မြန်မာနိုင်ငံသို့ ဝန်ကြီးချုပ်ဟွန်ဆန် သွားရောက်ရန် ပြင်ဆင်နေသောအချိန်တွင် မြန်မာသည် ပြည်တွင်းစစ်ဖြစ်သည့် လက္ခဏာများ ပြည့်နေပြီဟု ကမ္ဘောဒီးယားက ပြောဆိုလိုက်သည်။
စစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် လူ ၁,၄၀၀ ကျော် သေဆုံးထားသည့် မြန်မာနိုင်ငံသို့ မစ္စတာ ဟွန်ဆန်သည် လာမည့် ဇန်နဝါရီလ ၇ ရက်နေ့တွင် လာရောက်ရန် ရှိနေပြီး ၎င်း၏ ခရီးစဉ်အပေါ် ဝေဖန်မှုများ ရှိနေသည်။
ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး ပတ်ခ် ဆော့ခ်ဟွန်းက မြန်မာ့နိုင်ငံရေးနှင့် လုံခြုံရေး အခြေအနေသည် နက်နဲနေပြီး စီးပွားရေး၊ ကျန်းမာရေးနှင့် လူသားချင်းစာနာမှု အခက်အခဲများဆီ ဦးတည်နေခဲ့ကြောင်း မှတ်ချက်ပြုသည်။ လက်ရှိ ဖြစ်ပေါ်နေသော အခြေအနေ အရပ်ရပ်သည် ” ပြည်တွင်းစစ်ဖြစ်နေပြီ”ဟု မှတ်ယူရကြောင်းလည်း ၎င်းက ပြောသည်။
“အစိုးရ ၂ ခု၊ လက်နက်ကိုင်တပ်ဖွဲ့တွေကလည်း အများကြီး၊ ပြည်သူတွေကလည်း အာဏာဖီဆန်ရေး လုပ်နေကြတယ်၊ ပြောက်ကျားစစ်ကလည်း နိုင်ငံတဝန်း ဖြစ်နေတယ်” ဟု ပတ်ခ် ဆော့ခ်ဟွန်းက စင်ကာပူအခြေစိုက် ISEAS-Yusof Ishak Institute တွင် တနင်္လာနေ့၌ ပြောဆိုခဲ့သည်။
ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်သည် ဇန်နဝါရီ ၇ ရက်တွင် နေပြည်တော် သွားရန် ရှိနေသည်။
မြန်မာ့နိုင်ငံရေး အကျပ်အတည်းနှင့် ပတ်သက်၍ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌဖြစ်သော ကမ္ဘောဒီးယား ဝန်ကြီးချုပ် မစ္စတာ ဟွန်ဆန်နှင့် ဖုန်းမှတဆင့် ဆွေးနွေးခဲ့ကြောင်း အင်ဒိုနီးရှား သမ္မတ မစ္စတာ ဂျိုကို ဝီဒိုဒိုက ၎င်း၏ Twitter တွင် တင်ထားသည်။
ဇန်နဝါရီလ ၅ ရက်နေ့က ဖုန်းဖြင့် သီးသန့် ဆွေးနွေးမှုတွင် မြန်မာ့အကျပ်အတည်း ပြေလည်ရေး အာဆီယံက အကြံပြုထားသည့် သဘောတူညီချက် ငါးချက် အကောင်အထည်ဖော်ရန် တောင်းဆိုကြောင်း အင်ဒိုနီးရှား သမ္မတ မစ္စတာ ဂျိုကိုဝီဝီက ပြောသည်ဟု Jakarta Globe သတင်းဌာနက ဖော်ပြသည်။
မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပြန်လည်အသက်သွင်းရေးအတွက် သဘောတူထားသည့် အဆိုပါ သဘောတူညီချက် ငါးချက်ကို အကောင်အထည်ဖော်ရန် အရေးကြီးကြောင်း အင်ဒိုနီးရှား၏ သဘောထားကို ရှင်းလင်းစွာ ထပ်လောင်း ပြောဆိုခဲ့သည်ဟု အင်ဒိုနီးရှား သမ္မတက Twitter တွင် ရေးသားထားသည်။
သဘောတူညီချက် ငါးချက်ကို သိသာ ထင်ရှားစွာ အကောင်အထည်ဖော်မှု မရှိလျှင် အာဆီယံ စည်းဝေးပွဲများ၌ နိုင်ငံရေးနှင့် မဆက်စပ်သော မြန်မာကိုယ်စားလှယ်ကိုသာ တက်ရောက်ခွင့် ပြုသင့်ကြောင်းလည်း အင်ဒိုနီးရှား သမ္မတက ပြောသည်ဟု သိရသည်။
ယမန်နှစ် ဧပြီလက အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တွင် ကျင်းပသည့် အာဆီယံ ထိပ်သီးဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ ငြိမ်းချမ်းမှု ပြန်လည်ရရှိရေး အကောင်အထည် ဖော်ရမည့် အချက် ငါးချက်ကို သဘောတူခဲ့ကြခြင်း ဖြစ်သည်။
ယင်း သဘောတူညီမှု ငါးချက်တွင် မြန်မာနိုင်ငံအတွင်း ပဋိပက္ခများ အမြန်ဆုံး ရန်တန့်ရေး၊ သက်ဆိုင်သူများ အကြား ဆွေးနွေးညှိနှိုင်းရန် တိုက်တွန်းမှု၊ ဆွေးနွေးမှုများ အထမြောက်ရေး အာဆီယံ အထူးကိုယ်စားလှယ် ခန့်ထားရေး၊ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးနှင့် အထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့ စေလွှတ်ရေးများ ပါဝင်သည်။
သို့ရာတွင် သဘောတူညီမှုများကို မလိုက်နာသောကြောင့် ၂၀၂၁ တွင် ဥက္ကဋ္ဌဖြစ်ခဲ့သော ဘရူနိုင်းက မြန်မာစစ်အာဏာသိမ်းခေါင်းဆောင်ကို မြန်မာနိုင်ငံ၏ အကြီးအကဲနေရာမှ ပထုတ်ခဲ့သည်။ ဝန်ကြီးချုပ်ဟွန်ဆန်ကမူ တက်ရောက်ခွင့်ရှိကြောင်း ပြောဆိုခဲ့သည်။ ယင်းနောက် မြန်မာစစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်အား ဖနွမ်းပင်သို့ ဖိတ်ကြားပြီး နေပြည်တော် သွားရန် ပြင်ဆင်ခဲ့သည်။
ကမ္ဘောဒီးယား ဝန်ကြီးချုပ်၏ ခရီးစဉ်သည် မြန်မာစစ်ကောင်စီကို တရားဝင် အသိအမှတ်ပြုသကဲ့သို့ ဖြစ်သွားမည် ဆိုသည်နှင့် ပတ်သက်၍ ကမ္ဘောဒီးယားက မြန်မာ့အခြေအနေ တိုးတက်မှုရှိစေရန် အလျင်အမြန် အာရုံထားခြင်းသာ ဖြစ်သည်ဟု ပတ်ခ် ဆော့ခ်ဟွန်းက ကာကွယ်ပြောဆိုသွားသည်။
ကမ္ဘောဒီးယား ဝန်ကြီးချုပ်ကမူ အာဏာသိမ်း မြန်မာစစ်ခေါင်းဆောင်ကို အာဆီယံ အစည်းအဝေး ဖိတ်ခေါ်ရေး အားထုတ်လျက်ရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။
မြန်မာ့အကျပ်အတည်းသည် ဒေသတွင်း တည်ငြိမ်ရေး၊ အာဆီယံ ပုံရိပ်၊ ယုံကြည်ရမှု၊ စည်းလုံးမှုများအပေါ် ဂယက်ရိုက်စေသည်ဟုလည်း ပတ်ခ် ဆော့ခ်ဟွန်းက ပြောသည်။
ကိုးကား – Jakarta Globe, CNA
You may also like these stories :
ကမ္ဘောဒီးယား၊ အာဆီယံနှင့် မြန်မာ
မြန်မာစစ်ခေါင်းဆောင်နှင့် တွေ့မည်ကို ဝေဖန်သူများအား ဟွန်ဆန် နှုတ်လှန်ထိုး
စစ်ကောင်စီခေါင်းဆောင်ကို အာဆီယံ ဖိတ်ခွင့်ရှိကြောင်း ကမ္ဘောဒီးယား ဝန်ကြီးချုပ် ပြော