မြန်မာ့နိုင်ငံရေး၊ လုံခြုံရေးအခြေအနေများကြောင့် ပြည်တွင်း ခရီးသွားလုပ်ငန်းများ လာမည့် ၂၀၂၂ ခုနှစ် တွင်လည်း ပြန်လည်ပတ်နိုင်မည့်အခြေအနေ မရှိသေးကြောင်း ခရီးသွား လုပ်ငန်းရှင်များထံက သိရသည်။
ပြီးခဲ့သည့် ၂၀၂၀ နှစ်ဦးကတည်းက ရပ်တန့်ခဲ့သည့် ခရီးသွားလုပ်ငန်းမှာ အာဏာသိမ်းပြီးနောက်ပိုင်းတွင် ပို၍ အခြေအနေ ဆိုးဝါးခဲ့ပြီး ယခု ၂၀၂၁ ခုနှစ် တနှစ်လုံးတွင် ရပ်တန့်လုနီးပါး ဖြစ်ခဲ့ရကြောင်း လုပ်ငန်းရှင်များက ဆိုသည်။
ပြည်တွင်း ခရီးသွား လုပ်ငန်းရှင်တဦးက “နှစ်နှစ်နီးပါး ရှိနေပြီ။ အခု ခရီးသွားလုပ်ငန်းက အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင် ဘာ သုံးလအတွင်းတော့ ပြည်တွင်း ခရီးသွား နည်းနည်း ပြန်ရလာတယ်။ လေကြောင်း လက်မှတ်တွေ နည်းနည်း ရောင်းရ တယ်။ ကားငှားတာတွေနည်းနည်းရှိတယ်။ ဟိုတယ်တွေကနေ နှစ်ညအိပ်၊ သုံးရက်ဆိုတဲ့ အစီအစဉ်လေးတွေပေါ့။ အဲဒါ လေးတွေ နည်းနည်း ရောင်းရတာလောက်ပဲရှိပြီးတော့ ခရီးသွားလုပ်ငန်းကြီး လည်ပတ်ရအောင်လို့ကို မလည်သေးဘူး။ ခရီးသွား ကုမ္ပဏီ တော်တော်များများကတော့ ရပ်တန့်နေတယ်” ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိတွင် ခရီးသွားဝန်ဆောင်မှု ကုမ္ပဏီ ၉၅ ရာခိုင်နှုန်းမှာ လုံးဝရပ်ဆိုင်းထားရပြီး ကျန်သည့် ၃၊ ၄ ရာခိုင်နှုန်းကသာ ပြည်တွင်း ကားလက်မှတ်ရောင်းပေးခြင်း၊ အငှားယာဉ်ဝန်ဆောင်မှု ပေးခြင်းတို့ကို လုပ်ဆောင်နေရကြောင်း ၎င်းက ပြောဆို သည်။
လက်ရှိတွင် ပြည်တွင်း ခရီးသွားများ ပြန်လည် သွားလာကြသည် ဆိုသော်လည်း အနည်းငယ်သာဖြစ်ပြီး ပြည်ပခရီးသွားမှာ လုံးဝ မရှိသည့် အခြေအနေဖြစ်ကြောင်း၊ အကယ်၍ လာမည့် ၂၀၂၂ ခုနှစ် ပထမသုံးလပတ်ထဲတွင်မှ ခရီးသွားနှင့် ပတ် သက်သည့် မူဝါဒ ကြေညာချက်များ မလုပ်နိုင်လျှင် လာမည့်နှစ်လည်း ခရီးသွားလုပ်ငန်းအတွက် မျှော်လင့်ချက်မဲ့သည့် အနေအထား ဖြစ်ကြောင်း သိရသည်။
ထိုပြင် လက်ရှိနိုင်ငံရေး အခြေအနေနှင့် လုံခြုံရေး အခြေအနေများကြောင့်လည်း လာမည့် ၂၀၂၂ ခုနှစ်ထဲတွင် ခရီးသွား လုပ်ငန်းများ ပြန်လည် စတင်မည် မဟုတ်ဟု ခရီးသွားလုပ်ငန်းရှင်များက ပြောသည်။
“ဒါကြောင့် ၂၀၂၃ ခုနှစ်လောက်မှသာ ပြန်စနိုင်မယ်လို့ မျှော်လင့်ထားကြတယ်။ ကိုဗစ်ဖြစ်တယ်။ နိုင်ငံရေး ပဋိပက္ခတွေ ဖြစ်တယ်။ ဒီအပေါ်မှာ ကျနော်တို့ ခရီးသွား လုပ်ငန်းကြီးက မှီခိုနေတယ်။ နိုင်ငံရေး မတည်ငြိမ်မှုပေါ်မှာ မူတည်ပြီးတော့ ဒေသတွင်းမှာပါ လုံခြုံရေး မတည်ငြိမ်မှုတွေ ဖြစ်လာတယ်။ ပြည်တွင်း ခရီးသွားက မတိုးတက်ဘူး။ အခုက ခရီးသွားကာလ ဖြစ်တဲ့အတွက် ပြည်တွင်းခရီးသွားက တရှိန်ထိုး တက်ရမယ့် အခြေအနေမှာ ရှိပေမယ့် တိုးတက်သင့်သလောက် မတိုး တက်ဘူး” ဟု ခရီးသွားလုပ်ငန်းရှင် တဦးက သုံးသပ်ပြောပြသည်။
မြန်မာပြည်တွင်း ခရီးသွားသည့်အခါ လုံခြုံရေးအရ စစ်ဆေးမှုများကို အထပ်ထပ် ပြုလုပ်ခြင်း၊ သန်းခေါင်စာရင်းစစ်ခြင်း၊ ညမထွက်ရ အမိန့်များ ထုတ်ထားခြင်း တို့ကြောင့်လည်း အဟန့်အတားရှိနေသည်ဟု ၎င်းက ပြောသည်။
“ရန်ကုန်ကနေ မန္တလေးသွားမယ်ဆိုရင် ၅ နေရာ၊ ၆ နေရာ မကဘူးပေါ့။ ကျန်တဲ့မြို့တွေမှာလည်း မြို့ တမြို့ဝင်တာနဲ့ အဝင် ရော၊ အထွက်ရော စစ်တာတွေ ဆိုတော့ ခရီးသွားတွေအတွက် စိတ်အနှောင့်အယှက် အများကြီးဖြစ်တယ်။ ဒါကြောင့် လည်း မသွားကြသေးဘူး။ နိုင်ငံရေးနဲ့ လုံခြုံရေးက ခရီးသွားလုပ်ငန်းအပေါ် ၁၀၀ ရာခိုင်နှုန်းလောက် မှီခိုနေတယ်” ဟု ၎င်းက ဆိုသည်။
ခရီးသွား လုပ်ငန်းများအနေနှင့် ကိုဗစ်-၁၉ စတင်ဖြစ်ပွားသည့် အချိန်တွင် ယင်းကပ်ရောဂါကြီးပြီးပါက ပြန်လည် လည်ပတ် နိုင်မည်ဖြစ်သောကြောင့် ကြံ့ကြံ့ခိုင်ခိုင် ရပ်တည်နိုင်ကြသော်လည်း အာဏာသိမ်းပြီးနောက်ပိုင်းတွင် ခရီးသွားလုပ်ငန်း လုပ်ကိုင်သူများ မျှော်လင့်ချက်မဲ့ခဲ့ရသည်ဟု ၎င်းက ထပ်လောင်း ပြောကြားသည်။
“ကိုဗစ် ပထမ၊ ဒုတိယ၊ တတိယလှိုင်း ပြီးသွားတဲ့အချိန်မှာ အခြားနိုင်ငံတွေက ပြန်စနိုင်ကြပြီ။ ကိုယ့်နိုင်ငံကတော့ နိုင်ငံရေး အပြောင်းအလဲတွေ ဖြစ်လာပြီးတော့ ခရီးသွားလုပ်ငန်းရှင်တွေ စိတ်ပျက်သွားကြတယ်။ အဲဒီအတွက် မျှော်လင့်ချက် မဲ့သွား တော့ တခြား လုပ်ငန်းတွေကို ကူးပြောင်းသွားတယ်” ဟု ၎င်းက ရှင်းပြသည်။
ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီး နောက်ပိုင်းမှ စတင်ပြီး ခရီးသွားလုပ်ငန်းအများစုမှာ အခြားလုပ်ငန်းများ ဖြစ်သည့် အစားအသောက်လုပ်ငန်းများ၊ ကုန်စည်သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ၊ အာမခံလုပ်ငန်းများ အစရှိသည်ဖြင့် လုပ်ကိုင် သည့် လုပ်ငန်း နယ်ပယ် ပြောင်းသွားသည့်သူများ အများအပြား ဖြစ်သွားကြောင်း သိရသည်။
ယင်းသို့ ပြောင်းလဲရာတွင် ခရီးသွား လုပ်ငန်းလုပ်ကိုင်သူများသာမက၊ ဧည့်လမ်းညွှန်များနှင့် ခရီးသွားလုပ်ငန်းကို မှီခိုနေ သည့် သူများအားလုံးက အခြားစီးပွားရေး လုပ်ငန်းများသို့ ပြောင်းလဲ လုပ်ကိုင်နေရကြောင်း သိရသည်။
ထို့အတူ နာမည်ကျော် ဟိုတယ်ကြီးများ၊ စားသောက်ဆိုင်လုပ်ငန်းများနှင့် အပျော်စီးသင်္ဘောပြေးဆွဲသည့် လုပ်ငန်းများ လည်း အကန့်အသတ်မရှိ ရပ်နားထားမှုများ ရှိခဲ့သည်။
ပြည်တွင်း ခရီးသွားလုပ်ငန်းရှင်တဦးက “မြန်မာ့ခရီးသွားလုပ်ငန်းနဲ့ နိုင်ငံရေးနဲ့ ဆိုင်ပါတယ်။ ဒီနိုင်ငံရေးနဲ့ အများကြီး သက်ဆိုင်ပါတယ်။ ဒီနိုင်ငံရေး ပြဿနာသာ မရှိခဲ့ဘူးဆိုရင် ကျနော်တို့က တခြားနိုင်ငံတွေနည်းတူ ခရီးသွားလုပ်ငန်းကို မျှော်လင့်ပြီးတော့ ဒီအချိန်မှာ ပြန်ပြီးတော့ လုပ်နိုင်နေပြီ လို့ ယူဆထားပါတယ်” ဟု ပြောသည်။
အာဏာသိမ်းပြီးနောက် ခရီးသွားလုပ်ငန်းကို တိုက်ရိုက်လုပ်ကိုင်နေသည့် ခရီးသွားကုမ္ပဏီများ၊ ကားငှားလုပ်ငန်း လုပ် ကိုင်သူများ၊ ဟိုတယ်လုပ်ငန်း လုပ်ကိုင်သူများ၊ စားသောက်ဆိုင်လုပ်ငန်း လုပ်ကိုင်သူများနှင့် သွယ်ဝိုက်လုပ်ကိုင်သည့် သူများ အနေနှင့် လက်မှုပစ္စည်းထုတ်လုပ်သူများ၊ ရောင်းချသူများ၊ ယွန်းထည်လုပ်ငန်း လုပ်ကိုင်သူများ ဖြစ်ကြပြီး အနည်း ဆုံး တိုက်ရိုက် မှီခိုသူ အနည်းဆုံး လူဦးရေ ၈ သိန်းကနေ သွယ်ဝိုက်မှီခိုသူ လူဦးရေ ၁ သန်းအထိ အလုပ် လက်မဲ့ဖြစ်သွား ကြောင်း ခရီးသွားလုပ်ငန်း လုပ်ကိုင်သူများထံက သိရသည်။
ရန်ကုန် စတော့အိတ်ချိန်း၏ စာရင်းဝင်ကုမ္ပဏီ တခုဖြစ်သော ခရီးသွားအခြေပြု အများပိုင်ကုမ္ပဏီ Amata လုပ်ငန်းသည် ယခုနှစ်အတွင်း ကပ်ရောဂါ၏ အကျိုးဆက်နှင့် ထိန်းချုပ်ရန် မရသည့် အခြေအနေများကြောင့် စုစုပေါင်း ဝင်ငွေ ကျပ် ၁၀ ဘီလီယံ အရှုံးပေါ်ခဲ့ကြောင်း ကုမ္ပဏီ၏ ဘဏ္ဍာရေးရှင်းတမ်းအပေါ် အခြေခံထားသည့် လေ့လာဆန်းစစ်ချက်တွင် ဖော်ပြ ထားသည်။
အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ခရီးသွားလုပ်ငန်း ကျဆင်းခြင်းနှင့် စီးပွားရေး လုပ်ငန်းများ ရပ်တန့်နေရခြင်း အကြောင်းအရင်းနှင့် ပတ်သက်လျှင် ကိုဗစ်- ၁၉ ရောဂါကြောင့်ဟူ၍သာ ထည့်သွင်း ပြောဆိုပြီး စစ်တပ်အာဏာသိမ်းသဖြင့် ဖြစ်ပေါ်လာသည့် နောက်ဆက်တွဲ အကျိုးဆက်များကြောင့် မတည်မငြိမ်သွား ရသည်ကိုမူ မည်သည်အခါမှ ထည့်သွင်းဝန်ခံပြောဆိုခြင်း မရှိသည်ကို တွေ့ရသည်။
ယမန်နေ့က စစ်ကောင်စီအဖွဲ့ဝင်များကြား ပြုလုပ်သည့် (၄/၂၀၂၁) အစည်းအဝေးတွင် ကိုဗစ်- ၁၉ ကြောင့် ကျဆင်း သွားသည့် ခရီးသွား လုပ်ငန်းများသာမက ဆက်စပ်လုပ်ငန်းများ ပြန်လည် လည်ပတ်လာနေကြောင်း၊ သို့သော် ကိုဗစ် – ၁၉ ရောဂါ ကာကွယ်ကန့်သတ်ချက်များကြောင့် ထိန်းသိမ်းဆောင်ရွက်နေရကြောင်း၊ လုပ်ငန်းများ ပုံမှန်လည်ပတ်အောင် ဆောင်ရွက်နိုင်ခြင်းဖြင့် နိုင်ငံစီးပွားရေး နာလန်ထူအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသွားသည်။
You may also like these stories:
မြန်မာ့ခရီးသွားလုပ်ငန်း အသက်သွင်းရန် စစ်ကောင်စီ ကြိုးပမ်း
နိုင်ငံရေး အခြေအနေကြောင့် ပန်းတော်အပျော်စီးသင်္ဘော ပြေးဆွဲမှု ရပ်ဆိုင်း
ပြည်တွင်းခရီးသွားလုပ်ငန်း ပြန်စရန် အခက်ကြုံ