အာဏာသိမ်း စစ်ကောင်စီ၏ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က အချိုးကျကိုယ်စားပြုစနစ် (PR) ဖြင့် ရွေးကောက်ပွဲ ကျင်းပပေးရန် ကြိုးပမ်းလာမှုအပေါ် ရခိုင်အင်အားကြီးပါတီများဘက်က သဘောတူခြင်း၊ မတူခြင်းနှင့် ပတ်သက်၍ တိတိကျကျ ထုတ်ဖော်ပြောဆိုခြင်း မရှိသည်ကို တွေ့ရသည်။
စစ်ကောင်စီခန့် UEC က ရန်ကုန်မြို့ရှိ တိုင်းအစိုးရရုံးတွင် နိုင်ငံရေးပါတီ ၆၂ ပါတီကျော်နှင့် ဒီဇင်ဘာ ၂၄ ရက်မှ ၂၆ ရက်ထိ စတုတ္ထအကြိမ် တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံနှင့် ကိုက်ညီသည့် PR စနစ် ကျင့်သုံးနိုင်ရေး အသေးစိတ် ဆွေးနွေးခဲ့ကြောင်း ၎င်းတို့ပိုင် မီဒီယာများမှတဆင့် သတင်းထုတ်ပြန်ထားသည်။
အဆိုပါ တွေ့ဆုံနွေးဆွေးပွဲသို့ ရခိုင်ပြည်နယ်အတွင်းရှိ အင်အားကြီးများ ပါတီများဖြစ်သည့် ရခိုင်အမျိုးသားပါတီ (ANP)၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ALD)၊ ရခိုင့်ဦးဆောင်ပါတီ (AFP) စသည့် ပါတီများအနက် ရခိုင့်ဦးဆောင်ပါတီ တခုသာ တက်ရောက်ခဲ့ပြီး ကျန်ပါတီ ၂ ခုမှာ တက်ရောက်ခြင်း မရှိခဲ့ပေ။
ရခိုင့်ဦးဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ယင်းတွေ့ဆုံပွဲသို့ ပါတီကိုယ်စားပြု ပုဂ္ဂိုလ်နှစ်ဦးကို တက်ရောက်စေခဲ့ ကြောင်းနှင့် မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ကျော်လွှားရန်အတွက် မည်သည့် ရွေးကောက်ပွဲစနစ်ကိုမဆို စောဒက တက်စရာ မရှိကြောင်း ပြောဆိုသည်။
ဒေါက်တာအေးမောင်က “ကျနော်တို့ ပါတီရဲ့ သဘောထားကတော့ ရွေးကောက်ပွဲကော်မရှင်နဲ့ ပတ်သက်လို့ စောဒက မတက်ဘူး။ စစ်ကောင်စီနဲ့ ပတ်သက်လို့ စောဒက မတက်ဘူး။ ဖြစ်ပျက်ပြီးသွားတဲ့ NLD နဲ့ ပတ်သက်ပြီးလည်း စောဒက မတက်ပါ။ ဒါက ဖြစ်ပျက်ပြီးသွားတဲ့ သမိုင်းပဲ မှတ်တယ်။ အဲဒါကြောင့် မြန်မာ့နိုင်ငံရေး အကျပ်အတည်းက အမြန်ဆုံး ကျော်လွှားနိုင်ဖို့၊ ပြည်တွင်း ငြိမ်းချမ်းနိုင်ဖို့ တခုတည်းသော လိုအပ်ချက်သည် ဒီမိုကရေစီ အသွင်ပြန်ပြောင်းဖို့ လိုတယ်လို့ သတ်မှတ်တယ်။ ရွေးကောက်ပွဲ ဖြစ်ပေါ်လာဖို့ လိုတယ်။ အဲဒါကြောင့် ဒါကို (PR) လက်ခံတယ်လို့ ပြောလို့ရတာပေါ့” ဟု ဧရာဝတီသို့ ပြောသည်။
ပြီးခဲ့သည့် ၂၀၁၀၊ ၂၀၁၅၊ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲများတွင် နိုင်သူအကုန်ယူစနစ် (First Past The Post – FPTP) ဖြင့် ကျင်းပခဲ့ပြီး ကြံ့ခိုင်ရေး တပါတီအာဏာရှင်စနစ်၊ NLD တပါတီအာဏာရှင်စနစ် စသည့် တပါတီအာဏာရှင် ကြီးစိုး သည့် ဒဏ်ကို တိုင်းရင်းသားများခံခဲ့၊ ကြုံခဲ့ဖူးပြီ ဖြစ်သောကြောင့် ရွေးကောက်ပွဲစနစ် ပြောင်းလဲခြင်းမှာ တိုင်းရင်းသားပါတီ များအတွက် ထူးမခြားနားသည့် အကြောင်းအရာတခုသာ ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။
ရခိုင်အမျိုးသားပါတီ (ANP) မှ နိုင်ငံရေးမူဝါဒရေးရာ ဦးဆောင်ကော်မတီဝင် ဦးထွန်းအောင်ကျော်က PR စနစ်သည် မြန်မာ နိုင်ငံ ရွေးကောက်ပွဲတွင် အတွေ့အကြုံ မရှိသည့် စနစ်တခုဖြစ်သလို ရှုပ်ထွေးသည့် ရွေးကောက်ပွဲ စနစ်တခုလည်းဖြစ်ရာ ယင်းစနစ်အပေါ် ပါတီအနေဖြင့် လေ့လာနေဆဲ ဖြစ်ကြောင်း ပြောသည်။
“ကျနော်တို့ ပါတီအနေနဲ့တော့ ဒီစနစ်အပေါ်မှာ ထိတွေ့ကျွမ်းဝင်မှု မရှိသေးဘူး။ နောက်တခါ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လည်း PR စနစ်နဲ့ ရွေးကောက်ပွဲ လုပ်မယ်ဆိုတဲ့အပေါ် ဆန့်ကျင်ကွဲလွဲမှု ရှိတယ်ဆိုပြီး ပြီးခဲ့တဲ့ ကာလတုန်းက ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးက ဆုံးဖြတ်ခဲ့တာ ရှိတယ်လို့ သိရတယ်။ အဲဒီအတွက် ပါတီအနေနဲ့ ဒီစနစ်အပေါ် လေ့လာနေဆဲ ဖြစ်တဲ့ အတွက် ကောင်း၏၊ ဆိုး၏ ဆိုတာ ပြောဖို့ စောနေပါသေးတယ်” ဟု ၎င်းက ဆိုသည်။
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးလှမြင့်ကလည်း အာဏာသိမ်းပြီးကတည်းက ပါတီ၏ ဗဟို အလုပ်မှုဆောင် အစည်းအဝေး ကျင်းပနိုင်ခြင်း မရှိသည့်အတွက် PR စနစ်နှင့် ပတ်သက်၍ ပါတီ၏ သဘောထားပြောရန် အဆင်မပြေကြောင်း၊ ထို့ပြင် PR စနစ်အား ထိတွေ့မှု၊ လေ့လာထားမှုလည်း မရှိသဖြင့် ကောင်းသည်၊ ဆိုးသည် သုံးသပ် ပြောဆိုရန် အခက်အခဲ ရှိကြောင်း ပြောဆိုသည်။
အချိုးကျကိုယ်စားပြုစနစ်သည် မဲရလဒ် ရာခိုင်နှုန်းအပေါ်မူတည်ပြီး နိုင်ငံရေးပါတီများက အချိုးကျ ကိုယ်စားလှယ်များ ရယူသည့် စနစ်ဖြစ်သဖြင့် မည်သည့်ပါတီမှ အပြတ်အသတ် အနိုင်မရရှိဘဲ လွှတ်တော်ထဲသို့ ပါတီတိုင်းမှ ကိုယ်စားလှယ် များ အနည်းအများအပေါ် မူတည်ကာ ရောက်ရှိနိုင်မည့် အခွင့်အရေး ရှိသည်။
သို့သော် စစ်တပ်က ၂၀၀၈ အခြေခံဥပဒေအရ ရွေးကောက်ခံစရာမလိုဘဲ အလိုအလျောက် ၂၅ ရာခိုင်နှုန်း ရယူထားသည့် အတွက် စစ်တပ်ကိုယ်စားလှယ်များနှင့် ၎င်းနောက်ခံ ကြံ့ခိုင်ရေးပါတီ အပါအဝင် တိုင်းရင်းသားပါတီငယ်များနှင့် စုပေါင်းပြီး အစိုးရဖွဲ့စည်းခြင်း၊ လွှတ်တော်အသီးသီးတွင် အသာစီးရရှိရန် စစ်ခေါင်းဆောင်များက PR စနစ်ဖြင့် စစ်အာဏာရှင်စနစ်ကို သက်ဆိုးရှည်စေရန် ဖန်တီးနေသည့် လုပ်ရပ်တခု ဖြစ်ကြောင်းလည်း နိုင်ငံရေး လေ့လာစောင့်ကြည့်သူများက သုံးသပ်ပြော ဆိုသည်။
ရခိုင်နိုင်ငံရေးလေ့လာသူ ကျောက်ဖြူ ကျေးလက်ဒေသဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌ ကိုထွန်းကြည်က “PR စနစ်ကတော့ သေ ချာတယ်။ စစ်တပ် အာဏာ တည်မြဲဖို့အတွက် လုပ်ဆောင်ထားခြင်း ဖြစ်တယ်။ ရခိုင်နိုင်ငံရေးသမားတွေ အနေနဲ့လည်း ဒီစနစ်ကို လက်ခံလိုက်ရင် စစ်တပ်နဲ့ အလိုတူအလိုပါ ဖြစ်သွားမယ်။
လက်မခံဘူးဆိုရင်လည်း ရွေးကောက်ပွဲ မတိုင်မီ ပါတီ ဖျက်သိမ်းခံရမယ်။ အဲဒါကို ရှောင်လွှဲချင်လို့ လေ့လာနေဆဲ ဖြစ်တယ်လို့ ပြောဆိုတာ ဖြစ်ပါလိမ့်မယ်” ဟု မှတ်ချက်ပြုသည်။
အခြေခံဥပဒေပုဒ်မ ၁၀၉ တွင် တမြို့နယ် ကိုယ်စားလှယ် ၁ ဦးနှုန်းဖြင့် မြို့နယ် ၃၃၀ ၌ ကိုယ်စားလှယ် ၃၃၀ ရွေးကောက် တင်မြှောက်ရမည်ဟု ပြဋ္ဌာန်းထားသည့်အတွက် PR စနစ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် လုံးဝ ဆန့်ကျင်နေကြောင်း၊ PR စနစ်သည် တမြို့နယ် ၁ ယောက်နှုန်း သတ်မှတ်ထားခြင်း မဟုတ်ဘဲ မြို့နယ်အများကြီး ပေါင်းစည်းပြီးမှ ရရှိလာသည့် မဲရ လဒ်ကို အချိုးကျ ဝေစုခွဲခြင်းဖြစ်ကြောင်း ရခိုင်နိုင်ငံရေးသမားတဦးဖြစ်သူ ဦးဖေသန်းက သုံးသပ်ပြောဆိုသည်။
ထို့ပြင် ပြီးခဲ့သည့် ၂၀၁၀-၂၀၁၅ လွှတ်တော်သက်တမ်း ကာလတုန်းကလည်း PR စနစ်နှင့် ပတ်သက်၍ လွှတ်တော်တွင် အငြင်းပွားမှု ဖြစ်ပွားခဲ့သည့်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေခုံးရုံး၏ အဆုံးအဖြတ်ကို ခံယူခဲ့ရာ PR စနစ်သည် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ဆန့်ကျင်သည်ဟု ဆုံးဖြတ်ထားခဲ့ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း တဦးလည်းဖြစ်သူ ဦးဖေသန်းက ရှင်းပြသည်။
“သူတို့ရဲ့ ရည်ရွယ်ချက်က ဖွဲ့စည်းပုံအရလည်း ၂၅ ရာခိုင်နှုန်း ယူထားတယ်။ နောက်တခါ ဒုသမ္မတ ၁ နေရာ၊ ဝန်ကြီး ၃ နေရာကို ယူထားတယ်။ အဲဒီလို အသာစီးရနေတဲ့ အနေအထားမှာ ကျန်တဲ့လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကို PR စနစ်နဲ့ ရွေးကောက်တင်မြှောက်မယ်ဆိုရင် ဘယ်ပါတီမှ အပြတ်အသတ် အနိုင်မရဘဲ လွှတ်တော်ထဲမှာ ၅၀ ရာခိုင် နှုန်းကျော်တဲ့ပါတီက မရှိသလောက် ဖြစ်သွားမယ်။ အဲဒါကြောင့် အစိုးရဖွဲ့စည်းတာမှာပဲဖြစ်ဖြစ်၊ လွှတ်တော်ဥက္ကဋ္ဌ နေရာ ရွေးချယ်ခြင်းမှာပဲဖြစ်ဖြစ် တပ်မတော်ရဲ့ ၂၅ ရာခိုင်နှုန်းက အဓိက ဖြစ်သွားမယ်” ဟု ၎င်းက ဆိုသည်။
ထို့ကြောင့် စစ်တပ်သည် ၎င်းတို့အာဏာ တည်မြဲရန်အတွက် ဖွဲ့စည်းပုံအရ အသာစီးရယူထားရုံမက ရွေးကောက်ပွဲ စနစ် ပြောင်းလဲကျင့်သုံးမှုဖြင့် အစိုးရနှင့်လွှတ်တော်ကိုပါ တပြိုင်တည်း အာဏာရယူရန် စစ်ခေါင်းဆောင်များက ရှေ့တိုး ကြိုးပမ်းလာခြင်း ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူများက မှတ်ချက်ပြုသည်။