ချင်းပြည်နယ်အတွင်း အာဏာသိမ်း စစ်တပ်နှင့် ဒေသကာကွယ်ရေးတပ်များကြား တိုက်ပွဲများကြောင့် ပြည်နယ်၏ အဓိက စိုက်ပျိုးသီးနှံ ဝဥ ထုတ်လုပ်မှုမှာ အမေရိကန်ဒေါ်လာသန်းချီ၍ ဆုံးရှုံးနိုင်ကြောင်း ချင်းပြည်နယ်ရှိ လုပ်ငန်း ရှင်များထံမှ သိရသည်။
ဝဥကို မင်းတပ်၊ ကန်ပက်လက်၊ မတူပီ စသည့် မြို့နယ်များတွင် အဓိကစိုက်ပျိုးပြီး ဂျပန်၊ တရုတ်၊ ကိုရီးယားနိုင်ငံများမှ နှစ်စဉ် ဝယ်ယူရာ ၂၀၁၉ ခုနှစ်တွင် ချင်းတောင်ရတနာကုမ္ပဏီနှင့် တရုတ်ကုမ္ပဏီတခုအကြား အမေရိကန်ဒေါ်လာ ၅သန်း တန်ဖိုးရှိ ဝဥတန်ချိန် ၅၀၀၀ခန့် တင်ပို့ရန် စာချုပ်ချုပ်ဆိုထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန စာရင်းများအရ သိရသည်။
ယခုအခါ ဒေသခံတောင်သူများမှာ တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေပြီး ဝဥများအား အချိန်မီ မခူးဆွတ်နိုင် သကဲ့သို့ ဝယ်ယူသူလည်း မရှိကြောင်း ဒေသခံများက ပြောသည်။
ချင်းပြည်နယ်မှ လုပ်ငန်းရှင် တဦးက “ဝဥက သယ်သွားဖို့ တအားခက်သွားတယ်။ ကျနော်တို့ဆီက ကားလမ်းတွေ အကုန် ပိတ်ထားတော့။ လုပ်သားတွေကလည်း လုံးဝကို မရှိတော့ဘူး။ တော်တော်တော်များများ ဝဥ အဓိက ထွက်တဲ့ မင်းတပ်၊ ကန်ပက်လက်က သူတွေက စစ်ရှောင်စခန်းမှာပဲ နေကြရတယ်။ မခူးဆွတ်ရတာပေါ့။ နှမြောစရာကောင်းတယ်။ သယ်ယူလို့ လည်း မရဘူး။ ဝယ်လက်လည်း မရှိဘူး။ တချို့ကတော့ ရသလောက် အခြောက်လှမ်းပြီး သိမ်းတာတို့ အဲဒီလောက်ပဲ ရတယ်။ ဒါပေမဲ့ အခု အကုန်လုံးက စစ်ရှောင်စခန်းမှာပဲဆိုတော့ တော်တော်ဆိုးတယ်” ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိ လမ်းပန်းဆက်သွယ်ရေး ဖြတ်တောက်ခံထားရသဖြင့် စီးပွားရေးလုပ်ငန်းများ အားလုံး ရပ်ဆိုင်းနေပြီး ဝဥ စိုက်ပျိုး ထုတ်လုပ် ရောင်းချမှုမှာလည်း အမေရိကန်ဒေါ်လာ သန်းချီ၍ ဆုံးမှုများ ရှိနိုင်သည်ဟုလည်း ၎င်းက ဆိုသည်။
ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေး (OCHA-Myanmar) ၏ ဒီဇင်ဘာလအတွင်းက ထုတ်ပြန်ချက်အရ ချင်းပြည်နယ်အတွင်း လူဦးရေ ၄၀,၀၀၀ ကျော်မှာ တိုက်ပွဲရှောင် ထွက်ပြေးနေရကြောင်း သိရသည်။
“ဝဥက မခူးဆွတ်ရင်တော့ ရသေးတယ်။ ခူးဆွတ်ပြီးသွားရင်တော့ ပြန်စိုက်ရတာပေါ့။ အခုကတော့ စိုက်ခင်းတွေ ဒီအတိုင်း ထားပြီး ပြေးနေရတာ။ ကျနော်တို့ဆီမှာက ကော်ဖီ၊ ဟင်းသီးဟင်းရွက် အဲဒီ စိုက်ခင်းတွေလည်း ပစ်ထားရတယ်။ အရင်က တော့ လိမ္မော်တို့၊ ပန်းသီးတို့ ထွက်တယ်။ အခုက တရုတ်ပန်းသီးက အရမ်းပေါတော့ သိပ်မစိုက်ကြတော့ဘူး။ စိုက်လည်း ရှုံးတာပဲ။ ဒါကြောင့် အဓိက ရောင်းတာတော့ ကော်ဖီနဲ့ ဝဥပဲ ဖြစ်တယ်” ဟု ရှင်းပြသည်။
ပြည်ပသို့ သစ်သီးဝလံ တင်ပို့သည့် လုပ်ငန်းရှင်တဦးကလည်း မင်းတပ်၊ ကန်ပက်လက်၊ မတူပီ ဒေသများအတွင်း စီးပွား ဖြစ်နေသော ဝဥ စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍမှာ ယခု ရာသီတွင် အနည်းဆုံး ငွေကျပ်သန်းပေါင်း ၆၀၀၀ နှင့် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၃ သန်း ဆုံးရှုံးနိုင်ပြီး ချင်းပြည်နယ်အတွက် ကြီးမားသော ဆုံးရှုံးမှု ဖြစ်နိုင်ကြောင်း သုံးသပ် ပြောဆိုသည်။
“အရင်က တရက်ကို ကုန်ချိန် သိန်းပေါင်းရာချီ ထုတ်လုပ်တင်ပို့ လာနိုင်ခဲ့ကြတယ်။ ဒီနှစ်တော့ ချင်းပြည်နယ် ဝဥ ကဏ္ဍ ကနေ ဒေါ်လာဘီလီယံချီ ဆုံးရှုံးလိမ့်မယ်။ အချိန်မီ မဆောင်ရွက်ရင် နာလန်ထူဖို့ ခက်လိမ့်မယ်” ဟု ဆိုသည်။

ချင်းပြည်နယ်သည် တောင်ကုန်းတောင်တန်း ထူထပ်သော ဒေသတခုဖြစ်ပြီး ပြည်နယ်အတွင်း၌ စပါး၊ လက်ဖက်၊ ကော်ဖီ နှင့် ဝဥ တို့ကို အဓိက စိုက်ပျိုးကြသည်။
ချင်းပြည်နယ်ထွက် ဝဥသည် တခြားဒေသထွက် ဝဥများထက် အရည်အသွေးပိုမိုကောင်းမွန်ပြီး စနစ် တကျ မြေပြုပြင် စိုက်ပျိုးပါက တဧကလျှင် အပင်ပေါင်း ၅ ထောင်မှ ၉ ထောင်အထိ ရှိကာ တပင်လျှင် တပိဿာ ထွက်ရှိနိုင်သောကြောင့် ဥပိဿာချိန် ၅ ထောင်မှ ၁ သောင်းအထိ ထွက်နိုင်ကြောင်း၊ အရောင်းအဝယ်သွက်သည့် ဝဥ အဝါနှင့် ဝဥ အနီကို အများ ဆုံး စိုက်ပျိုးပြီး မင်းတပ်၊ ကန်ပက်လက်၊ မတူပီ၊ ရေဇွာမြို့နှင့် တီးတိန်မြို့များတွင် ဝဥ ကုန်ချောထုတ်လုပ်သည့် အခြောက်ခံ စက်များ တည်ဆောက်ထားကြောင်းသိရသည်။
စစ်ကောင်စီက ချင်းဒေသကာကွယ်ရေးတပ်များကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ လေယာဉ်များနှင့် ဗုံးကြဲခြင်း၊ အပြစ်မဲ့ အရပ်သားပြည်သူများအား သတ်ဖြတ်ခြင်းများ ပြုလုပ်နေရာ ကိုဗစ်-၁၉ ကပ်ရောဂါ ကာလကတည်းက ရပ်တန့် ထားရသော ချင်းပြည်နယ် မင်းတပ် မြို့နယ်ရှိ ဝဥလွှာခြောက်စက်ရုံမှာ ယခုအချိန်ထိ လည်ပတ်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။
“ဒီနှစ်ကတော့ ကျနော်တို့ ပြည်နယ်အတွက် စီးပွားရေးက ပြောစရာတောင် မလိုဘူး။ အကုန်ပိတ်ထားတာ။ လမ်းပန်း ဆက်သွယ်ရေး အကုန်ပိတ်ထားတော့ တော်တော့်ကို ဆုံးရှုံးမှုတွေ ရှိတယ်။ ငွေလွှဲတာတွေ ဘာတွေဆိုလည်း Wave Money ဆိုရင် ၂၀ ရာခိုင်နှုန်း အထိတောင် တောင်းတယ်။ စားသောက်ကုန်တွေဆိုလည်း ၃၀ ရာခိုင်နှုန်းလောက်ထိ ဈေး တက်တယ်။ သယ်ယူလို့ မရတော့ ပိုဆိုးကုန်တာ” ဟု စီးပွားရေး လုပ်ငန်းရှင် တဦးက ပြောသည်။
ဝဥ ၁ ဧကမှာ စိုက်ပျိုးစရိတ် ကျပ်သိန်း ၂၀ အထိ ကုန်ကျပြီး ပြန်ရောင်းပါက ပျမ်းမျှ ကျပ်သိန်း ၅၀/၆၀ အထိ ဝင်ငွေရ ကြောင်း၊ ချင်းပြည်နယ်မှ ဝဥကို မန္တလေး၊ မုံရွာမြို့ရှိ လုပ်ငန်းရှင်များက အများဆုံး လာရောက်ဝယ်ယူပြီး ဂျပန်၊ ကိုရီးယား နှင့် တရုတ်နိုင်ငံများသို့လည်း တင်ပို့ကာ ဈေးကွက် အလားအလာ ရှိသော သီးနှံအမျိုးအစား ဖြစ်ကြောင်း လုပ်ငန်းရှင်များ ထံမှ သိရသည်။
လက်ရှိ ချင်းပြည်နယ်ရှိ မြို့နယ် ၉ မြို့နယ်အနက် ဟားခါး၊ ထန်တလန်၊ မင်းတပ်၊ မတူပီ၊ ဖလမ်းစသည့် ၅ မြို့နယ်တွင် နယ်မြေ အခြေအနေ တည်ငြိမ်မှု မရှိ၍ သွားလာရေး အခက်အခဲများ ဖြစ်ပေါ်နေပြီး ကျန်သည့် ၄ မြို့နယ်ခန့်သာ သွားလာနိုင်သည့် သဘောရှိသဖြင့် အရောင်း၊ အဝယ်မှာ လုံးဝတန့်သွားပြီဟု တောင်သူတဦးက ဆိုသည်။
ချင်းပြည်နယ်၏ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန စာရင်းများအရ ဝဥ စိုက်ပျိုးမှုမှာ ဧကသောင်းနှင့်ချီ ရှိပြီး မင်းတပ်မြို့နယ် တွင် ဧက ၄၀၀၀ ခန့် စိုက်ပျိုးကြရာ ပြည်နယ်အတွင်း ဝဥ အများဆုံး စိုက်ပျိုးသော မြို့နယ်တခု ဖြစ်ကြောင်း သိရ သည်။

ဝဥကို ပြည်တွင်း စားသုံးမှု နည်းပါးသော်လည်း ပြည်ပတွင် စားသောက်ကုန်၊ အလှကုန်၊ ဆေးဝါး ထုတ်လုပ်သည့် နေရာ များ၌ အသုံးပြုသောကြောင့် ယခင်က သဘာဝအလျောက် ပေါက်သော ဝဥ (ခေါ်) ဖျံဥကို နောက်ပိုင်းတွင် စီးပွားဖြစ် စနစ် တကျ စိုက်ပျိုးလာကြခြင်း ဖြစ်သည်။
ပြီးခဲ့သည့် ၂၀၁၉-၂၀၂၀ တွင် ကိုဗစ်ကြောင့် ဝဥလွှာခြောက်ထုတ်စက်ရုံများ၊ ပြည်ပတင်ပို့သူ ကုန်သည်များနှင့် မျိုးဥမျိုး သီး ရောင်းသူများ ထိခိုက်ခဲ့ပြီး တောင်သူများအပေါ်လည်း သက်ရောက်မှု အနည်းငယ် ရှိခဲ့သည်။
ဝဥ စိုက်ပျိုးထုတ်လုပ်ခြင်းမှာ လုပ်သား အများအပြား အသုံးပြုရသဖြင့် အမျိုးသား၊ အမျိုးသမီးများ အလုပ်အကိုင် အခွင့် အလမ်းရပြီး ၁ ရက်လျှင် နေ့စားခအဖြစ် ၄,၀၀၀ ကျပ်မှ ၁၀,၀၀၀ ကျပ်အထိ ရရှိသောကြောင့် ဝင်ငွေကောင်းသည့် စီးပွားရေး တွက်ခြေကိုက် သီးနှံတမျိုး ဖြစ်သည်။
ဒေသခံတောင်သူများ အနေဖြင့် ဝဥကို ကုန်ကြမ်းအဖြစ် တူးဖော်ရောင်းချခြင်းများ ရှိသလို တချို့လုပ်ငန်းရှင် ကုန်သည် များက တန်ဖိုးမြင့် ထုတ်လုပ်ပြီး ရောင်းချသူများလည်း ရှိကြောင်း သိရသည်။
ထို့ကြောင့် ဝဥ တန်ဖိုးမြင့်ထုတ်ကုန်များ (ဝဥလွှာခြောက်၊ ဝဥမှုန့်၊ ဝဥစားသောက်ကုန်) ထုတ်လုပ်ရန် ချင်းပြည်နယ် ၃ မြို့ နယ်ရှိ တောင်သူများ စုပေါင်းတည်ထောင်ထားသော ဝဥစက်ရုံနှင့် လုပ်ငန်းအတွက် International Finance Corporation (IFC) နှင့် ရင်းနှီးမြှုပ်နှံသူများက အမေရိကန်ဒေါ်လာ ၁ သန်းမှ ၃ သန်းအထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံရန် အတွက် ပညာရှင်များနှင့် ဝဥ လုပ်ငန်းရှင်များ အစီအစဉ်ရေးဆွဲပြီး ၂၀၂၁ ဖေဖော်ဝါရီ ၃ ရက်တွင် ကနဦး သဘောတူညီ ချက် လက်မှတ်ထိုးခါနီး စစ်တပ်က အာဏာသိမ်းလိုက်ခြင်းကြောင့် ပျက်သွားခဲ့ရသည်။
၂၀၁၉ ခုနှစ်က စာရင်းအရ မြန်မာနိုင်ငံတွင် ဝဥ စက်ရုံ ၂၂ ရုံ ရှိသော်လည် နိုင်ငံသားပိုင် တည်ထောင်သော စက်ရုံအဖြစ် မင်းတပ်မြို့မှ စက်ရုံတရုံတည်းသာ ရှိသည်။
ချင်းပြည်နယ်အတွင်းရှိ ဝဥ စိုက်တောင်သူများကို ဝဥမျိုးစေ့များ ဖြန့်ဝေပေးရန်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ၂ဝ၂ဝ-၂ဝ၂၁ ဘဏ္ဍာနှစ် ချင်းပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန က ငွေကျပ်သိန်း ၁ဝဝဝ လျာထားပြီး ပြည်နယ်ဖွံ့ဖြိုးရေးအတွက် စီစဉ်ထားသော သီးနှံတမျိုးလည်း ဖြစ်သည်။
You may also like these stories:
တိုက်ပွဲကြောင့် မူးမြစ်ကမ်းက စပါးစိုက်ခင်းများ ရိတ်သိမ်းရန် အခက်ကြုံနေ
စစ်အာဏာသိမ်းမှု နောက်ဆက်တွဲ ဂယက်ကြောင့် ပဲထွက်နှုန်းကျဆင်းနိုင်