စစ်ကိုင်းပညာရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ဥက္ကဋ္ဌ မအေးနန္ဒာစိုးသည် စစ်ကြောရေးတွင် ၃ လကျော်ကြာသည်အထိ ထိန်းသိမ်းခံထားရပြီး ကျန်းမာရေး မကောင်းဖြစ်နေသော်လည်း စစ်ကောင်စီက ဆေးကုသခွင့် ပိတ်ပင်ထားသည်ဟု ၎င်းနှင့်နီးစပ်သည့်အသိုင်း အဝိုင်းများထံမှ သိရသည်။
မအေးနန္ဒာစိုးအား စက်တင်ဘာ ၁၉ ရက်နေ့က အရပ်ဝတ် ဝတ်ဆင်ထားသော စစ်ကောင်စီတပ်များက အင်အားအလုံး အရင်းဖြင့် ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်း ဖြစ်သည်။
ရတနာပုံတက္ကသိုလ်ကျောင်းသားသမဂ္ဂမှ ကျောင်းသားတဦးက “မအေးနန္ဒာစိုးကို ဖမ်းဆီးသွားတာလည်း ကြာပြီ၊ လက်ရှိအချိန်ထိ ထောင်ကိုလည်း မရောက်သေးဘူး၊ ဘာပုဒ်မနဲ့ အမှုဖွင့်ထားသလဲဆိုတာ မသိရသေးဘူး၊ ဘာမှလဲ အမှု ဖွင့်ထားခြင်း မရှိသေးဘဲနဲ့ မန္တလေး နန်းတွင်းစစ်ကြောရေးမှာ တယောက်ထဲ အခန်းပိတ်ခံထားရတယ်လို့ သိရတယ်၊ ပြီးတော့ ကျန်းမာရေး မကောင်း ဖြစ်နေတာကို ဆေးကုသခွင့်လည်း မပေးဘူးလို့ သိရတယ်” ဟု ပြောသည်။
မအေးနန္ဒာစိုးသည် စစ်ကိုင်းပညာရေးတက္ကသိုလ်မှ စတုတ္ထနှစ်ကျောင်းသူတဦးဖြစ်ပြီး စစ်ကိုင်းပညာရေးတက္ကသိုလ် သပိတ်စစ်ကြောင်း ဦးဆောင်သူတဦးလည်း ဖြစ်သည်။ အလုပ်ကိစ္စဖြင့် ခရီးသွားစဉ် စက်တင်ဘာလ ၁၉ ရက် ညနေပိုင်းက စစ်ကိုင်းတံတားအဆင်း နှာပေါက်အရောက်တွင် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။
အာဏာသိမ်း စစ်ကောင်စီက စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် ပါဝင်သူများ ဖမ်းဆီးခံရလျှင် စစ်ကြောရေး စခန်းများတွင် လူမဆန်စွာ နှိပ်စက်၍ စစ်မေးခြင်းများ ပြုလုပ်လေ့ရှိပြီး ဘာသာခြားများ၊ လိင်စိတ်ကွဲပြားသူများ၊ ကျောင်းသားသမဂ္ဂနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အား ထောက်ခံသူများဆိုလျှင် ပိုမို၍ ပြင်းထန်စွာ နှိပ်စက်လေ့ရှိသည်။
ထိုသို့ အခြေအနေများကြောင့် ယခုအခါ ကျန်းမာရေး ကောင်းမွန်မှု မရှိသော မအေးနန္ဒာစိုး၏ အသက်အန္တရာယ်အတွက်ကို ပါ မိသာစုဝင်များက စိုးရိမ်နေကြသည်ဟု ဆိုသည်။
ထို့အပြင် ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့တွင် ဖမ်းဆီးခံခဲ့ရသည့် လက်ပံတန်းမြို့နယ်လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂဥက္ကဋ္ဌဟောင်း ကိုအောင်ကုဋေစိုးကိုလည်း ဒီဇင်ဘာ(၁၆)ရက်နေ့က သာယာဝတီခရိုင်တရားရုံးက ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(က)ဖြင့် ထောင်ဒဏ်(၃)နှစ် ချမှတ်ထားသေးသည်။
You may also like these stories :
ဒေါ်အောင်ဆန်းစုကြည်အပေါ် တပ်သဘောထား မပြောင်း
မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်အား ထောင်ဒဏ် ၄ နှစ် ချမှတ်
စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့် ဥပဒေချုပ်တို့ကို ထောင် ၂ နှစ်စီချမှတ်