ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၏ နယ်မြေ ၂၀ ရာခိုင်နှုန်းခန့်ကိုသာ အာဏာသိမ်းစစ်ကောင်စီဘက်က ထိန်းချုပ်ထားနိုင်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို (DMO-PDF) ပြန်ကြားရေးဌာန တာဝန်ရှိသူ တဦးကပြောသည်။
၎င်းက “ကျနော်တို့ ကယားပြည်နယ်မှာ အဓိကက ဒီးမော့ဆိုမှာပဲ တိုက်ပွဲဖြစ်နေတဲ့ အနေအထားရှိတာပေါ့။ ဒီးမော့ဆို တမြို့နယ်လုံးမှာ သူတို့ထိန်းချုပ်ထားတဲ့နယ်မြေ ရာခိုင်နှုန်းက ၂၀ ရာခိုင်နှုန်းလောက်ပဲ ရှိမယ်။ ကျန်တဲ့နေရာတွေက သူတို့ဩဇာ သက်ရောက်မှုမရှိဘူး” ဟု ဆိုသည်။
စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် ဒီးမော့ဆိုမြို့နယ်၏ နယ်မြေ ၂၀ ရာခိုင်နှုန်းခန့်ကို နေရာယူ တပ်စွဲထားသော်လည်း ၎င်းတို့လက်အောက်တွင် နေထိုင်နေသည့် ပြည်သူ တဦး တယောက်မျှ မရှိတော့ကြောင်း (DMO-PDF) ပြန်ကြားရေးဌာန တာဝန်ရှိသူက ဧရာဝတီသို့ ရှင်းပြသည်။

၎င်းက “အဲဒီ ၂၀ ရာခိုင်နှုန်းကလည်း သူတို့ ဩဇာသက်ရောက်တာတော့မဟုတ်ဘူး။ သူတို့သာ နေရာယူထားတာ။ သူတို့အုပ်ချုပ်ဖို့ အရပ်သား ပြည်သူက ဘယ်သူမှ မရှိတော့ဘူး။ ကျနော်တို့ စစ်ဇုန်အဖြစ်သတ်မှတ်ထားတဲ့ နေရာတွေမှာ သူတို့က နေရာယူထားတာပေါ့” ဟု ဆိုသည်။
လက်ရှိတွင် စစ်ကောင်စီ၏ တပ်မ ၆၆ လက်အောက်ခံတပ်ဖွဲ့ဝင်များသည် ဒီးမော့ဆိုမြို့ရှိ ငွေတောင်ဆည်တဝိုက်၊ ဒီးမော့ဆိုမြို့နယ်ရဲစခန်း၊ ဒီးမော့ဆို ဘောလုံးကွင်းနှင့် စိုက်ပျိုးရေးသိပ္ပံကျောင်းတဝိုက်တွင် တပ်စွဲထားကြောင်း (DMO-PDF) ပြန်ကြားရေးဌာန ထံမှသိရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဒီးမော့ဆိုမြို့နယ် တဝိုက်တွင် ကင်းပုန်းဝပ်ကာ ခံစစ်အနေအထားနှင့် စစ်ရေးလှုပ်ရှားနေသည့် သဘောဖြစ်ကြောင်း ဧရာဝတီက စုံစမ်းသိရသည်။

ဒီးမော့ဆို PDF ပြန်ကြားရေးဌာန တာဝန်ရှိသူ တဦးက “စကစက လွိုင်ကော်-ဘော်လခဲ ပြည်ထောင်စုလမ်းကို ထိန်းချုပ်ချင်နေတဲ့ သဘောမှာရှိတယ်။ အဲဒီနားတဝိုက်လောက်မှာ သူတို့က နေရာယူထားတယ်။ သူတို့ လူအင်အားက မများဘူး။ ဒါပေမယ့် တိုက်ပွဲဖြစ်ရင် ထွက်ထွက်လာတယ်။ ဘယ်က ထွက်လာသလဲ ရှာမရဖြစ်နေတာ။ ရဲစခန်းထဲမှာလည်း သူတို့ရှိသေးတယ်။ သူတို့က အကုန်မထွက်သေးဘူး။ သူတို့အင်အားက ကျနော်တို့ အတိအကျ တွက်ချက်လို့မရတဲ့ အခြေအနေမှာရှိတယ်” ဟု ဆိုသည်။
ယနေ့ ဇန်နဝါရီလ ၃ ရက်တွင် ဒီးမော့ဆိုမြို့နယ်၌ တိုက်ပွဲဖြစ်ပွားမှုမရှိသော်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များဘက်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်မှုများရှိနေသဖြင့် စစ်ရေးတင်းမာနေကြောင်း ၎င်းက ဆိုသည်။
ဒီးမော့ဆို PDF ပြန်ကြားရေးဌာန တာဝန်ရှိသူ တဦးက “သူတို့ ကင်းပုန်းယူထားတဲ့နားကနေ ရမ်းသန်းပစ်တာက အချက်ရေ ၅၀၊ ၁၀၀ လောက်ရှိတယ်။ လက်နက်ငယ်နဲ့ ပစ်တာပေါ့။ လက်နက်ကြီးကတော့ ဒီရက်ထဲ များများစားစား ဖြစ်တာတော့ မရှိပါဘူး။ ၁၀ လုံး ၁၅ လုံးလောက်ပဲရှိပါတယ်” ဟု ပြောသည်။
လွန်ခဲ့သည့် ၃ ရက်ခန့်ကမူ ဒီးမော့ဆိုမြို့နယ် ငွေတောင်ဆည်အနီးတဝိုက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် DMO-PDF ပါဝင်သော ကရင်နီမဟာမိတ်ပူးပေါင်းတပ်များအကြား အပြင်းအထန်တိုက်ပွဲ ဖြစ်ပွားခဲ့သည်။
တိုက်ပွဲသည် ဒီဇင်ဘာလ ၃၁ ရက်မှ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂ ရက်တိုင်အောင် ဖြစ်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်က တိုက်ပွဲ ပထမရက်မှာပင် တိုက်လေယာဉ်ပစ်ကူများနှင့် သံချပ်ကာ တင့်ကားများသုံးကာ တိုက်ခိုက်ခဲ့သည်။
ယင်းတိုက်ပွဲတွင် အာဏာသိမ်းမှုဆန့်ကျင်သည့် လက်နက်ကိုင်အဖွဲ့များဖြစ်သော လွိုင်ကော် PDF၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF)၊ ကရင်နီစစ်တပ် (KA)၊ KGZ အဖွဲ့၊ မိုးဗြဲ PDF ၊ ဖယ်ခုံ PDF၊ လွိုင်ကော် PDF၊ DMO-PDF နှင့် ဖရူဆို PDF စသည့် ကရင်နီမဟာမိတ်ပူးပေါင်းတပ်များ ပါဝင်ကြောင်း သိရသည်။

ဒီးမော့ဆို ငွေတောင်ဆည်အနီးတိုက်ပွဲ၏ အစသည် ကရင်နီ မဟာမိတ်ပူးပေါင်းတပ်များ ကင်းပုန်းဝပ်နေသည့် နေရာကို စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ခန့်က မသိဘဲ နယ်ကျွံဝင်လာရာမှ ပူးပေါင်းတပ်များ၏ ဝိုင်းပတ်တိုက်ခိုက်ခံရခြင်းဖြစ်သည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပိတ်မိနေသောကြောင့်လည်း စစ်ကောင်စီဘက်က တိုက်လေယာဉ် ၂ စီးဖြင့် လာရောက်ပစ်ကူပေးခြင်းဖြစ်ကြောင်း ကရင်နီမဟာမိတ်ပူးပေါင်းတပ်များ ထံမှသိရသည်။
ပူးပေါင်းတပ်ဖွဲ့ဝင်တဦးက “ဝင်လာတာ အယောက် ၅၀ လောက်ရှိတယ်။ ကျနော်တို့က နောက်ပြန်ဆုတ်ပြီးခွာလိုက်တယ်။ ကျနော်တို့မှာ ရှိတဲ့ မဟာမိတ် တပ်ပေါင်းစုတွေ ပေါင်းပြီးတော့ သုံးဖက်ကနေ ညှပ်ပိတ်ပြီး တိုက်တာပေါ့။ ကျနော်တို့တွေ သူတို့နားကပ်နိုင်ဖို့က နည်းနည်းပဲ လိုတော့ပါတယ်။ တကယ်လို့ လေယာဉ်ပျံသာ နာရီဝက်လောက် ထပ်မလာဘူးဆိုရင် ကျနော်တို့ ကပ်နိုင်ပြီ။ အဲဒါ လေယာဉ်ပျံလာတော့ ကျနော်တို့ ပြန်ဆုတ်ပေးလိုက်ရတယ်” ဟု ဆိုသည်။

ဒီဇင်ဘာလ ၃၁ ရက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ဒုတိယဗိုလ်မှူးကြီး ၁ ဦးအပါအဝင် စစ်သည် ၃၀ ခန့်ကျဆုံးကြောင်း သိရသည်။ ၃ ရက်တာအတွင်း ဆိုပါက စုစုပေါင်း စစ်ကောင်စီဘက်က အင်အား ၄၀ ကျော် ကျဆုံးကြောင်း DMO-PDF ပြန်ကြားရေးဌာန တာဝန်ရှိသူ တဦးက ဆိုသည်။
၎င်းက “စစ်ကောင်စီဘက်က ဒုတိယဗိုလ်မှူးကြီးကတော့ စစ်ပွဲထဲမှာ ဆေးလိပ်သောက်နေတုန်း ကျနော်တို့ဘက်က ပစ်လိုက်တာပေါ့။ ထိသွားတယ်ကြားတယ်။ ကျနော်တို့လူတွေ လိုက်ရှာကြည့်တဲ့ အချိန်မှာ သေတဲ့သူတွေကို တယောက်မှ မတွေ့ရဘူး။ သူတို့မထားခဲ့ဘူးပေါ့။ သူတို့လူတွေ သူတို့ပြန်ဆွဲသွားတယ်ကြားတယ်။ ညနေ ၅ နာရီဝန်းကျင်မှာ တင့်ကား ၃ စီးရယ်၊ စစ်ကြောင်း ၁ ကြောင်းနဲ့လာပြီး သူတို့လူတွေအကုန်လုံးပြန်ဆွဲခေါ်သွားကြတာပေါ့” ဟု ဆိုသည်။
ယင်းတိုက်ပွဲတွင် စစ်ကောင်စီဘက်က အထိနာခဲ့သလို ကရင်နီမဟာမိတ်ပူးပေါင်းတပ်များဘက်ကလည်း စစ်ကောင်စီ၏ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် အထိနာခဲ့သည်များ ရှိကြောင်း DMO-PDF ပြန်ကြားရေးဌာန တာဝန်ရှိသူ တဦးက ပြန်ပြောပြသည်။

၎င်းက “တိုက်ပွဲကတော့ သူတို့ဘက်ကလည်း အထိနာသလို။ ကျနော်တို့ဘက်ကလည်း အထိနာတယ်ဗျ။ ကျနော်တို့ဘက်က ထိခိုက်ဒဏ်ရာ ရတာတော့များတယ်။ ဒါပေမယ့် အပြင်ဒဏ်ရာ အသေးအဖွဲလေးတွေပါပဲ။ အရေးပေါ်လူနာကျတော့ မဟာမိတ်အားလုံးစုပေါင်းလိုက်ရင် အားလုံးပေါင်း ၅ ယောက်လောက်ကျတယ်ဗျ။ ဒဏ်ရာရတဲ့သူက အနီးအနား မဟာမိတ်တပ်လောက်ပဲ အတည်ပြုလို့ရတယ်။ အကုန်အတည်ပြုလို့မရဘူး” ဟု ဆိုသည်။
ဒီးမော့ဆိုမြို့နယ်တွင် နေထိုင်သူ ဒေသခံအများစုမှာလည်း စစ်ကောင်စီနှင့် ကရင်နီမဟာမိတ်ပူးပေါင်းတပ်များ အကြား ပြင်းထန်သည့် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရပြီး လက်ရှိအချိန်အထိ အိမ်မပြန်နိုင်သေးကြောင်း စစ်ဘေးရှောင်များအား ကူညီနေသူများ ထံမှသိရသည်။
အာဏာသိမ်းပြီးနောက်ပိုင်းမှ လက်ရှိအချိန်အထိ ဒီးမော့ဆိုမြို့နယ်တွင် နေရပ်စွန့်ခွာထွက်ပြေးရသူ ၃ သောင်း ၄ ထောင်ကျော်ရှိကြောင်း ဧရာဝတီက စုံစမ်းသိရသည်။
လက်ရှိကာလတွင် စစ်ဘေးရှောင်များအတွက် နေ့စဉ် စားသောက်ရန် ရိက္ခာအခက်အခဲ အဓိက ရှိနေပြီး နိုင်ငံတကာ အစိုးရမဟုတ်သည့် အဖွဲ့အစည်း (INGO) များ၊ ပြင်ပအလှူရှင်များနှင့် ကရင်နီမဟာမိတ်ပူးပေါင်းတပ်များက လှူဒါန်းသော ရိက္ခာများဖြင့် စားရေးသောက်ရေးကို လတ်တလော ဖြေရှင်းနေရကြောင်း စစ်ဘေးရှောင်များအား ကူညီနေသူများက ပြောပြသည်။