သတင်း

အိုမီခရွန်ကြောင့် ထိုင်းအစိုးရ၏ အလုပ်သမား ခေါ်ယူရေးအစီအစဉ် အလှမ်းဝေးနေဆဲ

ထိုင်းနိုင်ငံအစိုးရက လုပ်ငန်းလိုအပ်ချက်အရ အိမ်နီးချင်း ၃ နိုင်ငံမှ လုပ်သားများကို MoU (Memorandum of Understanding) စနစ်ဖြင့်ခေါ်မည့် လုပ်ငန်းစဉ်မှာ ကိုဗစ်ရောဂါပိုးအသစ်ကြောင့် အလှမ်းဝေးနေဦးမည်ဟု မြန်မာ့ရွေ့ ပြောင်းအလုပ်သမားအရေး လုပ်ကိုင်သူများက ခန့်မှန်းကြသည်။

ဘန်ကောက်အခြေစိုက် မြန်မာရွှေ့ပြောင်း အလုပ်သမား အခွင့်အရေး ကွန်ရက် (MWRN) မှ ဥက္ကဋ္ဌ ဦးအောင်ကျော်က “တရားဝင် MoU စနစ် အလှမ်းဝေးနေဦးမယ်။ အိုမီခရွန်ကြောင့်ပဲ။ ထိုင်းနိုင်ငံက ခရိုင်တွေ အားလုံး နီးပါး ပျံ့နှံ့နေပြီဖြစ် တယ်။ ထိုင်းနိုင်ငံဘက်တော့ လုပ်ရဲရင်တော့လည်း လုပ်ပေါ့။ ဒါပေမယ့် မဖြစ်နိုင်သေးဘူးလို့ ကျနော်တို့က သုံးသပ် တယ်။ သူတို့ စီစဉ်တယ်ဆိုတာကတော့ လုပ်ငန်းစဉ်တွေကို ခေါ်ယူတဲ့အခါ ဘယ်လိုခေါ်မယ် ကျန်းမာရေး စည်းမျဉ်း စည်းကမ်းအရ ဘယ်လိုစောင့်ရှောက်မယ်ဆိုတာကို ညှိနှိုင်းတာပဲ ဖြစ်နိုင်ပြီးတော့မှ အမှန်တကယ် လုပ်သား ခေါ်ယူဖို့ တော့ ဖြစ်နိုင်စွမ်း မရှိဘူးလို့ သုံးသပ်ပါတယ်” ဟု ပြောသည်။

လက်ရှိ ကိုဗစ်ပိုးမျိုးကွဲ အိုမီခရွန် ဖြစ်ပွားမှုမှာ ထိုင်းနိုင်ငံအတွင်း ခရိုင် ၇၇ ခုရှိသည့်အနက် ထက်ဝက်နီးပါးကို ပျံ့နှံ့နေ သည့်အတွက် ယခင် စီစဉ်ထားသည့် လုပ်ငန်းစဉ်များ ဖြစ်လာနိုင်မည်မဟုတ်ကြောင်း ဦးအောင်ကျော်က ဆိုသည်။

ထိုင်းနိုင်ငံတွင် လုပ်သား ရှားပါးမှု ပြဿနာအား အချိန်မီဖြေရှင်းနိုင်ရေး ပြီးခဲ့သည့် ဒီဇင်ဘာ ၁ ရက်မှစ၍ မြန်မာ၊ လာအို၊ ကမော္ဘဒီးယား စသည့် နိုင်ငံ ၃ ခုမှ အလုပ်သမားများအား MoU စနစ်ဖြင့် ခေါ်ယူရန် အလုပ်ခေါ်စာ (Demand Letter) စတင် လက်ခံထားပြီ ဖြစ်ကြောင်း သိရသည်။

ပြည်ပအလုပ်အကိုင်ရှာဖွေရေးဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF) အနေဖြင့်လည်း ထိုင်းနိုင်ငံသို့ (MoU) စနစ်ဖြင့် သွားရောက်မည့် လုပ်သားများအတွက် လုံခြုံစိတ်ချသည့် ရွှေ့ပြောင်းသွားလာမှု ဖြစ်စေရေးအတွက် နှစ်နိုင်ငံ အစိုးရတို့ ဆွေးနွေးညှိနှိုင်းဆဲဖြစ်ပြီး Covid စစ်ဆေးခြင်း၊ ကာကွယ်ဆေးထိုးနှံခြင်း ကွာရန်တင်းဝင်ရန် ကုန်ကျစရိတ် များနှင့် ဝန်ဆောင်ခနှုန်းထားသစ်များအတွက် ထိုင်းသို့ စေလွှတ်ခွင့်ရ ပြည်ပ အလုပ်အကိုင်အေဂျင်စီများနှင့် ဆွေးနွေး ညှိနှိုင်းလျက်ရှိကြောင်း သိရသည်။

MOEAF မှ ဒု ဥက္ကဋ္ဌ ဦးပီတာညွှန့်မောင်က “နှစ်ဦးနှစ်ဖက် ညှိနှိုင်းတဲ့အဆင့်ပဲ ရှိသေးတယ်။ အပြီးသတ် ညှိနှိုင်းပြီးတော့ ထွက်လာတဲ့ အဖြေ မရှိသေးဘူး။ အခုတော့ ထိုင်းဘက်ကို ဝင်ဖို့အတွက် ပြင်နေပြီဆိုပေမယ့် ညှိနှိုင်းလို့မပြီးသေးဘူး။ ကွာရန်တင်းဖိုးကို ဘယ်လို ခံမလဲ။ ဘယ်လို ပေးဝင်မလဲ စသဖြင့်ပေါ့။ မြန်မာပြည်မှာ ကိုဗစ်ကင်းစင်ကြောင်း ဆေးစစ် လာမယ်။ ဆေးလည်းထိုးပြီးပြီဆိုရင် ထိုင်းဘက်မှာ လိုသေးလားဆိုတော့ မရဘူး။ ၂ ပတ် ကွာရန်တင်းပြန်ဝင်ရမယ်ဆို တော့ ထိုင်းဘက်က သူဌေးတွေကလည်း စရိတ်ကို မခံချင်ဘူး။ ဒါတွေ ပြန်ညှိနေရတာ။ ကုန်းကြောင်းကပဲ လွှတ်မှာ လား၊ လေကြောင်းက လွှတ်မှာလား ဆိုတာလည်း ညှိနှိုင်းနေတုန်းပဲ ရှိသေးတယ်” ဟု ပြောသည်။

ထိုကဲ့သို့ MoU စနစ်ဖြင့် ခေါ်ယူရန် အလုပ်ခေါ်စာ (Demand Letter) စတင် လက်ခံထားပြီဖြစ်ကြောင်း သတင်းများ ထွက်ပေါ်လာပြီးနောက် ပြည်တွင်းရှိ လူမှုကွန်ရက် စာမျက်နှာမှတဆင့် ခေါ်ယူနေသည့် အလုပ်အင်တာဗျူးများမှာ ဂုဏ်သိက္ခာရှိ စက်ရုံ၊ လုပ်ငန်းအမည်များကို ဖော်ပြကာ တရားမဝင် လူစုဆောင်းနေသည့်အတွက် သတိပြု ရှောင်ရှား ကြရန်နှင့် ထိုင်းအလုပ်ကမ်းလှမ်းစာ (Demand Letter) မှာ လက်ရှိအချိန်အထိ မရရှိသေးကြောင်း ပြည်ပအလုပ် အကိုင် ရှာဖွေရေး ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF) ထံက သိရသည်။

မြန်မာနိုင်ငံ အလုပ်သမားဝန်ကြီးဌာနနှင့် ထိုင်းအလုပ်သမား ဝန်ကြီးဌာနတို့ကြား MoU စနစ်ဖြင့် ထိုင်းနိုင်ငံသို့ အလုပ် သမား စေလွှတ်မှုကို ၂၀၁၂ ခုနှစ် အောက်တိုဘာလမှ စတင်၍ ကိုဗစ်ရောဂါပိုး စတင်တွေ့ရှိသည့် ၂၀၂၀ ပြည့်နှစ် မတ်လအထိ ပြုလုပ်ခဲ့သည်။ ထို့နောက် ကိုဗစ်ရောဂါဖြစ်ပွားပြီးနောက် တရားဝင်အလုပ်သမား စေလွှတ်ခြင်း မရှိတော့သည်မှာ ယနေ့အချိန်အထိပင် ဖြစ်သည်။

အဆိုပါ MoU ဖြင့် အလုပ်သမားခေါ်ယူမည့် ကိစ္စရပ်များအတွက် ထိုင်းနိုင်ငံအတွက် အလုပ်သမား သံအရာရှိရုံးများသို့ ဆက်သွယ် မေးမြန်းခဲ့သော်လည်း ပြန်လည် ဖြေကြားခဲ့ခြင်း မရှိပါ။

“တနိုင်ငံနဲ့ တနိုင်ငံ အလုပ်သွားရောက် လုပ်ကိုင်ကြမယ်။ အလုပ်အကိုင်အသစ်တွေ ရှာဖွေကြမယ်ဆိုပြီး ဆုံးဖြတ်ရင် နှစ်နိုင်ငံ MoU စနစ်နဲ့ ခေါ်ယူမှုကသာလျှင် လုပ်သားတွေအတွက် လုံခြုံစိတ်ချမှုရှိတာ ဖြစ်တဲ့အတွက် MoU စနစ်ကို စောင့်ဆိုင်းကြပါ။ သို့သော် MoU စနစ်ကလည်း သူတို့ဆီမှာက ကိုဗစ် – ၁၉ က ပျံ့နှံ့နေတာဖြစ်တဲ့အတွက် စိတ်ရှည် လက်ရှည်နဲ့ စောင့်ဆိုင်းပေးဖို့ လိုအပ်သလို တရားမဝင် နည်းလမ်းနဲ့ ဝင်လာကြတဲ့သူတွေကိုလည်း မိမိရဲ့ ကိုယ် ပိုင်ဉာဏ်နဲ့ပဲ ဆုံးဖြတ်ကြပါ” ဟု ဦးအောင်ကျော်က ပြောသည်။

ကိုဗစ်မတိုင်ခင်အချိန်က ထိုင်းနိုင်ငံသို့ MoU စနစ်ဖြင့် တရားဝင် သွားရောက်လုပ်ကိုင်မည့် အလုပ်သမားတဦးအတွက် မြန်မာအလုပ်သမားဝန်ကြီးဌာနမှ မြန်မာ ကျပ်ငွေ တသိန်းခွဲနှင့် ထိုင်းဘတ် ၃၆၀၀ သတ်မှတ်ထားသည်။

လက်ရှိ နှစ်နိုင်ငံ ငွေကြေး ညှိနှိုင်းမှုအရ ထိုင်းဘက်မှ ထိုင်းဘတ် ၁ သောင်း ၄ ထောင်မှ ၂ သောင်းကျော်ဝန်းကျင်ထိ ကုန်ကျစရိတ် ရှိမည်ဖြစ်ပြီး မြန်မာဘက်မှ ကုန်ကျစရိတ်ငွေ သတ်မှတ်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

“ထိုင်းက လိုအပ်ချက်အရတော့ အလုပ်သမား ၄ သိန်းကျော်လိုတာ။ မြန်မာဘက်တော့ ၂ သိန်းကျော်ခေါ်မယ်။ ဒါပေမယ့် မြန်မာဘက်ကတော့ ဘယ်လိုမှ အဆင်မပြေနိုင်ဘူး။ ကမော္ဘဒီယားကတော့ ဇန်နဝါရီမှာ စမယ်။ လာအို လည်း အဆင်ပြေနေပြီ။ ကျနော်တို့ မြန်မာတခုပဲ ပြဿနာ တက်နေတာ။ လက်ရှိ နိုင်ငံရေး အခြေအနေကြောင့်ရော ကုန်ကျစရိတ်ရောကြောင့်” ဟု ထိုင်းတောင်ပိုင်း အခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး ဖောင်ဒေးရှင်း (FED) အဖွဲ့၏ အလုပ်သမား တာဝန်ခံ ဦးမင်းဦး က ပြောသည်။

ထိုသို့ MoU ဖြင့် ခေါ်ယူမည့် အလုပ်သမားများအနေဖြင့် မွေးမြူရေး၊ စိုက်ပျိုး ရေး၊ ဆောက်လုပ်ရေး လုပ်ငန်းများတွင် လုပ်ကိုင်ရမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်း အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်အကိုင် ရှားပါးလာမှုနှင့် နိုင်ငံအတွင်းနေထိုင်ရန် မလုံခြုံမှုများ ကြောင့် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်အတွင်း ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၆ သောင်း ကျော်အား ဖမ်းဆီးခဲ့ကြောင်း ထိုင်းအစိုးရမှ ထုတ်ပြန်ခဲ့သည်။

ထို့ပြင် ဒီဇင်ဘာလ နောက်ဆုံးအပတ်မှ ယခု ဇန်နဝါရီလ ပထမအပတ်အတွင်း ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက် လာသူ ၅၀၀ ကျော် ဖမ်းဆီးခံရကြောင်း အလုပ်သမားရေး ဆောင်ရွက်နေသူများထံက သိရသည်။

လက်ရှိ ထိုင်းနိုင်ငံတွင် တရားဝင် မှတ်ပုံတင်ထားသော မြန်မာ ရွှေ့ပြောင်းလုပ်သား ၁ ဒသမ ၁၅ သန်း ရှိပြီး တရား မဝင် ဝင်ရောက် နေထိုင်လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်းလုပ်သား အရေအတွက်မှာလည်း တသန်းကျော် ရှိနေ ကြောင်း သိရသည်။

You may also like these stories:

ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်သည့် မြန်မာလုပ်သား အလွန်များနေ

နေ့စဉ်ဖမ်းဆီးနေသည့် ကြားမှ ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်မှု ပိုများလာ

အာဏာသိမ်းစစ်ကောင်စီအောက်က လယ်သမားများ ဘဝပျက်လာ

Loading