အာဏာသိမ်း စစ်ကောင်စီ၏ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) သည် လက်ရှိ ရွေးကောက်ပွဲစနစ်ဖြစ်သည့် နိုင်သူအကုန်ယူ စနစ် (FPTP) နေရာတွင် အချိုးကျ ကိုယ်စားပြုစနစ် (Proportional Representation) PR ဖြင့် အစားထိုး နိုင်ရေး ရှေ့တိုး လုပ်ဆောင်လျက်ရှိသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီကဲ့သို့သော ၂၀၂၀ ရွေးကောက်ပွဲ၌ သောင်ပြိုကမ်းပြိုအနိုင်ရ နိုင်ငံရေး ပါတီ ကြီးများက PR စနစ်ကို လက်မခံကြောင်း ပြောထားသည့် ကြားက ပိုမို ရှေ့တိုးလုပ်နေခြင်းလည်း ဖြစ်သည်။
စစ်ကောင်စီခန့် UEC က ဒီဇင်ဘာလ ၂၄ ရက်မှ ၂၆ ရက်အထိ ရန်ကုန်မြို့ရှိ ရန်ကုန်တိုင်း အစိုးရရုံးတွင် နိုင်ငံရေးပါတီ ၆၂ ပါတီကျော်နှင့် စတုတ္ထအကြိမ် တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံနှင့် ကိုက်ညီသည့် PR စနစ်ကျင့်သုံးနိုင်ရေး အသေးစိတ်တိုင်ပင် ဆွေးနွေးခဲ့ကြောင်း နိုင်ငံပိုင် မြန်မာ့ အလင်းသတင်းစာတွင် ဖော်ပြထားချက်အရ သိရသည်။
အဆိုပါ ဆွေးနွေးပွဲတွင် တက်ရောက်လာသည့် နိုင်ငံရေးပါတီများက မြန်မာနိုင်ငံရှိ လွှတ်တော် ၃ ရပ်စလုံးတွင် စာရင်းပိတ် အချိုးကျ ကိုယ်စားပြုစနစ် (Closed List PR) ကျင့်သုံးသင့်သည်ဟု အဓိက အကြံပြုကြသည်။
UEC ဥက္ကဋ္ဌ ဦးသိန်းစိုးကလည်း ယင်းဆွေးနွေးပွဲတွင် မဲဆန္ဒရှင်များ၏ ဆန္ဒနှင့်အညီ PR စနစ်ကျင့်သုံးပါက အရည်အချင်းရှိ သည့် လွှတ်တော်ကိုယ်စားလှယ်များ ရလာနိုင်ပြီး ပါတီစုံဒီမိုကရေစီ စနစ် ဖွံ့ဖြိုးလာမည်ဟုဆိုသည်။ ၎င်းက FPTP စနစ်မှ PR သို့ ပြောင်းမည်ဆိုပါက မိမိနိုင်ငံနှင့် သင့်လျော်ပြီး ဥပဒေနှင့် ညီညွတ်စေရန် ဆွေးနွေး တိုင်ပင်ကာ ပြင်ဆင်ရန် လို အပ်သည့် ဥပဒေများကို ပြင်ဆင်ရမည်ဟု ဆိုသည်။
စာရင်းပိတ် အချိုးကျ ကိုယ်စားပြုစနစ် (Closed List PR) ဆိုသည်မှာ မည်ကဲ့သို့သော ရွေးကောက်ပွဲစနစ်ဖြစ်ပြီး PR စနစ် ကျင့်သုံးနိုင်ရေး ဥပဒေများအား မည်ကဲ့သို့ ပြုပြင်ပြောင်းလဲမည်ဆိုသည်ကိုမူ UEC ဥက္ကဋ္ဌ ဦးသိန်းစိုးက အသေးစိတ် ရှင်း လင်း ပြောဆိုခြင်း မရှိပေ။
ရွေးကောက်ပွဲ လေ့လာ စောင့်ကြည့်သူများကမူ ရွေးကောက်ပွဲတွင် PR စနစ် ပြောင်းလဲ ကျင့်သုံးမည်ဆိုပါက စာရင်းပိတ် (Closed List) နှင့် စာရင်းဖွင့် (Opened List) ဟူ၍ ပုံစံ ၂ မျိုး ရှိကြောင်း ဆိုသည်။
စာရင်းပိတ် (Closed List) သည် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်သည့် ပါတီအလိုက် အချိုးကျ အနိုင်ရပါက အနိုင်ရ ပါတီ၏ ၎င်းတို့သဘောတူသူကို ကိုယ်စားလှယ်အဖြစ် ခန့်အပ်သည့် ပုံစံဖြစ်ပြီး စာရင်းဖွင့် (Opened List) သည် မဲဆန္ဒရှင် အနေနှင့် ရွေးကောက်ပွဲ ဝင်ပြိုင်သည် နိုင်ငံရေး ပါတီကို သာမက ယင်းပါတီမှ ဖော်ပြထားသော မိမိအနှစ်သက်ဆုံး ကိုယ် စားလှယ်ကိုပါ ရွေးပေးရသည့် ပုံစံ ဖြစ်ကြောင်း ရွေးကောက်ပွဲ လေ့လာ စောင့်ကြည့်သူ တဦးက ပြောသည်။
“Closed List ရဲ့ သဘောက ပြည်သူလူထုက ပါတီကိုပဲ ရွေးခွင့်ရမယ်။ ပါတီကနေ သူနိုင်တဲ့အခါမှာ သူ့အမတ်နေရာကို ဘယ်သူ့ကို ပေးမလဲဆိုတာကို ပါတီက ဆုံးဖြတ်ပိုင်ခွင့် ရှိတယ်။ ပါတီက ပေးချင်တဲ့သူကိုပေးလို့ရတယ်။ ပေးတဲ့စာရင်းကို သူက ဖော်ပြထားလိမ့်မယ်။ သဘောက ဒီနယ်မှာ ကျနော်တို့က အနိုင်ရရင် ကျနော်တို့ အဆိုပြုထားတဲ့ အမတ်က (၅) ယောက်ရှိတယ် ဆိုပါစို့ ဒီ ၅ ယောက်ထဲက ကျနော်တို့ ကြိုက်တဲ့လူကို အမတ် ခန့်မယ်။ ဘယ်သူ့ကို ခန့်မလဲဆိုတာကို ပါတီက ဆုံးဖြတ်လိမ့်မယ်” ဟု ၎င်းက ဆိုသည်။
ဆက်လက်၍ ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာသူ တဦးက “Open List က ဘယ်လိုမျိုးလဲဆိုရင် ခုနလိုမျိုးပဲ ပါတီက (က) က ၅ ယောက် ဝင်ရွေးဖို့ စာရင်းပြထားတယ်ဆိုရင် ပြည်သူလူထုက ပါတီ (က) ကို မဲပေးတယ်ဆိုရင် ခုနကတုန်း အမတ် (၅) ယောက်ထဲက ဘယ်သူ့ကို ကြိုက်တယ်ဆိုတာကိုပါ ၁ ၊ ၂ ၊ ၃ ၊ ၄ စဉ်ပေးရမယ်။ ဆိုတဲ့အခါမှာ လူ၁ ယောက် က မဲ၂ ခု ပေးရမှာပေါ့။ ပါတီကိုလည်း မဲပေးမယ်။ အကြိုက်ဆုံး ကိုယ်စားလှယ်ကိုလည်း မဲပေးရမယ်ပေါ့။ ဆိုတော့ သဘောက ပါတီ (က) ကနိုင်လို့ အမတ် နေရာ ၂ နေရာ ရတယ်ဆိုရင် ပြည်သူလူထုမဲအများဆုံးပေးတဲ့ ကိုယ်စားလှယ် ကိုပဲ ရွေးရမှာပေါ့” ဟု ပြောသည်။
လက်ရှိ ကျင့်သုံးနေသည့် FPTP စနစ်သည် ပါတီအလိုက် မိမိကြိုက်နှစ်သက်သူကို မဲဆန္ဒရှင်က မဲပေးနိုင်ပြီး မဲအများဆုံး ရသည့် သူက အနိုင်ရသည့် စနစ်ဖြစ်သဖြင့် လွယ်ကူရိုးရှင်းကြောင်း ဆိုသည်။
လက်ရှိတွင် UEC သည် PR စနစ်ကို ကျင့်သုံးနိုင်ရေး ၂၀၀၈ ဖွဲစည်းပုံနှင့် ရွေးကောက်ပွဲဥပဒေမူဘောင်တို့ကို ကြီးကြီး မားမား ပြင်ဆင်မည့် ပုံမပေါ်ဘဲ ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေလောက်သာ ပြင်ဆင်ပြီး ကျင့်သုံးနိုင်ရန် ခြေလှမ်းပြင်နေ သည့် သဘောတွေ့ရကြောင်း ၎င်းက ဆိုသည်။
ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူ တဦးက “အခုက ပြည်သူ့လွှတ်တော်မှာဆိုရင် တမြို့နယ်ကို မဲဆန္ဒနယ် ၁ နယ် သတ်မှတ်လိုက်တယ်။ တမြို့နယ်မှာ ကိုယ်စားလှယ် လောင်း ၁ ယောက်ရမယ်။ သူတို့ (UEC) တင်ပြချက်အရဆိုရင် မြို့နယ်တွေကို ခရိုင်အဖြစ် စုလိုက်မယ်။ စုပြီးရင် ခရိုင်တခု ကို မဲဆန္ဒနယ်တခုသတ်မှတ်မယ်ဆိုတဲ့ သဘောမျိုးကို ပြောနေတယ်။ မဲဆန္ဒနယ်အရေအတွက်က မပြောင်းဘူး။ အခြေခံ ဥပဒေမှာ မဲဆန္ဒနယ်အရေအတွက်က ၃၃၀ ပဲပြောထားတာ။ အမျိုးသားလွှတ်တော်နဲ့ ပြည်နယ်နဲ့ တိုင်းမှာ ၁၂ ခုဆိုတော့ ၁၂ ခုက ပြောင်းမှာမဟုတ်ဘူး။ အရေအတွက် ဘာမှမပြောင်းတဲ့အတွက် နည်းဥပဒေနဲ့ လုပ်ထုံးလုပ်နည်းတချို့ပဲ ပြောင်းဖို့ လိုမယ်။ ဥပဒေ တခုလုံးပြင်စရာ လိုမယ့်သဘောမျိုးတောင် မတွေ့သေးဘူး” ဟု ဆိုသည်။
သို့သော်လည်း ယခု သုံးသပ်ချက်သည် UEC ၏ ဝဘ်ဆိုက်တွင် ဖော်ပြထားသော အချက်အလက်များအရ သုံးသပ်ရခြင်း ဖြစ်ပြီး UEC ၏ ခြေလှမ်းပိုမိုပေါ်လွင်ရန် အသေးစိတ် သတင်း အချက်အလက်များ ပိုမိုသိရှိနိုင်ရန် လိုနေသေးကြောင်း ၎င်း က ဆိုသည်။
ယေဘုယျအားဖြင့်ဆိုပါက UEC သည် လက်ရှိတွင် PR စနစ်ဖြင့် ရွေးကောက်ပွဲ ပြုလုပ်နိုင်ရန် ပိုမိုအားစိုက် လုပ်ဆောင် နေခြင်းဖြစ်ပြီး ထိုကဲ့သို့ ရွေးကောက်ပွဲစနစ် ပြောင်းလဲရုံဖြင့် မြန်မာနိုင်ငံကြုံနေရသည့် နိုင်ငံရေးပြဿနာ ပြေလည်မည် မဟုတ်ကြောင်း ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူ တဦးက မှတ်ချက်ပေးသည်။
ရခိုင် နိုင်ငံရေးသမား ဦးဖေသန်းကလည်း ပထမအကြိမ် လွှတ်တော် သက်တမ်းကတည်းကပင် PR စနစ်သည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် မညီညွတ်သဖြင့် FPTP စနစ်ဖြင့်သာ ရွေးကောက်ပွဲ လုပ်သင့်သည်ဟု ဖွဲ့စည်းပုံအခြေခံ ဥပဒေ ခုံရုံးက ဆုံးဖြတ်ထားကြောင်း ဆိုသည်။
ထို့ကြောင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်ဘဲ PR စနစ်ကို အသုံးပြုလိုပါက လက်ရှိ အာဏာပိုင်များအနေနှင့် PR စနစ်သည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် မညီညွတ်ကြောင်း ဆုံးဖြတ်ခဲ့သော ယခင်ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးအား ပြန်လည် တရားစွဲသင့်ကြောင်း ဒီဇင်ဘာလ ၂၇ ရက်က သူ၏ လူမှု ကွန်ရက်စာမျက်နှာတွင် ရေးသည်။
ဦးဖေသန်း က “အရင် ရွေးကောက်စနစ် (FPTP) ကြောင့် အခုလို မဲမသမာမှု ဖြစ်တယ်၊ နိုင်ငံတော်ရဲ့ နိုင်ငံရေး သွားရာလမ်းကြောင်းဟာ မဖြောင့်မဖြူး ဖြစ်ရတယ်လို့အထိ ကောက်ချက် ချမယ်ဆိုရင်တော့ PR စနစ်ကို ဖွဲ့စည်းပုံနဲ့ မညီဘူးလို့ မရိုးမသား ဆုံးဖြတ် ချက်ပေးခဲ့တဲ့ ယခင်ဖွဲ့စည်းပုံခုံရုံးကို နိုင်ငံတော်ပုန်ကန်မှုနဲ့ တရားစွဲသင့်တယ်” ဟု ဆိုသည်။
ပထမအကြိမ် လွှတ်တော်သက်တမ်းတွင် PR စနစ်သည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် မညီညွတ်ကြောင်း ဆုံးဖြတ် ထားပြီး ယခုအခါကျမှ ၂၀၀၈ ဖွဲ့စည်းပုံနှင့် ညီညွတ်သဖြင့် ကျင့်သုံးသင့်ကြောင်း UEC ဘက်က ဆိုလာပါက အကြောင်းပြ ချက်သည် ကျိုးကြောင်းဆီလျော်လိမ့်မည် မဟုတ်ကြောင်း ဦးဖေသန်းက ဧရာဝတီသို့ ပြောသည်။
၎င်းက “အသေးစိတ် ပြန်သုံးသပ်ဖို့လိုတယ်။ ဖွဲ့စည်းပုံကို သူတို့က ပြင်လို့မရဘူးလေ။ ဖွဲ့စည်းပုံပြင်ဖို့ဆိုတာက လွှတ်တော်ရှိမှ ပြင် လို့ရမှာ။ အဲဒီမှာ အငြင်းပွားမှုတွေ၊ ပြဋ္ဌာန်းထားတာနဲ့ ရွေးကောက်ပွဲစနစ်နဲ့ အံမဝင်ခွင်မကျတာတွေ ဖြစ်လာနိုင်တယ်” ဟု ဆိုသည်။
PR စနစ်သာ အတည်ပြုကျင့်သုံးပါက မြန်မာ့နိုင်ငံရေးတွင် စစ်တပ်က အမြဲ အသာစီးရနေမည့် အခြေအနေဖြစ်သွား နိုင် ကြောင်း၊ ထို့ကြောင့် စစ်တပ်အသာစီးရမည့် နိုင်ငံရေး အခင်းအကျင်းဖြစ်လာရန် လက်ရှိ စစ်ကောင်စီခန့်ထားသော UEC က PR စနစ်ကျင့်သုံးနိုင်ရေး ရှေ့တိုးကြိုးပမ်းနေခြင်း ဖြစ်နိုင်ကြောင်း ဦးဖေသန်းက သုံးသပ်သည်။
၎င်းက “FPTP ကနေ PR ကို ပြောင်းရင် ကိုယ်စားလှယ်တွေက အားလုံး မျှပြီးသွားမှာ။ အနည်းအကျဉ်း အနိုင်ရတဲ့ပါတီတွေ ၊ အခု အချိန်မှာ လုံးဝ နိုင်ချေမရှိတဲ့ ပါတီအသေးလေးတွေနဲ့ပဲ ကိုယ်စားလှယ် ၁ ယောက် စ၊ ၂ ယောက်စ ရလာကြလိမ့်မယ်။ တပါတီတည်း ၅၀ ရာခိုင်နှုန်းကျော်ဖို့ဆိုတာက မဖြစ်နိုင်တော့ဘူး။ အဲဒီအခါ ဘယ်ပါတီမှ အစိုးရဖွဲ့နိုင်မှာ မဟုတ်တော့ဘူး။ ဘယ်လိုလုပ်ကြမလဲဆိုရင် ညွန့်ပေါင်းပေါ့။ ညွန့်ပေါင်းဖြစ်တဲ့အထဲမှာ တပ်မတော်က ၂၅ ရာခိုင်နှုန်း အလိုလိုရပြီးသားလေ။ ဆိုတော့ တခြား ဘယ်ပါတီနဲ့ပဲ ဖြစ်ဖြစ် သူတို့လိုလားတဲ့ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်တွေရထားတဲ့ ပါတီတွေနဲ့ ပေါင်း လိုက်ရင် တပ်မတော်က ဦးဆောင်ပြီးအစိုးရဖွဲ့လို့ရသွားပြီ” ဟု ဆိုသည်။
ထိုအခါတွင် နိုင်ငံ၏ အရေးပါသည့် အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေး ကဏ္ဍများတွင် စစ်တပ်၏ ဩဇာသည် ပိုမိုတက်လာမည် ဖြစ်ကြောင်း ဦးဖေသန်းက ပြောသည်။
“ဒီမိုကရေစီ အသွင်ကူးပြောင်းမှုမှာ တပ်မတော်ရဲ့ အခန်းကဏ္ဍက နောက်ဆုတ်သွားရမယ့် အစား ရှေ့တိုးလာရမယ့် ပုံစံဖြစ် လာမှာပေါ့။ ဒါဆိုရင် စစ်အာဏာရှင်စနစ်က အမြစ်မပြတ်တော့ဘူးပေါ့။ ဘယ်တော့မှလဲ အမြစ်ပြတ်မှာ မဟုတ်တော့ဘူး ပေါ့။ ဒါက တပ်မတော်ဟာ နိုင်ငံရေးမှာ အမြဲပါနိုင်ဖို့အတွက် PR စနစ်ကို ခံတပ်တခုအဖြစ် တည်ဆောက်လိုက်တာ လို့ မြင် တယ်” ဟုလည်း ၎င်းက မှတ်ချက်ပေးသည်။
လက်ရှိတွင် မြန်မာနိုင်ငံ၌ နိုင်ငံရေး တည်ငြိမ်မှုမရှိဘဲ ပဋိပက္ခများကြီးထွားကာ တစ်ဖက်နှင့် တစ်ဖက်စစ်ရေးအရ အနိုင် တိုက်ခိုက်ရေးသာ အားသန်နေသည့် အခြေအနေဖြစ်သည်။ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်ကမူ ၂၀၂၃ ခုနှစ် တွင် တိုင်းပြည် တည်ငြိမ်ပါက ရွေးကောက်ပွဲ ပြန်လည် ကျင်းပပေးမည်ဟု ပြောထားသည်။
NLD ပါတီ၏ ဗဟို အလုပ်ကော်မတီဝင် ဦးကျော်ထွေးကမူ အာဏာသိမ်းစစ်ခေါင်းဆောင်အနေနှင့် ၎င်းတို့ စိတ်ကြိုက် ရေးထားသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရပင် ရွေးကောက်ပွဲ ကော်မရှင်ကို ခန့်အပ်ခွင့်မရှိသဖြင့် UEC က ပြုလုပ် ပေးမည်ဆိုသည့် ရွေးကောက်ပွဲသည်လည်း အခြေခံဥပဒေအရပင် တရားမဝင်ကြောင်း ဧရာဝတီသို့ ပြောသည်။
“ကော်မရှင်ကို တာဝန် ပေးတာက ပုဒ် ၃၉၈ (က) အရ နိုင်ငံတော် သမ္မတပဲ ဖြစ်ပါတယ်။ သူတို့ ညွှန်းဆိုပြီး ပြောပြော နေတဲ့ အခန်း (၁၁) အရေးပေါ်ကာလဆိုင်ရာ ပြဌာန်းချက်ပုဒ်မ ၄၁၀ ကနေ ၄၃၂ အထိ ကာချုပ်ဆိုသူက ရွေးကောက်ပွဲ ကော်မရှင်ကို တချက်မှ ခန့်အပ်ခွင့် မရှိပါဘူး။ ဒါကြောင့် ရှိနေတဲ့ ကော်မရှင်ကို ဖျက်သိမ်းပြီး အသစ်ခန့်တာ ဥပဒေနဲ့ မညီ တဲ့အတွက် ဒီကော်မရှင်က ကျင်းပပေးမယ့် ရွေးကောက်ပွဲက တရားဝင်မှာ မဟုတ်ပါဘူး” ဟု မှတ်ချက် ပေးသည်။
စစ်တပ်၏ ကျောထောက်နောက်ခံ ပါတီဖြစ်သည့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ (USDP) သည် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေးစီအဖွဲ့ချုပ် (NLD) ပါတီကို မဲအပြတ်အသတ်ရှုံးနိမ့်ခဲ့ပြီးနောက် စစ်တပ်အာဏာရေရှည်စဉ်ဆက်မပြတ် အုပ်စိုးနိုင်ရေး အတွက် ခြိမ်းခြောက်မှုဖြစ်လာသည်။
၂၀၂၀ ရွေးကောက်ပွဲတွင်လည်း NLD ပါတီက တောင်ပြိုကမ်းပြို အနိုင်ရလိုက်သည့်အတွက် စစ်တပ်နှင့် ကြံ့ခိုင်ရေးပါတီတို့ အတွက် မျှော်လင့်ချက် မဲ့သွားစေခဲ့သည်။
စစ်တပ်သည် ၎င်းတို့ ရှေရှည် အုပ်စိုးချယ်လှယ်နိုင်ရန်အတွက် ၂၀၀၈ ဖွဲ့စည်းပုံ အခြခံဥပဒေကို စိတ်ကြိုက်ရေးစွဲ ပြဌာန်းခဲ့သည်။ သို့သော်လည်း ထိုဥပဒေအောက်မှာပင် လူထုမဲကို မယှဉ်နိုင်တော့ဘဲ အာဏာသိမ်းယူပြီး PR စနစ်ကို အသုံးပြ၍ စစ်အုပ်စု ရေရှည် အာဏာအုပ်စိုးနိုင်ရေးလမ်းကို ရွေးနေခြင်းဖြစ်ကြောင်း နိုင်ငံရေး သုတေသီများက မှတ်ချက်ပြုသည်။ ။
You may also like these stories:
PR စနစ်ကို အနိုင်ရ နိုင်ငံရေးပါတီများ ထပ်ကန့်ကွက်
ဒေါ်အောင်ဆန်းစုကြည်အပေါ် တပ်သဘောထား မပြောင်း