သတင်း

ကောလင်း ဝန်းသိုမှ မြို့မိမြို့ဖနှင့် စီးပွားရေးလုပ်ငန်းရှင်များ စစ်တပ်ဖမ်းထား

စစ်ကိုင်းတိုင်း ကောလင်း ဝန်းသိုမြို့များမှ မြို့မိမြို့ဖများနှင့် လုပ်ငန်းရှင် ၄၀ ကျော်အား စစ်ကောင်စီတပ်များက ဖမ်းဆီး ထိန်းသိမ်းခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း ဒေသခံများထံက ပြောသည်။

ဖမ်းဆီး ထိန်းသိမ်းခံရမှုတွင် ဆန်စက်လုပ်ငန်းရှင်၊ စပါးပွဲစား၊ ဆန်ဆိုင်ပိုင်ရှင်များ၊ လက်ဖက်ရည်ဆိုင်ပိုင်ရှင်များနှင့် မြို့မိ မြို့ဖများလည်း ပါဝင်ပြီး ပြည်သူ့ကာကွယ်ရေးတပ် (PDF) များအား ထောက်ပံ့ကူညီခြင်း၊ လျှပ်စစ်မီတာခများ မပေးဆောင် ခြင်း စသည့် စွပ်စွဲချက်များ ဖြင့် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရသည်။

“ပြီးခဲ့တဲ့ ဒီဇင်ဘာလကုန်ရက်လောက်က စပြီး ဖမ်းဆီးနေတာ၊ မီတာခတွေ မဆောင်လို့၊ PDF အဖွဲ့တွေကို ကူညီထောက်ပံ့ နေလို့ဆိုပြီး ဖမ်းနေတာ။ ဖမ်းခံရတဲ့သူတွေက ကောလင်းနဲ့ ဝန်းသိုက မြို့မိမြို့ဖတွေရော၊ လုပ်ငန်းရှင်တွေရော ၄၀ ကျော်ပြီ” ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်းတဦးက ပြောသည်။

ဒေသခံ စီးပွားရေး လုပ်ငန်းရှင်များနှင့် မြို့မိမြို့ဖများကို ဒီဇင်ဘာလကုန်မှ စတင် ဖမ်းဆီးခဲ့ပြီး ကောလင်းမြို့မှ ၃၀ ကျော်နှင့် ဝန်းသိုမြို့မှ ၁၅ ဦးခန့် ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

“ဘာအကြောင်းပြချက်ရယ်လို့ ရေရေရာရာ မရှိဘဲ အကြောင်းမဲ့ ဖမ်းဆီးတာမျိုးပေါ့။ ကောလင်းမြို့က လည်ပတ်နေတဲ့ ဆန် စက် တော်တော်များများ အဖမ်းခံထားရတယ်။ ညပိုင်းအချိန်တွေမှာ အင်အားအများအပြားနဲ့ ဝင်ဆွဲကြတာ၊ ကောလင်း က ဆန်စက်လုပ်ငန်းရှင်တဦးဆိုရင် သူ့စက်ထဲမှာ PDF တွေကို လက်ခံထားတယ်လို့ သတင်းရတယ်ဆိုပြီး  ဝင်မွှေတာမှာ မတွေ့တော့ ပိုင်ရှင်ကို ဖမ်းသွားတာ” ဟု ကောလင်းမြို့ ဒေသခံတဦးက ပြောသည်။

ထိုသို့ ဖမ်းဆီးထားသူများကို မည်သည့်နေရာသို့ ခေါ်ဆောင်သွားသည်ကို မသိရှိရဘဲ မိသားစုများထံသို့ တိတ် တဆိတ် ဆက်သွယ်၍ ငွေကြေး သတ်မှတ်ချက်ဖြင့် အလဲအလှယ် ပြုလုပ်ကြရသည်ဟု ဒေသခံများက ပြောသည်။

“အခုက ပြောရမယ်ဆိုရင် အကြောင်းမရှိအကြောင်းရှာ ဖမ်းပြီး ငွေညှစ်တာမျိုးပေါ့၊ ဆန်စက်လုပ်ငန်းရှင်၊ စပါးပွဲစားတွေ ဆိုရင် လုပ်ငန်းနဲ့ ငွေကြေးကြွယ်ဝမှုပေါ် မူတည်ပြီး တယောက်ကို သိန်း ၃၀၊ သိန်း ၅၀၊ သိန်း ၁၀၀ စတဲ့ နှုန်းတွေနဲ့ လာ ထုတ်ခိုင်းနေတာမျိုးတွေပေါ့၊ ယုတ်မာတဲ့ လုပ်ရပ်တွေပေါ့” ဟု ဝန်းသိုမြို့မှ အငြိမ်းစား ကျောင်းဆရာတဦးက ပြောသည်။

“လိုင်းကားတွေ ထောင်ထားတဲ့ ကျနော့်ညီလည်း အဖမ်းခံလိုက်ရတယ်။ လိုက်စုံစမ်းတော့ PDF အဖွဲ့တွေကို ရိက္ခာပို့ပေးနေ လို့ ဖမ်းတာလို့ သိရတယ်။ သူတို့ပြောတာကတော့ ရပ်ကွက်အုပ်ချုပ်ရေးပိုင်းက အာမခံပေးနိုင်ရင် ပြန်လွှတ်ပေးမယ် အာ မခံပေးမယ့်သူ ခေါ်ခဲ့လို့ ပြောတယ်၊ ကျနော့်အထင် ပြောရရင် ငွေဘယ်လောက်ဆိုတာကို ရပ်ကွက်အုပ်ချုပ်ရေးပိုင်းက နေ ညှိနှိုင်းမယ်လို့ ထင်တယ်” ဟု ဖမ်းဆီးခံရမှုတွင် ပါဝင်ခဲ့သူတဦး၏ မိသာစုဝင်တဦးက ဆိုသည်။

ထိုသို့ ဖမ်းဆီးရာတွင် အကြမ်းဖက်၍ ဝင်ရောက် စီးနင်း ရှာဖွေခြင်းများကို လုပ်ဆောင်နေကြပြီး ဖမ်းဆီးလိုသူကို မတွေ့ရှိပါ က မိသားစုဝင်များအား ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်နေသလို ထိုသို့ ဖမ်းဆီးရာတွင် အသက်မပြည့်သေးသည့် ကလေးသူငယ်များလည်း ပါဝင်နေသည်ဟု သိရသည်။

ကောလင်း၊ ဝန်းသို ဒေသသည် အာဏာသိမ်းမှုကို ပြင်းပြင်းထန်ထန် ဆန့်ကျင်နေသလို စစ်ကောင်စီတပ်များနှင့် ဒေသ ကာကွယ်ရေးတပ်ဖွဲ့တို့ မကြာခဏ တိုက်ပွဲဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီတပ်များသည် ရပ်ကွက်၊ ကျေးရွာများအား လေ ယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ ထိုးစစ်ဆင် တိုက်ခိုက်ခြင်း၊ ဒေသခံများအား ဖမ်းဆီး၊ သတ်ဖြတ်ခြင်း၊ ကျေးရွာများ အတွင်း တပ်စွဲထားခြင်းများကို ပြုလုပ်လျက်ရှိသည်။

ကောလင်း တော်လှန်ရေးအဖွဲ့- KR က “ငွေလိုချင်လို့ ငွေညှစ်တာလို့ပဲ မြင်တယ်။ ပြောရမယ်ဆိုရင် လက်နက်ကိုင်ပြီး ပြန် ပေးဆွဲတာပဲ။ အချို့ လုပ်ငန်းရှင်တွေဆိုရင် အေးအေးဆေးဆေး နေတဲ့သူတွေ။ ကောလင်းမှာ ပြည်သူတွေ မဆိုင်ဘဲ ဖမ်းခံ နေရတာ အခုမှ မဟုတ်ပါဘူးဗျ။ ဖမ်းပြီးရင် ငွေနဲ့ရွေးရင် ပြန်လွတ်တာတွေလည်း ရှိပါတယ်။ အရင်ကတည်းက အကြိမ်များ စွာ ဖမ်းလိုက် ငွေနဲ့ရွေးရင် ပြန်လွတ်လာလိုက် ဖြစ်နေတာ။ အခုအကြိမ်ကတော့ ငွေရှင်ကြေးရှင်အချို့ရယ် အဓိကက ဆန် စက်ပိုင်တွေကို အများဆုံး Target ထား ဖမ်းဆီးနေတာပါ။ မီတာမဆောင်လို့၊ ဆန္ဒပြပွဲတောင် မပါတဲ့ သူကိုလည်း အကြမ်း ဖက်မှုနဲ့ ဖွင့်ထားတယ်ဆိုတာတွေလည်း ပြန်ကြားရတယ်ဗျ။

အချို့တွေကို ငွေနဲ့ရွေးခိုင်းတာမျိုး ရှိတယ်လို့ နီးစပ်သူက တဆင့်ကြားရတယ်ဗျ။ တောင်းတဲ့ငွေကြေးက သူဌေးဆို သိန်း ၅၀ တို့၊ ၁၀၀ တို့အထိ တောင်းနေတယ်” ဟု ပြောသည်။

ထိုသို့သော အခြေအနေများကြောင့် ဒေသခံ PDF အဖွဲ့များနှင့် စစ်ကောင်စီတပ်များ စစ်ရေးတင်းမာလာမည့် အခြေအနေ ရှိနေကာ အင်းတော်၊ ထီးချိုင့်၊ ကသာ၊ ပင်လည်ဘူး၊ ကောလင်းဒေသတို့ရှိ ပြည်သူများအနေဖြင့် စစ်ရေး သတိရှိစွာဖြင့် ပြင်ဆင်ထားကြရန် ဒေသခံ ပြည်သူ့ကာကွယ်အဖွဲ့များက တိုက်တွန်း နှိုးဆော်ထားသည်။

You may also like these stories :

အာဏာသိမ်းစစ်ကောင်စီ၏ အဆိုးရွားဆုံး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ

PDF များ စစ်ကောင်စီတပ်ကို ဒရုန်းများ သုံး၍ပါ တိုက်ခိုက်လာ

ဒီးမော့ဆိုကို အာဏာသိမ်းစစ်ကောင်စီ ၂၀ ရာခိုင်နှုန်းသာ ထိန်းချုပ်နိုင်တော့ဟုဆို

Loading