ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ၏ ၁၄ ကြိမ်မြောက် ပါတီကွန်ရက်တွင် ယခင် ဒုဥက္ကဋ္ဌ အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည့် ခူဦးရယ် အား ဥက္ကဋ္ဌ အဖြစ် ရွေးချယ် တင်မြှောက် လိုက်ကြောင်း KNPP က ယနေ့မနက်က ထုတ်ပြန်ထားသည်။
အဆိုပါ ကျင်းပခဲ့သော ကွန်ကရက်တွင် ပါတီဥက္ကဋ္ဌ တဦး၊ ပါတီဗဟိုကော်မတီဝင် ၁၈ ဦး ၊ ပါတီအရံဗဟိုကော်မတီဝင် ၇ ဦး တို့ကို ပါတီဝင်များ၏ လျှို့ဝှက်မဲဖြင့် ပြန်လည်ရွေးချယ်တင်မြှောက်ခဲ့ခြင်းဖြစ်ပြီး ပထမဆုံးပါတီ အစည်းအဝေးတွင် ပါတီဗဟို အလုပ်အမှုဆောင်ကော်မတီဝင် ၉ ဦးဖြင့် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
KNPP ပါတီ၏ ယခင် ဥက္ကဋ္ဌ ဖြစ်သူမှာ ခွန်းအေဘယ်တွိဒ်ဖြစ်ပြီး ယခု ၁၄ ကြိမ်မြောက် ပါတီကွန်ရက်တွင် ၎င်းက ဒုတိယ ဥက္ကဋ္ဌ အဖြစ်ရွေးချယ်ခံရပြီး အထွေထွေ အတွင်းရေးမှူးအဖြစ် ခူပလူးရယ်က ရွေးချယ်ခံခဲ့ကြောင်း ဖော်ပြထားသည်။
ဆက်လက်၍ အတွင်းရေးမှူး ၁ အဖြစ် ခူဒယ်နီယာ၊ အတွင်းရေးမှူး ၂ အဖြစ် ဦးအောင်ဆန်းမြင့်တို့ အရွေးချယ်ခံရပြီး စောခဲလေ၊ ခူတော်ရယ်၊ ခူညေးရယ်၊ စောလုသာသန်းတို့က ပါတီဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် အဖြစ်အရွေးချယ် ခံခဲ့ရသည်။
ယခုပါတီကွန်ရက်တွင် ပြီးခဲ့သည့် ၁၃ ကြိမ်မြောက် ပါတီကွန်ရက် သက်တမ်း ၄ နှစ်အတွင်း ကျင်းပခဲ့သည့် ပါတီနှင့် အစိုးရ လုပ်ငန်းအစီရင်ခံစာများ၊ ကြားကာလဖွဲ့စည်းခဲ့သည့် ပါတီရေးရာကော်မတီနှင့် ကရင်နီပြည် အစိုးရဌာနဆိုင်ရာ အစီရင်ခံစာများ တင်သွင်းခြင်း၊ ပါတီအခြေခံမူလမ်းစဉ်နှင့် ဖွဲ့စည်းပုံဥပဒေ၊ကရင်နီပြည်အစိုးရ၏ဖွဲ့စည်း အုပ်ချုပ်ပုံနည်း ဥပဒေများကို သုံးသပ်ပြင်ဆင်ခြင်း၊ ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ကြားကာလတွင် စစ်အာဏာရှင်နှင့် အာဏာရှင်ဟူသမျှ ချုပ်ငြိမ်းရေးအတွက် အခြားသော လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကရင်နီ ပြည်နယ် ကာကွယ်ရေးတပ်ဖွဲ့များ၊ နိုင်ငံရေးပါတီများနှင့် အစရှိသည်တို့နှင့် ပူးပေါင်းဆောင်ရွက်သွားမည့် အပြင် အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက်လည်း အတွင်းအခြားသော အင်အားစုများနှင့် အတူကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးချမှတ်ခဲ့သည်ဟု ဆိုသည်။
ဆက်လက်၍ ကရင်နီပြည်အတွင်း စစ်ကောင်စီ၏ ကရင်နီလူမျိုးများအပေါ် ရည်ရွယ်ချက်ရှိရှိ ဖြင့် လူမျိုးတုန်း သတ်ဖြတ်မှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို စုံစမ်းစစ်ဆေး မှတ်တမ်းပြုစုပြီး လိုအပ်သည့် အရေးယူဆောင်ရွက်မှုများကိုလည်း ချမှတ် အကောင်အထည် ဖော်ဆောင်သွားမည်ဟု ထုတ်ပြန်ထားသည်။