စစ်ကောင်စီ၏ ဖမ်းဆီးခံရပြီး တရက်အကြာ စစ်ကြောရေး၌ သေဆုံးခဲ့သည့် ရန်ကုန်တက္ကသိုလ်၊ ဘူမိဗေဒ တတိယနှစ် ကျောင်းသား ကိုအောင်ဘုန်းကျော်၏ ရုပ်အလောင်းကို ယမန်နေ့က ရေဝေး သုသာန်တွင် မိသားစု ကို အသိမပေးဘဲ သဂြိုဟ်လိုက်ကြကြောင်း သိရသည်။
ကိုအောင်ဘုန်းကျော်အား စစ်ကောင်စီက ဒီဇင်ဘာလ ၂၆ ရက်တွင် ရန်ကုန်မြို့၊ တာမွေမြို့နယ်တွင် ဖမ်းဆီးခဲ့ပြီး ရန်ကုန် မြို့ရှိ စစ်ကြောရေးတခုသို့ ခေါ်ဆောင်ကာ ၁ ရက်အကြာ ဒီဇင်ဘာလ၂၇ ရက်၌ သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း ရန်ကုန် တက္က သိုလ် ကျောင်းသားသမဂ္ဂမှ ထုတ်ပြန်ထားသည်။
ရန်ကုန် တက္ကသိုလ် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကိုအောင်ကောင်းဆက်က “စစ်ကောင်စီဘက်က အကြောင်းကြားတာ တော့ မဟုတ်ဘူး။ မိသားစုက သဂြိုဟ်ခါနီးမှ သူတို့ အဆက်အသွယ်နဲ့သူတို့ သိရပြီးတော့ ရေဝေးကို လိုက်ပေမယ့် အလောင်းကို မတွေ့လိုက်ရပါဘူး” ဟု ပြောသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ မိသားစုဝင်များကို ဆက်သွယ် မေးမြန်းသော်လည်း လုံခြုံရေးအခြေအနေအရ မဖြေဆို လိုကြောင်း ပြောဆိုသည်။
“ကိုအောင်ဘုန်းကျော်နဲ့ အတူတူ ၃ ယောက်လောက် အဖမ်းခံရတယ်လို့လည်း ကြားရတယ်။ နောက်ပြီးတော့ ရန်ကုန် တက္ကသိုလ် ဘူမိဗေဒဌာန တတိယနှစ်က ကိုသူရအောင်လည်း သူနဲ့အတူ အဖမ်းခံရတယ်လို့ သိရတယ်။ သူက လက်ရှိမှာ စစ်ကြောရေးကို ရောက်နေတယ်လို့ သိရတယ်” ဟု ကိုအောင်ကောင်းဆက်က ပြောသည်။
သေဆုံးသူ ကိုအောင်ဘုန်းကျော်နှင့်အတူ ဖမ်းဆီးခံရသူများအား စစ်ကောင်စီက မည်သည့်အတွက်ကြောင့် ဖမ်းဆီးခဲ့ သည်ကို မသိရှိရသေးသလို မည်သို့ သေဆုံးသည် ဆိုသည့် အကြောင်းအရာများကို မသိရှိရကြောင်း ဆိုသည်။
ကိုအောင်ဘုန်းကျော် သေဆုံးခဲ့ခြင်းနှင့် ပတ်သက်၍ ရန်ကုန်တက္ကသိုလ် ဘူမိဗေဒဌာနမှ ဆရာ/ ဆရာမ ၊ ကျောင်းသား/ ကျောင်းသူများမှ ဝမ်းနည်းကြောင်း သဝဏ်လွှာ ထုတ်ပြန်ခဲ့ပြီး ၎င်းတို့အနေဖြင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးအား ဆုံးခန်းတိုင်အောင် ဆက်လက်လုပ် ဆောင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
ပြီးခဲ့သည့် ရက်ပိုင်းက ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ အလုပ်အမှုဆောင် ကိုအောင်ဖုန်းမော်အား စစ်ကောင် စီက ပုဒ်မ ၅၀၅ -က ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့သည်။
“ဒီလို နိုင်ငံရေးမှာ တက်ကြွလှုပ်ရှားတဲ့ စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ လူငယ်တွေကို စစ်ကောင်စီက ပြင်းပြင်းထန်ထန်ကို ဖိနှိပ်တယ်။ ပြီးတော့ လူငယ်တွေကို ဦးချိုးနေတယ်။ အညွန့် ချိုးနေတယ်။ ပြီးတော့ အင်းစိန်ထောင်ထဲမှာဆိုရင်လည်း သမဂ္ဂက အဖမ်းခံရတဲ့ ကျောင်းသားတွေလည်းရှိနေတယ်။ သူတို့ကိုလည်း တိုက်ပိတ်တာတွေ ညှဉ်းပန်းနှိပ်စက်တာတွေ လည်း လုပ်နေပါတယ်။ ထောင်တွင်း သပိတ်ကြောင့် ရိုက်နှက် နှိပ်စက်ခံရတဲ့သူတွေ ဆေးကုသခွင့် မရသေးဘူး” ဟု ကိုအောင်ကောင်းဆက်က ပြောသည်။
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ဖြစ်သည့် ဒီဇင်ဘာ ၁၀ ရက်တွင် တနိုင်ငံလုံး အတိုင်း အတာဖြင့် စစ်အာဏာသိမ်းမှု ဆန့်ကျင်ကြောင်း အသံတိတ်သပိတ် ပြုလုပ်သည့်နည်းတူ အင်းစိန်ထောင်အတွင်းမှ နိုင်ငံရေးအကျဉ်းသား၊ အချုပ်သား များကလည်း သပိတ်ဆင်နွှဲခဲ့ကြခြင်းဖြစ်ပြီး ထောင်အာဏာပိုင်များ၏ ရိုက်နှက်မှုကြောင့် ဒဏ်ရာများရရှိထားသည့် ကျောင်း သား လူငယ်အချို့အား ယခုအချိန်အထိ ဆေးကုသခွင့် မပေးသေးကြောင်း သိရသည်။
ထောင်တွင်း အသံတိတ်သပိတ်တွင် ပါဝင်ခဲ့သည့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ဒု ဥက္ကဋ္ဌ ကိုဝေ ယံဖြိုးမိုး၊ ရန်ကုန်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ ကျောင်းသားထုအခွင့်အရေး တာဝန်ခံ ကိုလေပြေစိုးမိုး၊ ရန်ကုန် ပညာရေး တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ ဒုဥက္ကဋ္ဌ ကိုဇော်ထက်နိုင်(ခ) ကိုဆစ်နိုင် တို့ အပါအဝင် နိုင်ငံရေး အကျဉ်း သား/ အချုပ်သား ၈၉ ဦး ရိုက်နှက်ခံရကာ ပင်မ အကျဉ်းထောင် ပြစ်ဒဏ်တိုက်များတွင် တိုက်ပိတ်ခံထားရကြောင်း သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၉ ရက်က ရန်ကုန်မြို့တွင် ဖမ်းဆီးခံခဲ့ရသည့် ဓာတ်ပုံ သတင်းထောက် ကိုဇော်လင်းထွဋ်နှင့် ရန်ကုန် တက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ မဆုရည်လင်းတို့အားလည်း ဖမ်းဆီးသွားပြီးနောက် မည်သည့်နေရာသို့ ခေါ်ဆောင်သွားသည်ကို ယခုအချိန်ထိ မသိရသေးပေ။
စစ်တပ်က အာဏာသိမ်းပြီးနောက် အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၏ လက်ချက်ဖြင့် သေဆုံးသူ စုစုပေါင်း ၁,၃၇၇ ဦး ရှိပြီ ဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ပြုစုထားသည့်သည့် စာရင်း များတွင် ဖော်ပြထားသည်။
You may also like these stories:
စစ်တပ်ဖမ်းသွားသည့် ခွန်ဆာ တပ်ဖွဲ့ဝင်ဟောင်းများထဲမှ ၂ ဦး စစ်ကြောရေး၌သေဆုံး
အလွတ်တန်းသတင်းထောက် ကိုစိုးနိုင် စစ်ကြောရေး၌ သေဆုံးမှုအပေါ် သူတို့အမြင်
ထောင်တွင်း အသံတိတ်သပိတ် ပါဝင်၍ ရိုက်နှက်၊ တိုက်ပိတ်ခံရသူများ၏ အခြေအနေ စိုးရိမ်ရ