အာဏာသိမ်း စစ်ကောင်စီတပ်ကို ဒေသဆိုင်ရာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ (LPDFs) က မိုင်းဆွဲခြင်း နှင့် ပြောက်ကျား တိုက်ခိုက်ခြင်းများအပြင် ဒရုန်းများအသုံးပြု ဝေဟင်မှာ ဗုံးချခြင်း နည်းလမ်းများ ဖြင့်ပါ တိုက်ခိုက် လာနိုင်ပြီဖြစ်ကြောင်း PDF များက ဧရာဝတီသို့ ပြောသည်။
ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခြင်းကို ဝေဟင်မှ ဓာတ်ပုံနှင့် ဗီဒီယိုရိုက်ကူးနိုင်ရန်အတွက် ထုတ်လုပ်ထားသော အဝေးထိန်း ခလုတ်ဖြင့် ထိန်းချုပ်နိုင်သည့် ဒရုန်းအမျိုးအစားများကို မိုင်းသယ်ဆောင်ပြီး လွှတ်ချ နိုင်ရန်အတွက် အဆင့်ဆင့်စမ်းသပ် တီထွင်ပြီး ယခုလပိုင်းများမှ စတင်ကာ တိုက်ခိုင်နိုင်ခဲ့ခြင်းကြောင်း ကရင်နီ Generation Z တပ်ဖွဲ့ နှင့် စစ်ကိုင်းတိုင်းမှ အောင်ဆန်းတပ်ဖွဲ့ မှ တာဝန်ရှိသူများက ပြောဆို သည်။
အောင်ဆန်းတပ်ဖွဲ့မှ ပြန်ကြားရေးတာဝန်ရှိသူ သခင်ဇင် (ခ) အောင်ရှိန်း က “စခန်းထဲကနေ စခန်းအပြင် ထွက်ရင်တောင် ရန်သူ့နယ်မြေဖြစ်နေတဲ့ စစ်ကောင်စီတပ်တွေအနေနဲ့က အခုစခန်းအတွင်းထဲမှာ ဆိုရင်တောင် သူတို့ကို ကျနော်တို့ အချိန်မရွေးတိုက်ခိုက်လာနိုင်ပြီ” ဟု ဧရာဝတီသို့ ပြောသည်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအနေဖြင့် စစ်ကောင်စီတပ်များကို ခုခံနေရာမှ ပိုပြီးအထိနာစေနိုင်မည့် နည်းလမ်းများကို ရှာဖွေရင်း ဒရုန်းဖြင့် တိုက်ခိုက်နိုင်မှုများကို လေ့လာစမ်းသပ်မှုများ ပြုလုပ်ပြီး ယခု အချိန်တွင် တိုက်ပွဲများ၌ အသုံးပြုလာနိုင်ပြီသလို ယခုထက် ပိုမိုပြင်းအားကောင်းနိုင်မည့် လက်လုပ်မိုင်းကိုလည်း ထပ်မံလုပ်ဆောင်နေကြောင်း ၎င်းက ဆိုသည်။
အောင်ဆန်းတပ်ဖွဲ့သည် အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) ၏ အနောက်မြောက်စစ်ဒေသခွဲ၏ ကွပ်ကဲမှုအောက်တွင် ရှိသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တခုဖြစ်သော်လည်း ယခုလို ဝေဟင်မှ ဒရုန်းဖြင့် တိုက်ခိုက်ခြင်းနည်းလမ်းများသည် ၎င်းတို့ကိုယ်တိုင် တီထွင်စမ်းသပ်ကာ ပြုလုပ်တိုက်ခိုက်သည့် အစီအစဉ်ဖြစ်ကြောင်း သိရသည်။
လတ်တလောတွင် ဝေဟင်မှ ဒရုန်းဖြင့် ဗုံးချသည့် တိုက်ခိုက်မှုများကို စစ်ကိုင်းဒေသကြီး ပုလဲမြို့ နယ်နှင့် ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်တို့၌ ပြီးခဲ့သည့် နိုဝင်ဘာလမှ ဒီဇင်ဘာလများအတွင်း၌ ဖြစ်ပွားသော တိုက်ပွဲများတွင် စတင်အသုံးပြု တိုက်ခိုက်လာခြင်းဖြစ်သည်။
ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် အတွင်း စစ်ကောင်စီတပ် နှင့် ကရင်နီပြည်သူ့ ကာကွယ်ရေးပူး ပေါင်းတပ်ဖွဲ့များကြား ဖြစ်ပွားခဲ့သော တိုက်ပွဲ ၈ ခုခန့်တွင် ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခြင်းကို အကြိမ်ရေ ၂၀ ထက်မနည်း တိုက်ခိုက်နိုင်ခဲ့ကြောင်း ကရင်နီ Generation Z လေကြောင်းတပ်ဖွဲ့မှ တာဝန်ရှိသူ ကိုအသေးလေးက ဧရာဝတီသို့ ပြောသည်။
၎င်းက “ကျနော်တို့ ဒရုန်းတွေအတွက် အဓိကအသုံးပြုတာ လက်လုပ်မိုင်းပဲ၊ တခြားကျတော့ စစ်ကောင်စီတပ်တွေဆီက ရလာတဲ့ အီနာဂါဗုံးသီးတို့၊ ၄၀ မမ ဗုံသီးတွေ သုံးပြီးတော့ သူတို့ကို ပြန် တိုက်ခိုက်တယ်” ဟု ဆိုသည်။
ယမန်နေ့ (ဇန်နဝါရီ ၂ ရက်နေ့) က ဖြစ်ပွားသော ဒီးမော့ဆိုမြို့နယ် ငွေတောင်ဆည်အနီးတိုက်ပွဲတွင်မူ ကရင်နီ Generation Z လေကြောင်းတပ်ဖွဲ့၏ ဒရုန်းတစင်းကို စစ်ကောင်စီဘက်က ပစ်ချခဲ့ကြောင်း သိရသည်။
ကရင်နီ Generation Z အဖွဲ့အနေဖြင့် NUG ၏ လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အဖြစ် ခံယူထားခြင်းမရှိသောကြောင့် ဒရုန်းစစ်ဆင်ရေးများအတွက် NUG အကူအညီမရရှိဘဲ အများပြည်သူ များ၏ ထောက်ပံ့မှုများဖြင့်သာ ဆောင်ရွက်နေရလျက်ရှိကြောင်း ကိုအသေးလေးက ပြောဆိုသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် တနိုင်ငံလုံးအနှံ့ ပေါ်ပေါက်လာနေသော ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ နှင့် စစ်ကောင်စီတပ်တို့ကြား နေ့စဉ်နှင့်ဆိုသလို တိုက်ပွဲများ ဖြစ်ပွား လာလျက်ရှိပြီး စစ်ကောင်စီဘက်က မြေပြင်တပ်များ အထိနာ၍ လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူ အမြောက်အများသုံး၍ တိုက်ခိုက်လာနေရသည်။