မြန်မာနိုင်ငံ၏ ဒီမိုကရေစီအရေး နှင့် ပတ်သက်ပြီး အမြဲအစဉ်တစိုက် အားပေးခဲ့သူဖြစ်သလို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့်လည်း ရင်းနှီးကျွမ်းဝင်သူဖြစ်သည့် တောင်အာဖရိက နိုင်ငံသား ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဘုန်းတော်ကြီး ဒက်စ်မွန် တူးတူးသည် ယမန်နေ့က (ဒီဇင်ဘာ ၂၆) ရက် ကွယ်လွန်သွားခဲ့သည်။
ကွယ်လွန်ချိန်တွင် အသက် ၉၀ အရွယ်ရှိပြီဖြစ်သော ဘုန်းတော်ကြီး ဒက်စ်မွန်တူးတူးသည် တောင်အာဖရိက နိုင်ငံတွင် လူဖြူ- လူမည်း ခွဲခြားရေးဝါဒစနစ်(Apartheid) ကို ဖျက်သိမ်းရေးအတွက် အကြမ်းမဖက်သော နည်းဗျူဟာဖြင့် ကြိုးစားဆောင်ရွက်ခဲ့မှုများကြောင့် ငြိမ်းချမ်းရေးနိုဘယ်ဆုကို ၁၉၈၄ ခုနှစ်တွင် ရရှိခဲ့သူဖြစ်သည်။
ဘုန်းတော်ကြီးအက်စ်မွန်တူးတူးသည် တောင်အာဖရိကနိုင်ငံက အသားရောင်ခွဲခြားမှုဆန့်ကျင်ရေး လှုပ်ရှားမှုတွင်သာ ထင်ရှားကျော်ကြားသူမဟုတ်ဘဲ ယနေ့ခေတ် လူမျိုးရေးခွဲခြားမှု၊ လိင်တူချစ်သူ (LGBT) အခွင့်အရေးများအတွက်ပါ ဦးဆောင်လှုပ်ရှားသူအဖြစ် ကမ္ဘာ့တလွှားတွင် ထင်ရှားသူလည်း ဖြစ်သည်။
သူသည် မြန်မာနိုင်ငံကို ဒီမိုကရေစီအစစ်အမှန်ရရှိစေလိုသော စိတ်ဆန္ဒရှိသူဖြစ်ပြီး ၂၀၁၃ ခုနှစ်၌ မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့ကာ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်တဦး ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည် နှင့် သူမ၏ ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ နေအိမ်မှာ တွေ့ဆုံခဲ့ကြသည်။
“ဒီမှာရှိရတာ အရမ်းဝမ်းသာပိတိဖြစ်ရတယ်၊ ဒါပေမယ့် မြန်မာနိုင်ငံက တကယ့်အစစ်အမှန် လွတ်လပ် မှုရရှိနေတဲ့ အချိန်ကျရင်လည်း ဒီကို ထပ်ပြီးလာချင်ပါတယ်။ ဒီနိုင်ငံမှာ လူမျိုးရေးပဋိပက္ခတွေ မရှိတဲ့ အခါ ဖြစ်ပေါ်လာမယ့် နိုင်ငံရဲ့ အလားအလာကောင်းတွေကို အပြည့်အဝသဘောပေါက်စေချင်ပါတယ်” ထိုအချိန်က ဘုန်းတော်ကြီး ဒက်စ်မွန် တူးတူးက ပြောခဲ့သည်။
ထို့ပြင် သတင်းဆရာ ဦးဝင်းတင် အပါအဝင် မြန်မာ့နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ ၈၈မျိုးဆက် ကျောင်းသား နိုင်ငံရေးသမား တချို့နှင့်လည်း တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံဒီမိုကရေစီအသွင်အကူးပြောင်း ရေးကိစ္စရပ်များကို ဆွေးနွေးပြောဆိုခဲ့သည်။
မြန်မာနိုင်ငံအနောက်ဘက် ရခိုင်ပြည်နယ် မြောက်ပိုင်းနေ မွတ်ဆလင်များအပေါ် မြန်မာ စစ်တပ်က လူအခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်ပြီးလည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် နှုတ်ဆိတ်မနေရန် ဘုန်းတော်ကြီး မက်စ်မွန်တူးတူးက တိုက်တွန်း စကားဆိုခဲ့သူ ဖြစ်သည်။
You may also like these stories :
ဒေါ်အောင်ဆန်းစုကြည်အပေါ် တပ်သဘောထား မပြောင်း
ဒေါ်အောင်ဆန်းစုကြည်အား အမိန့်မချဘဲ ဒုတိယမြောက် ထပ်မံ ရွှေ့ဆိုင်း