ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် မြန်မာနိုင်ငံသို့ ယခုတပတ်နှောင်းပိုင်းတွင် လာရောက်လည်ပတ်စဉ်အတွင်း ဖမ်းဆီးခံ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဒီမိုကရေစီ ခေါင်းဆောင်များနှင့် တွေ့ခွင့်ပေးမည်မဟုတ်ကြောင်း စစ်ကောင်စီ ပြောခွင့်ရသူက အင်္ဂါနေ့တွင် ပြောသည်။
သို့သော် ဇန်နဝါရီလ ၈ ရက်နေ့နှင့် ၉ ရက်နေ့များတွင် စီစဉ်ထားသော ခရီးစဉ်အတွင်း ဒီမိုကရေစီ ခေါင်းဆောင်များနှင့် မတွေ့ဆုံနိုင်ပါက ဟွန်ဆန်သည် မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်း ပြန်သွားရေး စစ်ကောင်စီကို ဖိအားပေးသည့် အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) ၏ အားထုတ်မှုများက ထိခိုက်စေမည်ဖြစ်ကြောင်း သုတေသီများက ပြောသည်။
ဟွန်ဆန်သည် လွန်ခဲ့သော ဖေဖော်ဝါရီလ အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံသို့ လာရောက်မည့် ပထမဆုံး ပြည်ပခေါင်းဆောင် ဖြစ်သည်။
“နိုင်ငံရေးပါတီတွေကို ကိုယ်စားပြုသူတွေကိုသာ တွေ့ဆုံဆွေးနွေးခွင့်ပြုမယ်။ ဒါပေမယ့် တရားစွဲချက်တွေကို ရင်ဆိုင်နေရသူတွေ အတွက်တော့ အကန့်အသတ်တွေ ရှိတယ်” ဟု စစ်ကောင်စီ ပြောခွင့်ရသူ ဇော်မင်းထွန်းက လွတ်လပ်သော အာရှအသံ RFA သို့ ပြောသည်။
သူရည်ညွန်းပြောဆိုသော စွဲချက်များဆိုသည်မှာ နိုင်ငံတော်အတိုင်ပင်ခံ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဖြုတ်ချခံခဲ့ရသည့် သမ္မတဦးဝင်းမြင့်တို့ကို စွဲဆိုထားသည့် လမ်းလျှောက်စကားပြောစက် တင်သွင်းမှု၊ အစိုးရဆန့်ကျင်အောင် လှုံ့ဆော်မှုနှင့် ကိုဗစ်နိုင်တင်း စည်းကမ်း ဖောက်ဖျက်မှု အပါအဝင် တခြားသောအမှုများကို ဆိုလိုသည်။
စစ်ကောင်စီသည် ယခင်နှစ်ကလည်း မြန်မာနိုင်ငံဆိုင်ရာ ASEAN အထူး သံတမန်ဟောင်းကို ဒီမိုကရေစီ ခေါင်းဆောင်များနှင့် တွေ့ဆုံခွင့်မပေးပေ။
ဟွန်ဆန်က ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် NLD ခေါင်းဆောင်များနှင့် တွေ့ခွင့် တောင်းမတောင်းကို ဇော်မင်းထွန်းက ရှင်းလင်းပြောကြားခြင်း မပြုပေ။ ထိုအကြောင်းကို RFA က မေးမြန်းသောအခါ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ ကွိုင်ကောင်းက ဟွန်ဆန်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့မည်ဆိုသည့် သတင်းကို သူမသိကြောင်း ပြောသည်။
“မြန်မာနိုင်ငံမှာဖြစ်နေတာတွေကိုတော့ သူထောက်ခံလို့မရဘူး” ဟု သူက ပြောသည်။
လက်ရှိနိုင်ငံရေးအကျပ်အတည်းတွင် ပါဝင်ပတ်သက်သူများနှင့် တွေ့ဆုံခွင့်ပေးမည်ဆိုသည့် ကတိကို ဖောက်ဖျက်သောကြောင့် အာဆီယံက မြန်မာစစ်ကောင်စီကို ၂၀၂၁ ခုနှစ်တွင်ကျင်းပသည့် အဖွဲ့၏ ထိပ်သီး ဆွေးနွေးပွဲ တက်ခွင့်မပေးဘဲထားခဲ့ပြီး ၂ လ အကြာတွင် ဟွန်ဆန်က မြန်မာနိုင်ငံသို့ သွားရောက်ခြင်းဖြစ်သည်။
ဟွန်ဆန်က စစ်ကောင်စီထံ သွားရောက်လည်ပတ်ပြီး စစ်ကောင်စီခေါင်းဆောင်ကို တရားဝင်မှုပေးသောကြောင့် ဒီမိုကရေစီ ခေါင်းဆောင်အများအပြားက စိတ်ပျက်ဒေါသထွက်နေကြောင်း ၎င်းတို့၏ အဆိုအရ သိရသည်။ စစ်ကောင်စီတပ်များသည် အာဏာသ်ိမ်းပြီးနောက်တွင် ကျယ်ပြန့်သော ရက်စက်ကြမ်းကြုတ်မှုများ ကျူးလွန်နေသည်။
လွန်ခဲ့သော မတ်လတွင် စစ်ကောင်စီက ပိတ်ပင်ခဲ့သည့် အဓိက လွတ်လပ်သောသတင်းဌာန ၅ ခုအနက် တခုဖြစ်သော ခေတ်သစ်သတင်းဌာနတွင် မြန်မာနိုင်ငံသားတဦးက ဟွန်ဆန်၏ ဓာတ်ပုံကို ခြေထောက်နှင့် နင်းနေသော ဓာတ်ပုံကို ပြသခဲ့သည်။
တခြား သတင်းဌာနများကလည်း ဆန္ဒပြသူများက “ဟွန်ဆန်၊ မြန်မာနိုင်ငံက လူသတ်ကွင်းတွေကို မထောက်ခံနဲ့” ဟု ရေးသားထားသည့် စာတန်းများနှင့် ဆန္ဒပြနေသူများ၏ ဓာတ်ပုံများကို ဖော်ပြကြသည်။
ထို ဆန္ဒပြသူများသည် ယေးလ်တက္ကသိုလ်သုတေသီများ၏ အဆိုအရ ၁၉၇၀ ခုနှစ်များက ခမာနီ အုပ်ချုပ်ရေးအောက်တွင် လူ ၁.၇ သန်းကို သတ်ဖြတ်သည့် ကမ္ဘောဒီးယား လူမျိုးတုံးသတ်ဖြတ်မှုကို ရည်ညွှန်းခြင်းဖြစ်သည်။
တချိန်တည်းတွင် မြန်မာနှင့်ပြည်ပမှ လူမှုအခြေပြုအဖွဲ့အစည်း ၂၀၀ ခန့်ကလည်း အင်္ဂါနေ့တွင် ထုတ်ပြန်သည့် ပူးတွဲ ကြေညာချက်တစောင်တွင် ဟွန်ဆန်၏ စီစဉ်ထားသော ခရီးစဉ်ကို ပြစ်တင်ရှုတ်ချသည်။
အာဆီယံနှင့် ကုလသမဂ္ဂ အထွေထွေညီလာခံတို့က အချက် ၅ ချက်ပါ ဘုံသဘောတူညီချက်ကို ထောက်ခံပြီး ဟွန်ဆန်သည် ၂၀၂၂ ခုနှစ်တွင် တဦးတည်း သဘောဖြင့်လုပ်ဆောင်ကာ မြန်မာစစ်ကောင်စီကို တရားဝင်ခွင့်ပေး၍ ပြည်သူများကို ပိုမိုဒုက္ခရောက်အောင် နောက်ထပ်အတင့်မရဲစေရဟု ပြောကြားထားသည်။
“ထိုသို့လုပ်ကိုင်ပါက မြန်မာနှင့် ကမ္ဘောဒီးယား ပြည်သူများကို စော်ကားလိုက်ခြင်းသာ ဖြစ်ပြီး အာဆီယံကို ကမ္ဘောဒီးယားက ဥက္ကဋ္ဌတာဝန်ယူသည့် ၂၀၂၂ ခုနှစ်အတွင်း ကျဆင်းနေပြီးဖြစ်သည့် အာဆီယံအပေါ် အယုံအကြည်ရှိမှုကို ပိုမိုထိခိုက်စေမည်ဖြစ်သည်” ဟုလည်း အထက်ပါအဖွဲ့အစည်းများက ဖော်ပြသည်။
မြန်မာနှင့် ထိတွေ့ဆက်ဆံရာတွင် စင်ပြိုင်အရပ်သားအစိုးရဖြစ်သော အမျိုးသားညီညွတ်ရေး အစိုးရ အပါအဝင် သက်ဆိုင်သူအားလုံးနှင့် ထိတွေ့ဆက်ဆံခြင်း ပါဝင်သင့်ကြောင်း အင်ဒိုနီးရှားတက္ကသိုလ်မှ နိုင်ငံတကာ ဆက်ဆံရေး ကထိက မူဟာမက် အရစ်ဖ်က ပြောသည်။
“စစ်ကောင်စီကို သံတမန်ရေးအရ အထီးကျန်ထားတဲ့ မူဝါဒနဲ့ အာဆီယံက ရည်ရွယ်ထားတာက စစ်ကောင်စီ အနေနဲ့ နိုင်ငံရေးအရ တန်ဖိုးတခု ပေးဆပ်ရစေဖို့ဖြစ်တယ်” ဟု အရစ်ဖ်က BenarNews သို့ ပြောသည်။
“ဟွန်ဆန်က စစ်ကောင်စီနဲ့ပဲ သီးသန့်တွေ့ခဲ့ရင်တော့ ဒီအားထုတ်မှုကို ဖျက်ဆီးလိုက်တာဖြစ်တယ်” ဟုလည်း သူက ပြောသည်။
မြန်မာနိုင်ငံတွင်ဖြစ်နေသည်များကို ASEAN က လက်မခံကြောင်း ဟွန်ဆန် အနေဖြင့် ရှင်းရှင်းလင်းလင်း ပြောရန် လိုအပ်ကြောင်း မလေးရှား နိုင်ငံခြားရေးဝန်ကြီးဟောင်း တဦးက ဆိုသည်။ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုနှင့် အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်များက အများအားဖြင့် ဒီမိုကရေစီ တောင်းဆိုသည့် ဆန္ဒပြသူများပါဝင်သည့် လူပေါင်း ၁၄၀၀ နီးပါးကို သတ်ဖြတ်ခဲ့ခြင်းကို သူက ဆိုလိုခြင်း ဖြစ်သည်။
“မြန်မာနိုင်ငံမှာဖြစ်နေတာတွေကို ပြည်တွင်းရေးပဲဆိုပြီး သူက သွားထောက်ခံနေလို့ မရဘူး” ဟု အစ္စလမ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ မြန်မာနိုင်ငံဆိုင်ရာ သံတမန်ဟောင်း ဆက်ယက်ဟာမစ် အယ်လ်ဘာက BenarNews သို့ ပြောသည်။
“ဟွန်ဆန်အနေနဲ့ မြန်မာနိုင်ငံနဲ့ ထိတွေ့ဆက်ဆံရာမှာ မြန်မာနိုင်ငံမှာဖြစ်နေတာတွေနဲ့ ပတ်သက်ပြီး အာဆီယံနဲ့ နိုင်ငံတကာ အသိုက်အဝန်းရဲ့ ဆန္ဒကို ထင်ဟပ်ဖို့ အရေးကြီးတယ်။ သူ့ရဲ့ ခရီးစဉ်ကြောင့် အာဏာသိမ်းမှုနဲ့ ပတ်သက်တဲ့ အာဆီယံရဲ့ ဘုံသဘောထားကို မထိခိုက်စေရဘူး” ဟု သူက ဆက်ပြောသည်။
မြန်မာနိုင်ငံတွင်အာဏာသိမ်းမှုအပြီး သတ်ဖြတ်မှုများအတွက် သူ၏ သဘောထားကို ဟွန်ဆန်က လက်ရှိအချိန်အထိ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။
အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ချက် အကောင်အထည် ဖော်ရာတွင် တိုးတက်မှု ရရှိစေရေးအတွက် လက်တွေ့ကျသော တဆင့်ပြီးတဆင့် လုပ်ဆောင်သည့် နည်းလမ်းကို ကျင့်သုံးရန် ဆုံးဖြတ်ထားကြောင်း ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး ပရက် ဆိုခွန်က မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်သစ် ဒေါက်တာ နိုလင်း ဟေဇာကို လွန်ခဲ့သောအပတ်က ပြောခဲ့သည်။
လွန်ခဲ့သောဧပြီလတွင် မြန်မာစစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်သည် အာဆီယံအဖွဲ့ဝင် နိုင်ငံများမှ ခေါင်းဆောင်များနှင့် မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်း ပြန်သွားရေးအတွက် အချက် ၅ ချက်ပါသော ဘုံသဘောတူညီချက်ရရှိခဲ့သည်။ ထိုဘုံသဘောတူညီချက်တွင် အကြမ်းဖက်မှု ရပ်စဲရေး၊ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးသံတမန်တဦး ခန့်အပ်ရေးနှင့် ထိုအထူးသံတမန်ကို သက်ဆိုင်သူအားလုံးနှင့် တွေ့ခွင့်ပေးရေး စသည်တို့ကို တောင်းဆိုထားသည်။
မြန်မာနိုင်ငံသည် ထိုအချက်အားလုံးကို ဖောက်ဖျက်သည်။
၂၀၂၁ ခုနှစ် နှောင်းပိုင်းတွင်မူ အဖွဲ့ဝင် ၁၀ နိုင်ငံပါသော အာဆီယံက မင်းအောင်လှိုင်သည် ကတိ မတည်သောကြောင့်ဟုဆိုကာ အောက်တိုဘာလတွင်ကျင်းပသည့် အဖွဲ့၏ နှစ်စဉ်ထိပ်သီးဆွေးနွေးပွဲ တက်ရောက်ခွင့်ကို ပ်ိတ်ပင်လိုက်သည်။ ထိုအချိန်က စတင်ပြီး မြန်မာနိုင်ငံသည် အခြားအဆင့်မြင့်အစည်းအဝေး ၂ ခုတွင်လည်း တက်ရောက်ခွင့် မရတော့ပေ။
အာဆီယံ ထိပ်သီးဆွေးနွေးပွဲမှ ဖယ်ထုတ်ခံရခြင်းသည် မြန်မာနိုင်ငံ၏ အပြစ်သာဖြစ်ကြောင်း ဟွန်ဆန်က ကနဦးက ပြောခဲ့သည်။ သို့သော် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ၏ အဆောင်အယောင်ကို လက်ခံရရှိပြီး မကြာမီတွင် ဟွန်ဆန်လေသံ ပြောင်းသွားခဲ့သည်။
“ဒီပြဿနာကိုဖြေရှင်းဖို့က အာဆီယံရဲ့ တာဝန်မဟုတ်ဘူး။ အာဆီယံက ကူညီဖို့ပဲ။ မြန်မာက သူ့ပြဿနာ သူ ရှင်းရမှာ” ဟု ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ဟွန်ဆန်က ပြောခဲ့သည်။
“မြန်မာစစ်ခေါင်းဆောင်နဲ့တွေ့ဖို့ ကျနော့်အတွက် အရေးကြီးတယ်။ ဒါပေမယ့် စားပွဲအောက်က အပေးအယူ လုပ်တာက ကျနော်တို့အတွက် အကောင်းဆုံးနဲ့ အကျိုးအရှိဆုံးနည်းလမ်း ဖြစ်တယ်။ ကျနော့်ကို မနှောက်ယှက်ပါနဲ့။ အချိန်ပေးပါ” ဟု သူက ပြောသည်။
နေပြည်တော်ရှိ ကမ္ဘောဒီးယား သံရုံးအနီးတွင် ဒီဇင်ဘာလ ၃၁ ရက်နေ့က ဗုံးနှစ်လုံး ပေါက်ကွဲသည့် သတင်းရှိထားသော်လည်း ဟွန်ဆန်အနေဖြင့် တွန့်ဆုတ်ခြင်းမရှိဘဲ ခရီးစဉ်ကို ဆက်လက် သွားရောက်မည်ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူက ပြောသည်။
သူ၏ အာဏာရှင်အုပ်ချုပ်ရေးကို တရားဝင်စေရေးအတွက် ယခင်ကလည်း အာဆီယံကို အသုံးချခဲ့သည့် အာဏာရှင် ဟွန်ဆန်ကို ဝေဖန်သူတချို့က ထိုအတိုင်းပင် မျှော်လင့်နေသည်။ တရုတ်ဘက်ယိမ်းသော ဟွန်ဆန်သည် ၂၀၁၂ ခုနှစ်က အာဆီယံ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်စဉ်ကလည်း ဘေ့ဂျင်းနှင့် ပေါင်းပြီး အငြင်းပွားနေသော တောင်တရုတ်ပင်လယ်နှင့် ပတ်သက်သည့် သဘောတူညီချက် မထုတ်နိုင်အောင် တားဆီးခဲ့သည်ဟု စွပ်စွဲခံခဲ့ရသည်။
သူ၏ မြန်မာနိုင်ငံခရီးစဉ်မှတဆင့် ဟွန်ဆန်သည် ၂၀၁၂ ခုနှစ်က ကမ္ဘောဒီးယားက အာဆီယံဥက္ကဋ္ဌဖြစ်စဉ်က သမိုင်းကို ပယ်ဖျက်ရန် ကြိုးစားနိုင်ကြောင်း အင်ဒိုနီးရှား တက္ကသိုလ်မှ အရစ်ဖ်ကပြောသည်။
“ဟွန်ဆန်က အလားတူအမှားကို ထပ်မမှားချင်ဘဲ၊ အခုတကြိမ်မှာတော့ အမှတ်ယူဖို့ လုပ်ချင်တာကတော့ ထင်ရှားတယ်။ ကမ္ဘောဒီးယားက မြန်မာနဲ့ ထိတွေ့ဆက်ဆံတာကို အဲဒီလိုအခြေအနေနဲ့ မြင်လို့ရတယ်။ ဒါပေမယ့် သူ့အနေနဲ့ အာဆီယံရဲ့ ဘုံရပ်တည်ချက်နဲ့တော့ အရမ်းမကင်းကွာသင့်ဘူး” ဟုလည်း သူက ဆက်ပြောသည်။
မြန်မာနိုင်ငံသို့ သွားရောက်မည့် ဟွန်ဆန်၏ ခရီးစဉ်နှင့် ပတ်သက်ပြီး အဖွဲ့ဝင်နိုင်ငံအများစုက စိတ်မချမ်းသာကြောင်း မလေးရှားမှ အာဆီယံ ပါလီမန် ကိုယ်စားလှယ် တဦးက ဆိုသည်။
“ဟွန်ဆန်က အာဆီယံကို ကိုယ်စားပြုပြီး မြန်မာနိုင်ငံကိုသွားမယ်ဆိုရင် အဖွဲ့ဝင်နိုင်ငံအားလုံးကို အသိပေးပြီး ထောက်ခံချက်ယူသင့်ပေမယ့် အခုထိတော့ အဖွဲ့ဝင်နိုင်ငံ အားလုံးကို အကြောင်းမကြား၊ ထောက်ခံချက် မယူသေးဘူး” ဟု လူ့အခွင့်အရေးဆိုင်ရာ အာဆီယံ ပါလီမန်ကိုယ်စားလှယ်များအဖွဲ့ ဥက္ကဋ္ဌ ချားလ်စ် ဆန်တီယာဂိုက ပြောသည်။
ထိုသတင်းနှင့် ပတ်သက်ပြီး အာဆီယံတည်ထောင်သည့် အဖွဲ့ဝင်နိုင်ငံများဖြစ်သော အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ မလေးရှားနှင့် ထိုင်းနိုင်ငံတို့မှ အစိုးရ အရာရှိများက ဝေဖန်ပြောကြားပေးရန် ငြင်းဆန်ကြသည်။
ကမ္ဘောဒီးယားသည် အာဆီယံဥက္ကဋ္ဌ တာဝန်ယူထားပြီး မြန်မာနိုင်ငံသည် သက်တမ်း ၅၄ နှစ်ရှိပြီဖြစ်သော ထိုအဖွဲ့တွင် အဖွဲ့ဝင်ဖြစ်သောကြောင့် ဟွန်ဆန်သည် နေပြည်တော်သို့ အာဆီယံ ကိုယ်စားလှယ်အဖြစ် သွားရောက်မည်ဖြစ်ကြောင်း နိုင်ငံရေး သုတေသီ ဒင်နာ ပရက်တိုရာဟာဂျာက ဆိုသည်။
“အဓိကကျတာက ဟွန်ဆန်က ဘယ်သူတွေနဲ့ တွေ့မလဲဆိုတာပဲ။ သူက စစ်ကောင်စီနဲ့ တွေ့မှာကတော့ သေချာသလောက်ပဲ” ဟု အင်ဒိုနီးရှား သုတေသနလုပ်ငန်း Synergy Policies ကို တည်ထောင်သူ ဒင်နာက BenarNews သို့ ပြောသည်။
“ဟွန်ဆန်က စစ်ကောင်စီနဲ့ တွေ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ ကိုယ်စားလှယ်တွေနဲ့ မတွေ့ရင် အာဆီယံရဲ့ ရည်ရွယ်ချက်နဲ့ သဘောတူထားတဲ့ ဘုံသဘောတူညီချက် ၅ ချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီကို မှားယွင်းတဲ့ သတင်းစကား ပေးလိုက်သလိုဖြစ်သွားမယ်” ဟုလည်း သူက ဆက်ပြောသည်။
ဟွန်ဆန်သည် အာဆီယံ၏ ဆန္ဒကို ကိုယ်စားပြုလိမ့်မည်ဟု အာဆီယံပါလီမန်ကိုယ်စားလှယ်များက ယုံကြည်ခြင်း မရှိကြပေ။
“ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟွန်ဆန်က ၂၀၁၂ ခုနှစ်က သူလုပ်ခဲ့သလိုပဲ အာဆီယံကို ကွဲပြဲအောင် လုပ်ချင်နေတယ်။ ဒီတကြိမ်မှာတော့ စွပ်စွဲခံ စစ်ရာဇဝတ်ကောင် မြန်မာစစ်ကောင်စီကို တရားဝင်အောင်လုပ်ပြီး အဖွဲ့ကို ကွဲပြဲအောင်လုပ်တာ” ဟု လူ့အခွင့်အရေးဆိုင်ရာ အာဆီယံ ပါလီမန်ကိုယ်စားလှယ်များအဖွဲ့က တွစ်တာတွင် အင်္ဂါနေ့က ရေးသားကြသည်။
“ဒါဟာ အာဆီယံရဲ့ နိဂုံးလား” ဟုလည်း ဆက်လက်ရေးထားသည်။
ကိုးကား – BenarNews ၊ RFA
You may also like these stories:
မြန်မာ ပြည်တွင်းစစ် ဖြစ်နေဟု ကမ္ဘောဒီးယား ပြော
ကမ္ဘောဒီးယား၊ အာဆီယံနှင့် မြန်မာ
မြန်မာစစ်ခေါင်းဆောင်နှင့် တွေ့မည်ကို ဝေဖန်သူများအား ဟွန်ဆန် နှုတ်လှန်ထိုး
စစ်ကောင်စီခေါင်းဆောင်ကို အာဆီယံ ဖိတ်ခွင့်ရှိကြောင်း ကမ္ဘောဒီးယား ဝန်ကြီးချုပ် ပြော