စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် ပါဝင် လှုံ့ဆော်သည်ဟုဆိုကာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ – က ဖြင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် သရုပ်ဆောင် ရဲတိုက်ကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်နေ့က အင်းစိန်ထောင်တွင်း တရားရုံးမှ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ် အပြီးသတ်အမိန့် ချမှတ်ခဲ့သည်။
ယင်းကဲ့သို့ အပြီးသတ် အမိန့်ချမှတ်တာနှင့် ပတ်သက်ပြီး ရဲတိုက်၏ မိသားစုဝင်များနှင့် မိတ်ဆွေများက ဥပဒေနှင့် ညီညွတ်မှု မရှိဘူးဟု ဆိုသည်။
ရဲတိုက်၏ မိသားစုဝင် တဦးက “ဥပဒေနဲ့ မညီညွတ်ဘူး။ သက်သေခံပစ္စည်းက ရှာဖွေပုံစံမှာ သိမ်းဆည်းတဲ့ အခါမှာ သူ့လက်ထဲကနေ တယ်လီဖုန်းဖြစ်စေ၊ အချက်အလက်ဖြစ်စေ၊ ဓာတ်ပုံဖြစ်စေ တခုခု သိမ်းဆည်းတာ ရှိရမယ်။ ဘာတခုမှ သိမ်းဆည်းတာ မရှိဘူး။ သူတို့ တင်ပြတဲ့ Myanmar Celebrity ဆိုတဲ့ Youtube Channel ကနေ ပြတဲ့ အင်တာဗျူးကလည်း အဲဒီဟာကို CD နဲ့ သက်သေအဖြစ် တင်ပြတာလည်း ဥပဒေနဲ့ မညီညွှတ်ဘူး” ဟု ဧရာဝတီသို့ ပြောသည်။
၎င်းက ဆက်ပြီး “ကာယကံရှင် (ရဲတိုက်) ဆီကနေ တရားဝင် ဥပဒေနဲ့အညီ သိမ်းဆည်းထားတာ မဟုတ်တဲ့ သက်သေခံပစ္စည်းကို တရားသူကြီးက သက်သေခံပစ္စည်းအဖြစ်နဲ့ လက်ခံတယ်။ အဲဒါလည်း ဥပဒေနဲ့ မညီညွတ်ဘူး။ ဥပဒေနဲ့ မညီညွတ်ဘဲနဲ့ အထက်အမိန့်နဲ့ ချတာလို့ ယူဆတယ်။ နောက်ထပ် တမှု ရှိနေသေးတယ်။ ၁၆ (ဂ) ကို စစ်ဆေးနေတာ တရားခံဘက်က သက်သေကို တယောက်တောင် စာရင်း မသွင်းရသေးဘူး” ဟု ဆိုသည်။
အဆိုပါ ၅၀၅-က အမှုအား အပြီးသတ် အမိန့်ချမှတ်ခြင်းနှင့် ပတ်သက်၍ အယူခံဝင်ရေး၊ မဝင်ရေး မတိုင်ပင်ရသေးဘဲ သက်သေ အချက်အလက် မခိုင်လုံဘဲ အမိန့်ချခြင်းကြောင့် အယူခံဝင်လည်း ထူးခြားမည်ဟု မထင်ကြောင်း ၎င်းမိသားစုဝင်က ဆိုသည်။
ရဲတိုက်အမှုအား လိုက်ပါဆောင်ရွက်သူ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်မြင့်က “ကျနော်တို့ ညှိနှိုင်း ဆွေးနွေးနေတုန်းပါပဲ။ အယူခံဝင်ဖို့ကတော့ များပါတယ်။ အသေးစိတ်ကတော့ ကျနော့်ကို မိသားစုဘက်က အကြောင်းမပြန်လာသေးဘူး။ တရက်၊ ၂ ရက်နေရင် အကြောင်း ပြန်လာပါလိမ့်မယ်” ဟု ဧရာဝတီသို့ ပြောသည်။
ရဲတိုက်၏ ရင်းနှီးသူ မိတ်ဆွေတဦးကလည်း ယခုကဲ့သို့ သက်သေ ခိုင်မာမှု မရှိဘဲ အပြီးသတ်အမိန့် ချမှတ်လိုက်သည့်အတွက် စိတ်မကောင်းဖြစ်ရုံကလွဲပြီး မတတ်နိုင်ခဲ့ဘူးဟု ဆိုသည်။
ရဲတိုက်၏ မိတ်ဆွေက “ဒီကိစ္စက တရားမျှတမှု မရှိဘူးဆိုတာ အသိသာကြီးလေ။ သူ့ကို ဒီအမှုနဲ့ ပတ်သက်ပြီး သက်သေခံ တင်ထားတဲ့ ပစ္စည်းတွေက မှန်ကန်မှု မရှိဘူး။ သက်သေခံ ပစ္စည်းတွေက မခိုင်မာဘဲ ဒီအမှုကို တင်ထားတာလေ။ အဲဒါနဲ့ ပတ်သက်ပြီးတော့လည်း အခု ထောင် ၃ နှစ် ချလိုက်တယ်ဆိုတော့ စိတ်မကောင်းဖြစ်ရုံက လွဲပြီး ဘာမှ မတတ်နိုင်ဘူး။ အဲဒီလိုပဲ ပြောရမှာပါပဲ” ဟု ဆိုသည်။
၎င်းက ဆက်ပြီး “ထောင်ချထားပြီးသား ကိစ္စက ဘာမှ မတတ်နိုင်ဘူးပေါ့။ အဲဒါကြောင့် အပြင်ကနေပဲ သူ့ကို ထောက်ပံ့ ပေးနေတာပေါ့။ သူ့ရဲ့ ပန်းချီကားလေးတွေ လေလံတင်ပြီး ရောင်းပေးတယ်။ အပြင်က သူ့ပရိသတ်တွေ လက်ဆောင်ရထားတဲ့ သူ့အင်္ကျီလေးတွေ လေလံတင်ပြီး ရောင်းပေးတယ်။ အဲဒါလေးတွေနဲ့ သူ့မိသားစုဝင်တွေကို ထောက်ပံ့ ကူညီပေးမယ်။ သူမထွက်မလာမချင်းပေါ့” ဟု ဧရာဝတီကို ပြောသည်။
ရဲတိုက်၏ လက်ရှိ ကျန်းမာရေး အခြေအနေသည် ကောင်းမွန်သည်ဟု သိရပြီး စိတ်ကျန်းမာရေး အခြေအနေသည်လည်း တည်တည်ငြိမ်ငြိမ် ရှိသည်ဟု ကြားသိရသည်။ အမိန့်ချမှတ်သည့်နေ့တွင် ရဲတိုက်က ပရိသတ်ထံသို့ အမှာစကား ပါးလိုက်သည်ဟုလည်း သိရသည်။
ရဲတိုက်၏ မိတ်ဆွေက “ပရိသတ်ကို အမြဲ သတိရနေပါတယ်။ အရမ်းချစ်ပါတယ်။ ကျေးဇူးလည်း တင်ပါတယ်။ သူ့အတွက်ကို စိတ်မပူပါနဲ့။ စိတ်ကို ကြံ့ကြံ့ခိုင်အောင်ထားပြီး တရက်ပြီးတရက် အကောင်းဆုံး ကျော်ဖြတ်မှာပါ။ သူ့ကိုယ်သူ အကောင်းဆုံး ပြန်တည်ဆောက်ပြီး အရင်ကထက် ရုပ်ရည်ပိုင်း၊ သရုပ်ဆောင်ပိုင်းပါ ပိုအရည်အချင်းရှိတဲ့ ပိုတော်၊ ပိုရင့်ကျက်တဲ့ ရဲတိုက်ကို ပြန်မြင်ရပါစေမယ်။ အားလုံး ဖိုက်တင်း” ဟု ပြောခဲ့ကြောင်း ပြန်လည် ပြောပြသည်။
သရုပ်ဆောင် ရဲတိုက်အား တရားစွဲဆိုထားသည့် ပုဒ်မ ၅၀၅-က အမှုကို အမိန့်ချမှတ်ပြီးသည့်အတွက် ကျန်ရှိနေသည့် ၁၆ (ဂ) အမှုအတွက် နောက်ထပ် ရုံးချိန်းများကို အထူးတရားရုံးတွင် စစ်ဆေးတော့မည် မဟုတ်ဘဲ၊ အနောက်ပိုင်းခရိုင် တရားရုံးတွင်သာ ဆက်လက် ရုံးထုတ်မည်ဟု သိရသည်။
ရဲတိုက်အပါအဝင် ပုဒ်မ ၅၀၅- က ဖြင့် တရားစွဲဆိုခံထားရသည့် လူသိများ ထင်ရှားသူများ ဖြစ်ကြသော သရုပ်ဆောင် လူမင်း၊ ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ မော်ဒယ် ပိုင်တံခွန်၊ အဆိုတော် စောဖိုးခွား၊ အဆိုတော် ပိုပိုနှင့် Beauty Blogger ဝင်းမင်းသန်းတို့ကိုလည်း အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ်စီ အသီးသီး ချမှတ်ခံခဲ့ရသည်။
You may also like these stories:
တရားခွင်အတွင်း သတိလစ် မေ့မြောသွားခဲ့တဲ့ ရဲတိုက်
ကျောက်ဖရားမှ ဧရာဝတီသို့ ဇတ်ကားရဲ့ ပရိတ်သတ်ပါလို့ဆိုတဲ့ အလှမယ်နှင်းသွေးယုအောင်
သရုပ်ဆောင် ပိုင်တံခွန်ကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ် ချမှတ်
ဒေါင်းနဲ့ နှင်းသွေးယုအောင် ပါဝင်တဲ့ ကျောက်ဖရားမှ ဧရာဝတီသို့ ဇတ်လမ်းတွဲ မကြာမီပြမည်