နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ပုဒ်မနှစ်ခုဖြင့် ယနေ့အမိန့်ချမှတ်ရန် ချိန်းဆိုထားသော် လည်း အထူးသီးသန့်တရားရုံးက ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၀ ရက်အထိ ထပ်မံရွှေ့ဆိုင်းလိုက်ကြောင်း တရားရုံးနှင့် နီးစပ်သူတဦးက ပြောသည်။
ယခုရွှေ့ဆိုင်းမှုသည် ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ပြီးခဲ့သည့် ဒီဇင်ဘာ ၂၀ ရက်ကလည်း အမိန့်ချမှတ်ခဲ့ခြင်း မရှိဘဲ ရွှေ့ဆိုင်းခဲ့သည်။
အမိန့်ချမှတ်မည့် ပုဒ်မ နှစ်ခုသည် စစ်တပ်အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ ရက်က နေပြည်တော်၊ မြနန်းဘုံသာ လမ်းရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အား ဝင်ရောက်စီးနင်းရှာဖွေစဉ် လုံခြုံရေးတပ်ဖွဲ့ဝင်များ အသုံးပြုသည့် စကား ပြောစက်နှင့် Jammer တစုံ (ဆက်သွယ်ရေးဖြတ်တောက်စက်) တွေ့ရှိသည် ဟုဆိုကာ ပို့ကုန် သွင်းကုန် ဥပဒေပုဒ်မ ၈၊ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၇ တို့ဖြင့် စစ်ကောင်စီက တရားစွဲဆိုထားသည့် အမှု ဖြစ်သည်။
ပို့ကုန် သွင်းကုန် ဥပဒေပုဒ်မ ၈ သည် ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်ခံနိုင်သည့်ပုဒ်မဖြစ်ပြီး ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၇ သည် ထောင်ဒဏ် ၁ နှစ်အထိ ချမှတ်ခံရနိုင်သည့် ပုဒ်မ ဖြစ်သည်။
လက်ရှိတွင် ပုဒ်မများစွာဖြင့် တရားစွဲခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ဒီဇင်ဘာ ၆ ရက်က ရာဇသတ် ကြီး ဥပဒေ ပုဒ်မ ၅၀၅-ခ အရ ထောင်ဒဏ် ၂ နှစ်၊ သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဥပဒေပုဒ်မ ၂၅ အရ ထောင်ဒဏ် ၂ နှစ်၊ စုစုပေါင်း ထောင်ဒဏ် ၄ နှစ် ချမှတ်ခံထားရပြီး အကျဉ်းသား ဝတ်စုံဖြင့် အထူးသီးသန့်တရားရုံး တွင် အမှုများအား တက်ရောက် ရင်ဆိုင်ရလျက်ရှိသည်။
သို့သော် အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒေါ်အောင်ဆန်းစုကြည်အား ပြစ်ဒဏ် တဝက်လျော့ပေါ့ပေးကြောင်းနှင့် ကျန်ပြစ်ဒဏ်တဝက်အား လတ်တလော ဖုံးကွယ်ထိန်ချန်ထားသည့် ချုပ်နှောင်ထား ရာ နေရာတွင်ပင် ကျခံရမည်ဖြစ်ကြောင်း ယင်းနေ့တွင်ပင် ကြေညာထားသည်။
ယင်းပြင် ယနေ့ရုံးချိန်းတွင် ဦးညီညီဆိုသူက ဒေါ်ဆန်းစုကြည်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဥပဒေ ပုဒ်မ ၂၅ ဖြင့် သီးခြားစွဲဆိုထားသည့်အမှုတွင် မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က အိုးဘိုထောင် အတွင်းမှ ဗီဒီယို ကွန်ဖရန်းဇင်းဖြင့် သက်သေ ထွက်ဆိုခဲ့သည်။
ဒေါက်တာ ဇော်မြင့်မောင် အနေဖြင့် စစ်ကောင်စီက စွဲဆိုသည့် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-ခ အရ ထောင်ဒဏ် ၂ နှစ်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဥပဒေပုဒ်မ ၂၅ အရ ထောင်ဒဏ် ၂ နှစ်၊ စုစုပေါင်း ထောင်ဒဏ် ၄ နှစ်ချမှတ်ခံထားရပြီး အိုးဘိုထောင်တွင် ချုပ်နှောင်ခံထားရစဉ် ထောင်အာဏာပိုင်များက နေပြည်တော်ရှိ အထူးသီး သန့် တရားရုံးသို့ သက်သေ လာရောက်ထွက်ဆိုရန် ခွင့်မပြုသည့်အတွက် ဗီဒီယိုကွန်ဖရန်းဇင်းဖြင့်သာ ထွက်ဆိုခဲ့ရ ခြင်း ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေါက်တာ ဇော်မြင့်မောင်တို့အနေဖြင့် ဗီဒီယိုကွန်ဖရန်းဇင်းဖြင့်သာ မြင်တွေ့နှုတ်ဆက်ခဲ့ရပြီး ယင်းအမှုအား ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၃ ရက်သို့ ပြန်လည် ချိန်းဆိုထားကာ နှစ်ဖက် အပြန်အလှန် အပြီးသတ် လျှောက် လဲကြမည် ဖြစ်ကြောင်း သိရသည်။
You may also like these stories :
ဒေါ်အောင်ဆန်းစုကြည်အပေါ် တပ်သဘောထား မပြောင်း
မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်အား ထောင်ဒဏ် ၄ နှစ် ချမှတ်
စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့် ဥပဒေချုပ်တို့ကို ထောင် ၂ နှစ်စီချမှတ်