စစ်တပ်က အစုလိုက်အပြုံလိုက် မီးရှို့သတ်ခဲ့သည့် ကယား (ကရင်နီ) ပြည်နယ်၊ ဖရူဆိုမြို့နယ် မိုဆို ကျေးရွာအနီး ဖြစ်စဉ် အတွင်း သေဆုံးသွားသူ ၄၉ ဦး ဝန်းကျင်အထိ ရှိလာနိုင်ကြောင်း ကရင်နီပြည်နယ်ရဲဌာန၏ တာဝန်ရှိသူ ဦးဘိုဘိုက ပြောသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၂၄ရက်က ဖြစ်ခဲ့သည့် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုနှင့် ပတ်သက်၍ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) နှင့် ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ (KSCC)တို့မှ ဇန်နဝါရီ ၃ရက်က သတင်းစာရှင်းလင်းပွဲပြုလုပ်ရာ ကောက်ယူရထားသော ရုပ်အလောင်းများနှင့် ပြည်သူများ၏ လူပျောက်တိုင်ကြားချက်များအရ ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဦးဘိုဘိုက “ကျနော်တို့ တချို့ရုပ်အလောင်းတွေကို ၅၀ ရာခိုင်နှုန်းလောက် ကိုယ်ခန္ဓာအတိုင်း ကောက်လို့ ရခဲ့သလို တချို့ အလောင်းတွေက အကုန်လုံး မီးလောင်ကျွမ်းနေတဲ့အတွက် အစိတ်အပိုင်းတွေ စုပြီးပဲ ယူလာနိုင်တယ်။ တချို့ အလောင်း တွေက ထိလိုက်နဲ့ ကြွေသွားတဲ့အတွက် မယူလာနိုင်တာတွေလည်း ရှိခဲ့တယ်” ဟု အလောင်းကောက်ယူခဲ့ရသည့် အခြေ အနေကို ရှင်းလင်းပြောဆိုသည်။
အဆိုပါ မီးရှို့သတ်ဖြတ် ခံထားရသည့် အလောင်းများအား ခွဲစိတ်စစ်ဆေးမှု ရလဒ်များအရ အမျိုးသား၂၆ ဦး၊ အမျိုးသမီး ၅ ဦး ပါဝင်ခဲ့ပြီး အသက် ၁၂ အောက် မိန်းကလေးငယ် ၁ ဦးနှင့် အသက် ၁၆/၁၇ ဝန်းကျင်ရှိသော လူငယ်အမျိုးသား ၂ ဦး တို့လည်း ပါဝင်ကြောင်း ၎င်းက ပြောသည်။
ထို့ပြင် မီးရှို့သတ်ဖြတ်ခံရသူများတွင် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ်နေသည့် Save the Childrenမှ ဝန်ထမ်း ၂ ဦးဖြစ်သော အသက် ၃၂နှစ်ရှိ အမျိုးသားတဦး၊ အသက် ၂၈နှစ်ရှိ အမျိုးသားတဦးပါဝင်ပြီး၊ ၎င်းတို့ နှစ်ဦးတွင် ၁၀လသားအရွယ် သားယောက်ျားလေးတဦးနှင့် ၃လသားအရွယ် သမီးငယ်တဦးကျန်ခဲ့ကြောင်း သိရ သည်။
ဒေသခံများ၏ ကရင်နီပြည်နယ်ရဲဌာနထံသို့ လူပျောက်တိုင်ကြားထားသော စာရင်းအရ အမျိုးသား ၄၀ ဦးနှင့် မ ၂ ဦး ရှိကြောင်း သိရသည်။
ထိုဖြစ်စဉ်အတွင်း ကရင်နီနယ်ခြားစောင့်တပ်ဖွဲ့ဝင် ၄ ဦးကိုလည်း စစ်တပ်က ပစ်သတ်ခဲ့သေးရာ အဆိုပါ အခြေအနေ များကြောင့် အရပ်သားပြည်သူ သေဆုံးမှု အရေအတွက်မှာ ကနဦးထုတ်ပြန်ခဲ့သော ၃၅ ဦးထက် ပိုများလာနိုင်သည်ဟု ဆိုခြင်း ဖြစ်သည်။
သတ်ဖြတ်မီးရှို့ခံရသော အလောင်းများကို ရင်ခွဲစစ်ဆေးရာတွင်လည်း ထိုးသွင်းဒဏ်ရာများ၊ လက်နောက်ပြန် ကြိုးတုပ်ကာ နှိပ်စက်ပြီးမှ သွေးအေးအေးဖြင့် သတ်ဖြတ်ခဲ့ခြင်း ဖြစ်သလို အလောင်းများ တွေ့ရှိရာ အနီးပတ်ဝန်းကျင်တွင်လည်း မြန်မာ စစ်တပ် အသုံးပြုသော ကျည်ဆံအမျိုးအစား ကျည်ခွံများကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း ကရင်နီရဲတပ်ဖွဲ့က ထုတ်ပြန် သည်။

စစ်တပ်က လူသားမဆန်စွာ အရပ်သားများအပေါ် ကျူးလွန်ခဲ့သော ပြစ်မှုများအတွက် ကွင်းဆင်း လေ့လာဆန်းစစ် ထားသော အချက်အလက်များနှင့် အသက်သေဆုံး သွားခဲ့ရသူများ၏ မိသားစုဝင်များ ပြောကြားချက်များကို လိုအပ်သလို အရေးယူဆောင်ရွက်နိုင်ရန် နိုင်ငံတကာသံရုံးများနှင့် ကမ္ဘာ့ကုလသမဂ္ဂသို့ ပေးပို့သွားမည် ဖြစ်ကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ၏ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ပြောသည်။
“တနေ့တနေ့ လူတွေ သေနေတယ်။ တနေ့တနေ့ စာထုတ်ရုံနဲ့ မလုံလောက်တော့ဘူးဆိုတဲ့ အချက်ကို နိုင်ငံတကာကို ပြဖို့ ဖြစ်ပါတယ်။ စားပွဲတင် ဆွေးနွေးပြီး စုံးစမ်းစစ်ဆေးဖို့နဲ့ ပြစ်မှုကျူးလွန်တဲ့သူတွေကို ထိထိရောက်ရောက် အရေးယူနိုင်ဖို့ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။
ဇန်နဝါရီလအတွင်း ကျင်းပပြုလုပ်မည့် နော်ဝေးနိုင်ငံက အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်မည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးများတွင် ဖရူဆိုဖြစ်ရပ်နှင့် ပတ်သက်ပြီး ဆွေးနွေးနိုင်ရန် NUG အနေဖြင့် ဆောင်ရွက်သွား မည် ဖြစ်ကြောင်းလည်း လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးက ပြောသည်။
ဖရူဆိုမြို့နယ်တွင် ကလေးငယ်များ အပါအဝင် အနည်းဆုံး လူ ၃၅ ဦး မီးရှို့အသတ်ခံရသည့် ဖြစ်စဉ်နှင့် ပတ်သက်ပြီး ကုလ သမဂ္ဂလုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံများက ရှုတ်ချကြောင်း ဒီဇင်ဘာ ၂၉ ရက်က ထုတ်ပြန်ကြေညာထားသလို ထိုဖြစ်စဉ် အပေါ် တာဝန်ယူမှု၊ တာဝန်ခံမှုရှိရန် ဆောင်ရွက်ရေး တိုက်တွန်းထားသည်။
အဆိုပါ လူအစုလိုက်အပြုံလိုက် မီးရှို့ခံရမှု ဖြစ်စဉ်ကို မြန်မာစစ်တပ်၏ ပြည်မြို့နယ် အင်းမအခြေစိုက် ခြေမြန်တပ်မ ၆၆ က ကျူးလွန်ခဲ့ခြင်း ဖြစ်ကြောင်း ကရင်နီဒေသကာကွယ်ရေးတပ်ဖွဲ့များက ထုတ်ပြန်ထားသည်။
ထိုတပ်မ ၆၆ ၏ တပ်မမှူးမှာ ဗိုလ်မှူးကြီး ကျော်လင်းထွန်း၊ ဗျူဟာမှူးအဖြစ် ဒုဗိုလ်မှူးကြီး ကျော်စွာထွန်းက တာဝန်ယူ ကိုင်တွယ်ခြင်း ဖြစ်ကြောင်း ဧရာဝတီက စုံစမ်းသိရှိရသည်။
You may also like these stories:
ဆားလင်းကြီးက ဒေသခံ ၁၀ ဦး နှိပ်စက်ပြီးမှ မီးရှို့သတ်ခံရခြင်းဖြစ်
ရက်ရက်စက်စက် သတ်သွားတာ၊ အရမ်းကို နာကျင်ကြေကွဲရတယ်