အာဏာသိမ်းစစ်ကောင်စီ၏ ကိုယ်စားလှယ်အဖွဲ့နှင့် လတ်တလောတွင် တွေ့ဆုံဆွေးနွေးရန် မရှိသေးကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ဒုဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ဧရာဝတီသို့ပြောသည်။
၎င်းက “အခုလောလောဆယ်ကတော့ တွေ့ဖို့မရှိသေးဘူးပေါ့။ ဆိုလိုတဲ့ သဘောက တိုက်ပွဲဖြစ်နေတဲ့ ကာလမှာ တွေ့ဖို့က အခက်အခဲတော့ရှိတာပေါ့။ တိုက်ပွဲရပ်ပြီး ပုံမှန်အနေအထားပြန်ရောက်ဖို့အတွက်ကတော့ ထုတ်ပြန်ချက်ထုတ်ပြီး ကျနော်တို့ တောင်းဆိုထားတာတော့ရှိပါတယ်” ဟု ဆိုသည်။
ကရင်ပြည်နယ်တွင် စစ်ကောင်စီတပ်များနှင့် KNU လက်အောက်ခံ တပ်များအကြား နေ့စဉ်နီးပါး တိုက်ပွဲပြင်းထန်လာ သည့်နောက် စစ်ကောင်စီ၏ အမျိုးသားစည်း လုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ (NSPNC) က KNU နှင့်တွေ့ဆုံဆွေးနွေးရန် အသင့်ရှိကြောင်း ၎င်းတို့အာဘော် ဖော်ပြနေသည့် သတင်းမီဒီယာအချို့မှတဆင့် ထုတ်ပြန်နေသည်ကိုတွေ့ရသည်။
KNU အနေနှင့် ပြဿနာများကို စစ်ရေးနည်းနှင့် ဖြေရှင်း၍မရဆိုသည့်မူ ရှိထားသော်လည်း မြေပြင်တွင်စစ်ကောင်ဘက်က အင်အားသုံး ထိုးစစ်ဆင်နေပြီး တဖက်က ငြိမ်းချမ်းရေးဆွေးနွေးရန် ပြောနေခြင်းသည် လက်တွေ့အားဖြင့် တွေ့ဆုံဆွေးနွေးရန် အခက်အခဲရှိကြောင်း ပဒိုစောကွယ်ထူးဝင်းက ပြောသည်။
KNU နှင့် စစ်ကောင်စီတပ်များအကြား လေးကေကော်ဒေသတွင် တိုက်ပွဲစတင်ဖြစ်ပွားသည့် ဒီဇင်ဘာလ ၁၅ ရက်မတိုင်ခင် အခြေအနေမျိုး ပြန်လည်တည်ငြိမ်မှသာ ဆွေးနွေးရေး ဖြစ်နိုင်ချေရှိကြောင်း ၎င်းက ဆိုသည်။
ပဒိုစောကွယ်ထူးဝင်းက “ကျနော်တို့ ပြောနေ၊ တောင်းဆိုနေတာက အပစ်ရပ်ပါ။ တပ်အင်အားဖြည့်တင်းတာကိုရပ်ပါ။ လူထုတွေလည်း တိုက်ပွဲ မဖြစ်ခင်က ပုံမှန်အနေအထားအတိုင်းဖြစ်မှ တွေ့ဆုံဆွေးနွေးဖို့ဖြစ်နိုင်မှာပေါ့။ အခုအနေအထားက သူက စစ်ရေးအရ လက်ဦးမှု ရယူပြီး ဖိနေတာပေါ့။ ပြောရရင် ဒါက လက်တွေ့မကျဘူးလေ။ ဘာဖြစ်လို့လဲဆိုတော့ ဒီကိစ္စက ကျနော်တို့ အဖွဲ့အစည်းပြဿနာတင်မဟုတ်ဘူး။ လူထုပါပါလာတာကိုး။ လူထုကို လက်နက်ကြီးတွေနဲ့ ပစ်တယ်။ မတန်တဆအားသုံးတယ်။ လေယာဉ်ပျံတွေ သုံးတယ်။ ဒါကတော်တော်ဆိုးဝါးတဲ့ အနေအထား ကျနော်တို့ လက်ခံနိုင်တဲ့အနေအထားမဟုတ်ဘူး” ဟု ပြောသည်။
လက်ရှိတွင် အာဏာသိမ်းစစ်ကောင်စီသည် KNU ၏ တပ်မဟာ ၆ လှုပ်ရှားရာ လေးကေကော်မြို့သစ်၊ မဲ့ထော်သလေးရွာ ၊ မေတ္တာလေးမြိုင်ရွာ၊ မင်းလက်ပံရွာ၊ ဖလူးကြီးနှင့် ဖလူးလေး စသည့်ကျေးရွာများသို့ အမြောက်ကြီးများဖြင့် နေ့စဉ်နီးပါး ပစ်ခတ်နေသလို တိုက်ခိုက်ရေး ရဟတ်ယာဉ် ၊ လေယာဉ်ပျံတို့ဖြင့် ဗုံးကြဲတိုက်ခိုက်နေမှုများရှိသည်။
ထိုသို့ စစ်ကောင်စီသည် တဖက်က အင်အားသုံးတိုက်ခိုက်နေသော်လည်း တနိုင်ငံလုံး အပစ်ရပ်စာချုပ် (NCA) လက်မှတ်ထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြင့်ဖွဲ့ထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) မှ တဆင့် (KNU) နှင့် တွေ့ဆုံဆွေးနွေးရန် အသင့်ရှိကြောင်း စာပေးပို့ ဆက်သွယ်နေခြင်းလည်းဖြစ်သည်။
ကရင်ပြည်နယ်တွင် စစ်ကောင်စီ၏ ထိုးစစ်ကြောင့် ထိုင်းနိုင်ငံဘက်သို့ နေရပ်စွန့်ခွာထွက်ပြေးသူ ၅ ထောင်ကျော်ရှိပြီး ထိုင်း-မြန်မာနယ်စပ်အနီး တောတောင်များထဲတွင် ပုန်းအောင်းနေရသူ ၄၀၀၀ ခန့်ရှိကြောင်း စစ်ရှောင်များအား ကူညီနေသူများထံမှသိရသည်။