ ၂၀၁၈ ခုနှစ်တွင် ကုလသမဂ္ဂက ကမကထပြုသည့် စုံစမ်းစစ်ဆေးမှုတွင် ရိုဟင်ဂျာများကို အကြမ်းဖက်မှုများအတွက် မြန်မာစစ်ကောင်စီ ထိပ်တန်းတပ်မှူးများကို လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများဖြင့် စွဲချက်တင်ရန် အကြံပြုသည်။
“မြန်မာစစ်တပ်က အင်အားကြီးမားပြီး ကြောက်စရာ ကောင်းတယ်။ ဒါပေမယ့် ကြီးမားတဲ့ စစ်တပ်ဆိုတာ ရပ်တည်နိုင်ဖို့ ရင်းမြစ်အများကြီး လိုတယ်။ ဒီလို ရက်စက်ကြမ်းကြုတ်မှုတွေ သက်ဆိုးရှည်အောင် လုပ်နေတဲ့ ဒီစစ်ကောင်စီဆီကို ရနေတဲ့ ဝင်ငွေရင်းမြစ်တွေကို ဖော်ထုတ်တဲ့အလုပ်ကို နိုင်ငံတကာ အသိုက်အဝန်းက လုပ်နိုင်တယ်လို့ ကျနော်ထင်တယ်” ဟုလည်း သူက ပြောသည်။
သူ၏ ခရီးစဉ်အတွင် မစ္စတာ တွမ်အင်ဒရူးသည် ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ ၃၇ မိုင် ဝေးသည့် ရေလွှမ်းမိုးလွယ်သော ကျွန်းတခုဖြစ်သည့် ဘာဆန်ချားကျွန်းသို့ ပြောင်းရွှေ့ထားသော ဒုက္ခသည်များနှင့်လည်း တွေ့ဆုံခဲ့သည်။
ယခုနှစ် အောက်တိုဘာလက ကုလသမဂ္ဂနှင့် ဘင်္ဂလားဒေ့ရှ်အစိုးရတို့သည် ရိုဟင်ဂျာ ဒုက္ခသည်များကို ထိုဝေးကွာသော ကျွန်းသို့ ပြန်လည်နေရာ ချထားပေးရေးကို ကူညီရန် သဘောတူစာချုပ် လက်မှတ် ရေးထိုးခဲ့သည်။ ရိုဟင်ဂျာ ဒုက္ခသည်ပေါင်း ၁၉,၀၀၀ ကျော်ကို လူကျပ်နေသည့် ဒုက္ခသည်စခန်းများမှ ထိုကျွန်းသို့ ပို့ဆောင်ထားပြီး ဖြစ်သည်။
“ကူတူပါလောင်ကဖြစ်စေ၊ ဘာဆန်ချားကဖြစ်စေ အခုခရီးစဉ်အတွင်း ကျနော်တွေ့ခဲ့တဲ့ ရိုဟင်ဂျာတိုင်းက ဆန္ဒအလျောက်၊ ဘေးကင်းလုံခြုံ၊ ရေရှည် ဂုဏ်သိက္ခာရှိရှိ ပြန်လို့ရတာနဲ့ နေရပ်ပြန်လိုကြတယ်။ သူတို့ အိမ်ပြန်ချင်ကြတယ်” ဟုလည်း မစ္စတာ အင်ဒရူးက ပြောသည်။
သို့သော် စစ်ကောင်စီသည် ကိုယ့်ပြည်သူကို ပြန်လည်သတ်ဖြတ်နေပြီး ရခိုင်ပြည်နယ်မှ စနစ်တကျ နယ်မြေရှင်းလင်းမှုများ ယနေ့တိုင် ဖြစ်နေသေးကြောင်း သူကပြောသည်။
“အဲဒီလိုဆိုတော့ ရိုဟင်ဂျာတွေ ဘေးကင်းလုံခြုံ၊ ရေရှည် ဂုဏ်သိက္ခာရှိရှိ ပြန်နိုင်တဲ့အခြေအနေတွေ မရှိဘူး။ မြန်မာနိုင်ငံမှာ အဲဒီလိုအခြေအနေတွေ ဖန်တီးဖို့ဆိုတာ အချိန်နဲ့ အားထုတ်မှု အများကြီး လိုအပ်တယ်” ဟုလည်း သူက ဆက်လက်ပြောကြားသည်။
ကျောင်းများပိတ်လိုက်ခြင်းကို လွန်စွာစိုးရိမ်
ရိုဟင်ဂျာဒုက္ခသည်များအတွက် ကျောင်းများကို ပိတ်လိုက်ရန် ဘင်္ဂလားဒေ့ရှ်အစိုးရက ဆုံးဖြတ်ချက် ချလိုက်သောကြောင့် ရိုဟင်ဂျာ ကလေးငယ်မျိုးဆက်တခုလုံး ပညာမဲ့များဖြစ်စေမည့် အန္တရာယ်ရှိကြောင်း မစ္စတာ အင်ဒရူးက ပြောသည်။
နယ်စပ်စခန်းများမှ ခွင့်ပြုချက်မရှိသော ပညာရေးဌာနများကို ပိတ်ရန် ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက ယခု သီတင်းပတ်အတွင်း အမိန့်ထုတ်ပြန်ခဲ့သည်။ ထိုအမိန့်ကို မစ္စတာ အင်ဒရူး ဘင်္ဂလားဒေ့ရှ်ရောက်နေစဉ် ထုတ်ပြန်ခြင်းဖြစ်သည်။
“ကျနော် အဲဒီရောက်နေတုန်း ထုတ်ပြန်လိုက်တဲ့ ပုဂ္ဂလိကကျောင်းတွေ အားလုံး ပိတ်ရမယ်ဆိုတဲ့ အဲဒီ မူဝါဒသစ်ကြောင့် ကျနော်အရမ်းပို စိုးရိမ်ပူပန်တယ်” ဟု သတင်းထောက်များကို သူက ပြောသည်။
ထိုအမိန့်သည် စခန်းမှကလေးများအတွက် ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) က ဖွင့်ထားသည့် ပညာသင်ကြားရေးဌာန ၃,၀၀၀ ခန့်ကို ထိခိုက်စေမည် မဟုတ်ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာသည်။ အစွန်းရောက်ဝါဒများ ကလေးများကို သင်ကြားပေးခြင်းနှင့် တရားမဝင် လုပ်ငန်းများတွင် ပါဝင်စေခြင်းမှ တားဆီးရန် ထိုကျောင်းများကို ပိတ်ခြင်းဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောသည်။
စခန်းများမှ ဒေါသထွက်နေသော တက်ကြွလှုပ်ရှားသူများက ဆန္ဒပြပွဲများအစား လူမှုကွန်ရက်တွင် ကန့်ကွက်နေသည်။ စက်တင်ဘာလက ထိပ်တန်းခေါင်းဆောင်တဦး အသတ်ခံရပြီးနောက် လုံခြုံရေး တင်းကျပ်ထားသည့်အတွက် ဆန္ဒပြပွဲများ စီစဉ်ရန် ခက်ခဲနေသည်။
ဘင်္ဂလားဒေ့ရှ်အစိုးရက ထိုအမိန့်ကို မရုတ်သိမ်းပါက ကလေးငယ် ၃၀,၀၀၀ ပညာသင်ကြားခွင့် ဆုံးရှုံးမည်ဟု အမေရိကန် ပြည်ထောင်စု၊ နယူးယောက်အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (WHR) က ပြောသည်။
ကိုးကား – Al Jazeera, News Agencies
You may also like these stories:
ဒေါ်လာ ၁၅၀ ဘီလီယံ နစ်နာကြေးပေးရန် ရိုဟင်ဂျာ ဒုက္ခသည်များ Facebook ကို တရားစွဲ
ရိုဟင်ဂျာ ဂျီနိုဆိုဒ်အမှု အာဂျင်တီးနား တရားရုံး ကြားနာမည်
ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းမှ ရိုဟင်ဂျာခေါင်းဆောင် ပစ်သတ်ခံရ
ရခိုင်ပြည်နယ်အတွင်းက မွတ်ဆလင်ဒုက္ခသည်များ ရိက္ခာပြတ်လပ်နေ