သတင်း

တိုက်ပွဲကြောင့် မူးမြစ်ကမ်းက စပါးစိုက်ခင်းများ ရိတ်သိမ်းရန် အခက်ကြုံနေ

စစ်ကိုင်းတိုင်းအတွင်း အာဏာသိမ်း စစ်ကောင်စီတပ်များနှင့် ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကြား တိုက်ပွဲများ ဖြစ် ပွားနေခြင်းကြောင့် မူးမြစ်ကမ်း ကျေးရွာများရှိ စပါးစိုက်ခင်းများအား ရိတ်သိမ်းရန် အခက်အခဲ ဖြစ်နေကြောင်း ဒေသ ခံ တောင်သူများထံမှ သိရသည်။

စစ်ကောင်စီတပ်များနှင့် ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကြား တိုက်ပွဲဖြစ်ပွားခြင်း၊ စစ်ကောင်စီက လေယာဉ်များ ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ ဒေသခံများအား ဖမ်းဆီး သတ်ဖြတ်ခြင်း၊ ကျေးရွာများအတွင်း ဝင်ရောက်စီးနင်း တပ်စွဲထားခြင်းတို့ ကြောင့် ဒေသခံများမှာ ထွက်ပြေး တိမ်းရှောင်နေရသည်ဟု ဆိုသည်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA-Myanmar) ၏ ထုတ်ပြန်ထားချက်အရ မြန်မာနိုင်ငံ အနောက်မြောက်ပိုင်း စစ်ကိုင်းတိုင်းအတွင်း ဒေသခံပြည်သူ ၆၀,၀၀၀ ခန့် တိုက်ပွဲရှောင် ထွက်ပြေးနေရကြောင်း သိရ သည်။

ရေဦးမြို့နယ် ဥယျာဉ် ရေမျက်ကျေးရွာမှ ဒေသခံတောင်သူတဦးက “စစ်ကြောင်း ဝင်လာတဲ့အချိန် လယ်ထဲမှာ အလုပ်လုပ် နေရင်းကို PDF ဆိုပြီး ပစ်ခံနေရတာ တော်တော်များနေပြီ။ မူးကြော တကြောလုံးကရွာတွေ တော်တော်များများ စပါးတွေ ရိတ်လို့ကို မရတော့တာ။ အချို့ရွာလေးတွေကတော့ နည်းနည်း ငြိမ်တဲ့အချိန်မှာ ရသလောက်တော့ ဝင်ရိတ်ကြတာ ရှိပေ မယ့် မရတာက တော်တော်များတယ်” ဟု ဧရာဝတီသို့ ပြောသည်။

မူးမြစ်ကမ်းဘေး ကျေးရွာများသည် ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်ရှိ သဖန်းဆိပ်ဆည်ရေနှင့် မိုးရေကို အားပြုကာ ဆန် စပါး အဓိက စိုက်ပျိုးသော ဒေသတခုဖြစ်ပြီး ၁ နှစ်လျှင် ၃ သီးအထိ စိုက်ပျိုးနိုင်ကြောင်း ယခုအချိန်သည် မိုးစပါးများ ရိတ် သိမ်းချိန် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ခင်ဦးမြို့နယ်၊ ပျဉ်ထောင်ကျေးရွာမှ တောင်သူတဦးကလည်း “ဒီနှစ်က စပါး စစိုက်ကတည်းက လုပ်လိုက်ပြေးလိုက်နဲ့ လုပ်ခဲ့ ရတာ။ အခုနောက်ပိုင်း ပိုကြမ်းလာတော့ ရိတ်သိမ်းဖို့က ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး။ အခုက စပါးရိတ်ချိန် ရောက်နေပြီ။ အချိန်မီ မရိတ်နိုင်ဘူးဆိုရင်တော့ အားလုံး ဆုံးရှုံးမှာပဲ။ ကျနော်တို့ ရိတ်ယူဖို့ရာ မသေချာတော့ ဝမ်းစာအတွက်တောင် အခက်အခဲတွေ ရှိလာနိုင်တယ်” ဟု ပြောဆိုသည်။

ထို့ပြင် စပါး စတင်စိုက်ပျိုးချိန်ကတည်းက အချိန်အခါလိုက် ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ မြေဆီသြဇာ ကျွေးခြင်းများ မပြုလုပ်နိုင်ခဲ့သည့်အတွက် ရိတ်သိမ်းနိုင်ပါကလည်း အထွက်နှုန်း လျော့ကျမည်ဖြစ်ကြောင်း၊ အတိုးများဖြင့် ငွေချေးပြီး စိုက် ပျိုးထားခြင်းဖြစ်ရာ အကြွေးထပ်တင်မည့် အခြေအနေ ဖြစ်နေကြောင်းလည်း ဒီပဲယင်းမြို့နယ်အတွင်းမှ တောင်သူတဦး က ပြောသည်။

စစ်ကိုင်းတိုင်း အရာတော် ဒေသခံများလည်း စပါးခင်းများကို ပြန်မရိတ်သိမ်းနိုင်ကြဘဲ တောထဲတွင် ပုန်းခိုနေကြရ (ဓာတ်ပုံ – အရာတော် သတင်းပြန်ကြားရေး)

အရာတော်မြို့နယ်အတွင်းရှိ သလဲဘာ၊ အလယ်ရွာ၊ လက်ပံသာ၊ စပါးတွင်း၊ ဆိပ်ဖူးကြီး၊ ဆင်တလည်၊ ကဲဘား၊ ညောင်ခြေထောက်၊ ငါးကင်း၊ သရက်ချို၊ ကျောက်ကုန်း၊ ရွှေစည်းခုံ၊ သာစည်၊ မင်းရွာ စသည့် ကျေးရွာများမှ ဆရာတော်များက ရိတ်သိမ်းချိန် တန်နေသော စပါးနှင့် မြေပဲများ အန္တရာယ်ကင်းရှင်းစွာ ရိတ်သိမ်းနိုင်ရေးအတွက် မေတ္တာရပ်ခံစာ တစောင်ကို စစ်ကောင်စီခန့် စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ထံ ပေးပို့ထားကြောင်း သိရသည်။

“အခုတော့ ဖြစ်နေတဲ့ နိုင်ငံရေးအခြေအနေတွေ၊ တိုက်ပွဲတွေကြောင့် ဘာမှကို မလုပ်ရဲတော့တာ။ စိုက်ထားတဲ့ မိုးစပါးက လည်း ဒီလထဲမှာ အပြီးရိတ်ရမှာ။ ပုံမှန်ဆိုရင် ဒီဇင်ဘာ လကုန်တာနဲ့ မိုးစပါး အကုန်ရိတ်ပြီးနေကျပေါ့။ ပြောမယ်ဆိုရင် ဒီဘက်မှာ တအားကို အခက်အခဲ ဖြစ်နေကြတာပေါ့” ဟု တန့်ဆည်မြို့နယ်၊ ကာပေါင်းကျကျေးရွာမှ တောင်သူတဦး က ပြောသည်။

ရွှေဘိုနယ် မူးကြောတခုလုံးသည် ၁ နှစ်လျှင် ၃ သီး ထွက်ပြီး စပါးအထွက်နှုန်းလည်း ကောင်းသဖြင့် မြန်မာပြည်၏ ဒုတိယ စပါးကျီဟု တင်စားခေါ်ဝေါ်ကြကြောင်း၊ ယခုနှစ်တွင် နယ်မြေမတည်ငြိမ်မှုများအပြင် စက်သုံးဆီ၊ ဓာတ်မြေသြဇာ စသည့် သွင်းအားစု ဈေးနှုန်းများက မြင့်တက်လာရာ ကုန်ကျစရိတ်မှာ ယခင်ထက် နှစ်ဆခန့် ကုန်ကျထားကြောင်း၊ စပါးများ အချိန် မီ မရိတ်သိမ်းနိုင်ပါက ဆုံးရှုံးမှု ပိုများမည်ဖြစ်ကြောင်းလည်း တောင်သူများက ပြောဆိုသည်။

စစ်ကိုင်းတိုင်း အရာတော် ဒေသခံများလည်း စပါးခင်းများကို ပြန်မရိတ်သိမ်းနိုင်ကြဘဲ တောထဲတွင် ပုန်းခိုနေကြရ (ဓာတ်ပုံ – အရာတော် သတင်းပြန်ကြားရေး)

ယခင်က စပါး ၁ ဧက စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်အထိ ငွေကျပ် ၃ သိန်းကျော်သာ ကုန်ကျခဲ့သော်လည်း ယခုနှစ်တွင် ၁ ဧကလျှင် ငွေကျပ် ၅ သိန်းကျော်အထိ ကုန်ကျခဲ့ကြောင်း သိရသည်။

တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက “ကျနော်တို့ PDF အဖွဲ့တွေက စပါးတွေ ရိတ်နိုင်အောင် လုံ ခြုံရေးပိုင်း ဆောင်ရွက်ပေးနေတာတွေလည်း ရှိပါတယ်။ အချို့နယ်တွေဆိုရင် ကူညီပြီး ရိတ်သိမ်းပေးတာတွေ ရှိတယ်။ အတတ်နိုင်ဆုံးတော့ စစ်ရှောင်လာတဲ့သူတွေ၊ ကျန်းမာရေးမကောင်းတဲ့ ရွာသားတွေကို ကူညီပေးနေကြပါတယ်” ဟု ပြောသည်။

စစ်ကောင်စီ စစ်ကြောင်းများအား မိုင်းဆွဲတိုက်ခိုက်ခြင်း၊ နှစ်ဖက်အပြန်အလှန် ပစ်ခတ်ခြင်းများက နေ့စဉ်နီးပါး ဖြစ်ပွား လျက်ရှိပြီး စစ်တပ်က ရွာစဉ်ပတ်မွှေကာ လုယက်သောင်းကျန်းနေမှုများလည်း ရှိကြောင်း၊ အကြမ်းဖက် စစ်တပ်ကို တော် လှန်နေသည့် ကာလဖြစ်ရာ ပြည်သူလူထုတွင် ထိခိုက်နစ်နာမှုများ ရှိနေပြီး PDF များအနေဖြင့်လည်း တတ်နိုင်သမျှ ပြည် သူ ထိခိုက်မှု အနည်းဆုံးဖြစ်စေရန် သတိထား ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ပြောဆိုသည်။

လက်ရှိအချိန်တွင် ဒေသခံများအနေဖြင့် စစ်ကောင်စီ၏ မြေပြင်၊ ဝေဟင် တိုက်ခိုက်မှုများအပြင် လူနေအိမ်များအား မီးရှို့ ဖျက်ဆီးများခြင်းကိုလည်း ကြုံတွေ့နေရသလို ဒေသခံတောင်သူများ စစ်ဘေးရှောင် ထွက်ပြေးနေချိန်တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၊ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးများနှင့် ပျူစောထီးအဖွဲ့များက စပါးစိုက်ခင်းများအား ဝင်ရောက် ရိတ်သိမ်းပြီး ခွဲတမ်းချ ယူဆောင်မှုများ ပြုလုပ်နေကြသည်ဟုလည်း ဒေသခံများက ဆိုသည်။

စစ်ကိုင်းတိုင်း အရာတော် ဒေသခံများလည်း စပါးခင်းများကို ပြန်မရိတ်သိမ်းနိုင်ကြဘဲ တောထဲတွင် ပုန်းခိုနေကြရ (ဓာတ်ပုံ – အရာတော် သတင်းပြန်ကြားရေး)

ရေဦးမြို့နယ်၊ ပေါက်တော်ကျေးရွာမှ တောင်သူတဦးက “စစ်တပ် တပ်စွဲထားတဲ့ ရွာတွေနဲ့ အနီးဝန်းကျင်က ရွာတွေဆိုရင် ဘယ်လိုမှ ရိတ်လို့ မရနိုင်တော့ဘူး။
အချိန်မရွေး စစ်ကြောင်း ထိုးလာနိုင်တော့ ဒီအတိုင်း ပစ်ထားကြရတာ။ စစ်တပ်ကပစ်တော့ လယ်ကြားမှာ ဘယ်သူမှ စိတ်လွတ်ကိုယ်လွတ် အလုပ်လုပ်လို့ မရတော့ဘူး။ ဒါကို အခွင့်ကောင်းယူပြီး စစ်တပ်နဲ့ အပေါင်းပါတွေက မောင်ပိုင်စီးလုပ်၊ ဝင်ရိတ်၊ ခွဲဝေယူနေကြတာမျိုးတွေလည်း လုပ်နေကြတယ်” ဟု ပြောသည်။

မူးမြစ်ကမ်းဘေးရှိ နယ်မြေအေးချမ်းမှု မရှိသော ကျေးရွာများတွင် စပါးများ ရိတ်သိမ်းနိုင်ခြင်း မရှိသည့်အပေါ် စစ်ကိုင်းတိုင်း စိုက်ပျိုးရေးဦးစီးဌာန အနေဖြင့် ရိတ်သိမ်းနိုင်စေရန်နှင့် ရိတ်သိမ်းချိန် လွန်ခြင်းများအတွက်လည်း နည်းပညာများ ပံ့ပိုးပေး ထားကြောင်း၊ နယ်မြေမအေးချမ်းသည့် နေရာများတွင်လည်း လုံခြုံရေးပေးပြီး ရိတ်သိမ်းနိုင်စေရန် ဆောင်ရွက်ပေးထားခြင်း များ ရှိကြောင်း စစ်ကိုင်းတိုင်း စိုက်ပျိုးရေးဦးစီးဌာနမှ အမည်မဖော်လိုသည့် သတင်းရင်းမြစ်တဦးက ပြောသည်။

စစ်ကိုင်းတိုင်းတွင် ယခုနှစ်အတွင်း မိုးစပါး ဧက သိန်း ၄၀ ကျော်၊ ဈေးကွက်ဝင် ကုလားပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ အပါအဝင် ပဲ ၁၇ မျိုးကို ဧက သိန်း ၃၀ ကျော် စိုက်ပျိုးနိုင်ခဲ့ကြောင်း တိုင်းစိုက်ပျိုးရေး ဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။

You may also like these stories:

မြန်မာ့ ခရီးသွားလုပ်ငန်း ၂၀၂၂ တွင်လည်း လည်ပတ်နိုင်ခြေ မရှိသေး

လျှပ်စစ်မီး မကြာခဏပျက်သဖြင့် မန္တလေးစက်မှုလုပ်ငန်းများ လည်ပတ်ရန် ခက်လာ

ကျောက်စိမ်း ဝယ်ရောင်းများကို စစ်ကောင်စီက ဆက်တိုက်ဖမ်းဆီးနေ

Loading