စစ်အာဏာသိမ်းပြီးနောက် ပုဂ္ဂလိကဘဏ်များတွင် ငွေသားထုတ်ယူမှုကို ကန့်သတ်ထားရာမှ ယခုတွင် ဘဏ်တချို့က ကန့်သတ်ချက်တချို့ ဖြေလျော့ပေးသယောင်ဖြင့် ဘဏ်တွင် ငွေအပ်နှံသူ ပြန်လည်ရရှိရန် ကြိုးစားလာသည်။
ပုဂ္ဂလိကဘဏ်တခုဖြစ်သည့် သမဝါယမဘဏ် (CB Bank) က ယခု ဒီဇင်ဘာလ ၁၅ ရက်မှ စတင်၍ Old Account များထံ ငွေသားပေးသွင်းမှုကို ပြုလုပ်ပါက အကန့်အသတ်မရှိ ၁၀၀ ရာခိုင်နှုန်း ငွေသား ပြန်လည်ထုတ်ယူနိုင်ပြီဖြစ်ကြောင်း CB Bank က အသိပေး ကြေညာချက်တစောင် ထုတ်ခဲ့သည်။
CB ဘဏ်ခွဲတခု၏ တာဝန်ရှိသူတဦးက “အခု ကြေညာတဲ့ ပုံစံကတော့ ဘဏ်အကောင့်အသစ် ထပ်ဖွင့်စရာ မလိုပါဘူး။ ရှိပြီးသား ငွေစု အကောင့်ကိုပဲ ဒီဇင်ဘာ ၁၅ ရက် နောက်ပိုင်းမှာ ငွေသား လာအပ်တဲ့သူတွေဖြစ်ဖြစ်၊ တခြားနယ်တွေက ဘဏ်ကို ငွေသား အလွှဲအပြောင်း လုပ်တဲ့ သူတွေပဲ ထုတ်လို့ ရပါမယ်။ အွန်လိုင်းထရန်စဖာနဲ့ အလွှဲအပြောင်း လုပ်ရင်တော့ မရပါဘူး။ ဘဏ်ကောင်တာကနေ ငွေသားအပ်သူတွေပဲ ရပါမယ်” ဟု ရှင်းပြသည်။
မူလအကောင့်အဟောင်းမှ ဒီဇင်ဘာလ ၁၅ ရက်မတိုင်မီ အပ်နှံငွေများ ပြန်ထုတ်ချင်ပါက CB Pay မှ တုံကင်ယူပြီး လုပ် ငန်းရှင် မဟုတ်ပါက ၂ ပတ်လျှင် ကျပ် ၅ သိန်းနှင့် လုပ်ငန်းရှင်ဖြစ်ပါက၂ ပတ်လျှင် ကျပ်သိန်း ၂၀ ထုတ်ယူခွင့်ရှိမည် ဖြစ် ကြောင်း ၎င်းက ဆိုသည်။
စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ဘဏ်တွင် အပ်နှံထားသည့် ငွေများကို အကန့်သတ်ဖြင့်သာ ထုတ်ယူခွင့်ပြု ခြင်းကြောင့် ပြည်သူများ အခက်အခဲများ ဖြစ်ပေါ်ခဲ့သလို ယင်းနောက်ပိုင်းတွင် ပြည်သူများ အနေဖြင့် ဘဏ်များအပေါ်တွင် ယုံကြည်မှု ကျဆင်းကာ၊ အပ်နှံမှုများ မရှိတော့သလောက် နည်းပါးသွားသည့်အတွက် ယခုကဲ့သို့ ပြန်လည်အပ်နှံကြရန် ကြိုးပမ်းလာခြင်းဖြစ်ကြောင်း ပြောဆိုမှုများလည်း ရှိသည်။
ထိုသို့ မိမိတို့၏ အပ်နှံငွေများ ထုတ်ယူခွင့် မရခြင်းကြောင့် ပြင်ပတွင် ငွေကျပ် ၁ သိန်းလျှင် ၃ ရာခိုင်နှုန်းမှ ၇ ရာခိုင်နှုန်းထိ အလိုက်ပေး၍ ထုတ်ယူနေကြရကြောင်း သိရသည်။
ယင်းနှင့် ပတ်သက်ပြီး ဘဏ်တွင် ငွေအပ်နှံထားသူတဦးက “အခုလို လုပ်တာ ဘာမှတော့ မထူးဘူး။ တပတ်လှည့်တဲ့ သဘောပဲ။ ကိုယ့်ငွေနဲ့ကိုယ် အချိန်ကုန်၊ အပိုပေးနေရတာ အခုထိ ငွေကြေးစီးဆင်းမှုက အဆင်မပြေသလို ဘဏ်မှာ အပ်တဲ့သူ မရှိလို့ ငွေလာအပ်အောင် လုပ်တဲ့သဘောပဲ။ သူတို့က အွန်လိုင်းထရန်စဖာတောင် မရဘူး။ ငွေအပုံ လိုက် သွားအပ်မှ ငွေပြန်ထုတ်ပေးမယ့်သဘောပဲ” ဟု ပြောပြသည်။
ထို့ကြောင့် ဘဏ်ရှိ မိမိပိုင် ငွေသားများကို ထုတ်ယူမည်ဆိုပါက အကန့်အသတ်များမှာ လက်ရှိအချိန်ထိ ရှိနေဆဲဖြစ်ပြီး လတ်တလော ပြောင်းလဲလိုက်သည့် ဒီဇင်ဘာလ ၁၅ နောက်ပိုင်း ငွေသွင်း၊ ငွေထုတ်ယူရာတွင်လည်း ယခင်ကဲ့သို့ လွယ်လွယ်ကူကူ ထုတ်ယူနိုင်မည် မဟုတ်သလို ATM စက်များတွင်လည်း ငွေထုတ်ယူ၍ ရမည်မဟုတ်သေးကြောင်း ဘဏ်သို့သာ လာရောက် ထုတ်ယူရမည် ဖြစ်ကြောင်း သိရသည်။
ဆောက်လုပ်ရေး လုပ်ငန်းရှင်တဦးက “ကျနော်တို့ကတော့ လုပ်ငန်းအတွက် ငွေက လည်ပတ်နေတော့ နေ့တိုင်း လို အပ်ချက် ရှိတယ်။ အလုပ်သမားတွေရဲ့ လုပ်အားခတွေ ရှင်းပေးရတာတွေ ရှိတယ်။ အဲဒီတော့ ရသလို ရသလောက်နဲ့ ရာခိုင်နှုန်းပေးပြီး ထုတ်နေရတာ။ အခုကာလမှာ ကုန်ဈျေးနှုန်းကြောင့်ရော ဘဏ်ကနေ ရာခိုင်နှုန်း ပေးထုတ်ရတာ ရော ဆိုရင် အပိုကုန်ကျငွေတွေ အရမ်းများတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ဘဏ်များတွင် အပ်နှံထားသည့် မိမိ ကိုယ်ပိုင်ငွေများကို ပြန်လည်ရယူနိုင်ရန်အတွက် အာဏာသိမ်းပြီး ၁၁ လ နီးပါးအထိ ရာခိုင်နှုန်းတခုပေး၍ ထုတ်ယူနေရသည့် ဈေးကွက်မှာ လက်ရှိအထိ ကြီးမားနေဆဲ ဖြစ်ကြောင်း သိရသည်။
ယခုလို ရာခိုင်နှုန်းပေး၍ ငွေသား လဲလှယ်ပေးနေသည့်သူများကို ဖမ်းဆီး အရေးယူသွားမည်ဟု ဆိုကာ စစ်ကောင်စီက ကြေညာပြီး ငွေတိုးယူလဲပေးသူ တဦးကို မေလ ၃၁ ရက်က စတင်ဖမ်းဆီးမှု ပြလုပ်သော်လည်း ထူးခြားမှု မရှိပေ။
ယနေ့အချိန်အထိပင် ဘဏ်များမှ ငွေထုတ်ယူရန် ခက်ခဲနေသည့်အတွက် ယင်းဈေးကွက်မှာ အလုပ်ဖြစ်နေဆဲ ဖြစ်သည်။
AYA ဘဏ်အနေဖြင့်လည်း ပြီးခဲ့သည့် လပိုင်းတွင် ဘဏ်အကောင့်ဟောင်းများတွင် ငွေထုတ်ယူခွင့်ကို ကန့်သတ်ထားပြီး အကောင့်သစ်တခု ထပ်မံဖွင့်လှစ်ကာ ငွေသား အကန့်အသတ်မရှိ ထုတ်ယူနိုင်ကြောင်း ထုတ်ပြန်ခဲ့သေးသည်။
ရန်ကုန်မြို့နေသူ တဦးက “အရင်လို ဝင်ငွေက မရသလို ကျန်းမာရေးအတွက် အသုံးလိုရင်တော့ ကိုယ်အပ်ထားတဲ့ ငွေက ထုတ်ဖို့ ခက်တော့ သွားလည်း မအပ်ရဲတော့ဘူး။ ရှိတဲ့ ပိုက်ဆံ ရသလောက် သိမ်းလိုက်တယ်။ ဒါမှမဟုတ်လည်း အပြင်မှာ လှည့် သုံးတယ်။ ဘဏ်တွေက ထုတ်ပြန်ချက်တွေသာ ထုတ်နေတာ အခုချိန်ထိ ပြေလည်အောင် မလုပ်ပေးနိုင်သေးဘူး” ဟု မှတ်ချက်ပြုသည်။
ထိုသို့ ဘဏ်များမှ မိမိတို့၏ အပ်နှံထားသည့် ငွေများ ပြန်ရရန်အတွက် ကိုဗစ်ရောဂါ ကူးစက်ပျံ့ပွားနေသည့် ကာလ ဖြစ် သော်လည်း ATM စက်များတွင် တန်းစီခြင်း၊ ဘဏ်များတွင် အချိန်ကြာမြင့်စွာ တန်းစီ ငွေထုတ်ယူနေရသဖြင့် ဘဏ်စာရင်း ပိုင်ရှင်များအနေဖြင့် လက်ရှိ ဘဏ်စနစ်ကို စိတ်ပျက်နေကြကြောင်း သိရှိရသည်။
You may also like these stories:
ယွမ်/ကျပ် တိုက်ရိုက်ပေးချေခွင့် ဆောင်ရွက်ရန် နိုင်ငံခြားဘဏ်နှစ်ခု စစ်ကောင်စီ ခွင့်ပြု
ဘဏ်စနစ်ကြောင့် ဆောက်လုပ်ရေး လုပ်ငန်းများ အခက်အခဲဖြစ်
ဗဟိုဘဏ်၏ ငွေသားနှင့်ပေးချေမှု ကန့်သတ်ချက် ဈေးကွက်ကို ထိန်းချုပ်သည့်ပုံဖြစ်နေ