သတင်း

ဆန္ဒပြပွဲနှင့် PDF အား ဖြိုခွင်းတိုက်ခိုက်သူများကို စစ်ကောင်စီ ဂုဏ်ပြုဆုပေး

အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲနှင့် ပြည်သူ့ ကာကွယ်ရေးတပ် (PDF) တပ်ဖွဲ့ဝင်များအား ဖြိုခွင်းတိုက်ခိုက်သူများကို အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဂုဏ်ထူးဆောင်ဆုတံဆိပ်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားသည်။

မဟာသရေ စည်သူဘွဲ့ခံယူထားသော ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၇၄ နှစ်မြောက် မြန်မာနိုင်ငံ လွတ်လပ်ရေးနေ့ ဖြစ်သည့် ဇန်နဝါရီလ ၄ ရက်နှင့် နောက်တရက်ဖြစ်သည့် ဇန်နဝါရီလ ၅ ရက်တွင် ၂၀၂၂ ခုနှစ်အတွက် ဂုဏ်ထူးဆောင်ဆု ရရှိသူများ စာရင်းကို မြန်မာ့အလင်းသတင်းစာမှ တဆင့် ကြေညာခြင်း ဖြစ်သည်။

အဆိုပါ စာရင်းတွင် ဆုရရှိသူ စုစုပေါင်း ၁၂၉၀ ဦး ပါဝင်သည်။

ထူးခြားသည်က ယင်းစာရင်းတွင် အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲနှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) တပ်ဖွဲ့ ဝင်များအား ဖြိုခွင်းတိုက်ခိုက်သူများ အပါအဝင် စစ်တပ်အတွက် သတင်းပေးလုပ်သည်ဆိုသော သံသယဖြင့် အသတ်ခံရသူများ ပါဝင်နေခြင်း ဖြစ်သည်။

ဥပမာ ပြရလျှင် ၂၀၂၁ ခုနှစ် ဇွန်လ ၂၂ ရက်က မန္တလေးမြို့ ၅၄ လမ်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအား ဝင် ရောက် ဖမ်းဆီးစဉ်က PDF များ လက်ချက်ဖြင့် သေဆုံးသွားသော အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး အောင်မျိုးကျော်ကို စစ်ကောင်စီက သူရဘွဲ့ပေးထားခြင်း ဖြစ်သည်။

ထို့အပြင် ဒီဇင်ဘာလ အစောပိုင်းက ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ်တွင် ဆန္ဒပြသူ လူငယ်များအား ကားဖြင့် တိုက်ခိုင်းသူ ခလရ ၈၂ မှ ဗိုလ်မှူးကြီး နိုင်ဘိုဘိုကိုလည်း “သူရဲကောင်းမှတ်တမ်းဝင်” ဘွဲ့ပေးခဲ့သည်။

အလားတူပင် စစ်ကောင်စီသည် ၂၀၂၁ ခုနှစ် ဩဂုတ်လအကုန်ပိုင်းက ထားဝယ်မြို့နယ်၌ အသတ်ခံရသော နယ်စပ်ရေးရာ ဝန်ကြီးဌာနမှ ဒုညွှန်ကြားရေးမှူးဖြစ်သူ ဦးသောင်းဒန်ကိုလည်း ရဲဗလ တံဆိပ်ပေးထားပြီး စစ်တပ်အတွက် သတင်းပေး လုပ်သဖြင့် အသတ်ခံရသည့် မင်္ဂလာဒုံမြို့နယ် ကုန်းတလဘောင်စံပြရွာမှ အုပ်ချုပ်ရေးမှူး ဦးဝေလင်းအောင်ကိုလည်း ရဲဗလ တံဆိပ် ပေးထားသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတော်အတွက် မိမိအသက်ကို ပဓာနမထားဘဲ စိတ်ဓာတ်၊ စံတင်ထိုက်သည့် စွမ်း ရည်၊ ဂုဏ်ယူထိုက်သည့် စွန့်စားမှုမျိုးဖြင့် ထူးထူးချွန်ချွန် ဆောင်ရွက်ခဲ့သော ဂုဏ်ပြုသင့်ဂုဏ်ပြုထိုက်သူများကို ဂုဏ်ပြုဆု ချီးမြှင့်ရခြင်းဖြစ်ကြောင်း ဇန်နဝါရီလ ၄ ရက်က နေပြည်တော် စစ်ကောင်စီရုံးတွင် ပြုလုပ်သည့် ၂၀၂၁ ခုနှစ်အတွက် ဂုဏ်ထူးဆောင်ဘွဲ့ ရသူများအား ဆုချီးမြှင့်သည့်အခမ်းအနား၌ ပြောဆိုသည်။

ထို့နောက် အဆိုပါနေ့ မွန်းလွဲပိုင်းတွင် ၎င်းသည် နေပြည်တော်ရှိ ဇေယျာသီရိ ဗိမာန်သို့ ဆက်သွားပြီး တပ်မတော် စွမ်းရည် သတ္တိနှင့် စွမ်းဆောင်မှုဆိုင်ရာ လက်မှတ်များ ချီးမြှင့်ခြင်း အခမ်းအနားသို့ တက်ရောက်သည်။

အဆိုပါ အခမ်းအနား၌ “ရဲသော်မသေ သေသော် ငရဲမလား”၊ “အာဇာနည်မျိုး သေမျိုးမရှိ” စသည့် ဝါဒဖြန့်စကားများ သုံးကာ တိုင်းပြည်အတွက် အသက် စွန့်သူများ၏ အမည်နာမသည် မည်သည့်အခါမျှ တိမ်မြုပ်ပျောက်ကွယ်မည် မဟုတ်ကြောင်း ဆုရသူများကို အားပေးစကား ပြောသည်။

ဆက်လက်၍ ၎င်းက မျိုးဆက်သစ်များ အသက်စွန့်၍ မကြောက်မရွံ့ ကြိုးပမ်းကြရန်လည်း အင်းဝခေတ် ရဟန်းစာဆို ရှင်မဟာရဌသာရ၏ ဂမ္ဘီသာရပျို့အား ကိုးကား၍ တိုက်တွန်းသည်။

တပ်မတော်သားများအား လူထုအာဏာ ဖီဆန်ရေး (CDM) လှုပ်ရှားမှုတွင် ပါဝင်လာရန် စည်းရုံးကူညီမှုများ ဆောင်ရွက်နေ သည့် ပြည်သူ့စစ်သား (People’s Soldiers) အဖွဲ့မှ ဗိုလ်ကြီး ညီသုတကမူ စစ်ကောင်စီသည် စစ်သားများ အသေခံရဲရန် တွန်းအားပေးသည့်အနေနှင့် ဆုတံဆိပ်များ ပေးနေခြင်းဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။

“ဒုတိယ ကမာ္ဘစစ်တုန်းက ဆိုရင်လည်း ဂျာမဏီမှာ ဟစ်တလာဟာ ဘာလင်မြို့ကြီး ပျက်စီးပြီး စစ်ရှုံးတော့မယ့် ကာလ အချိန် နီးကပ်နေတာတောင်မှ သူ့စစ်သားတွေပေါ့။ ကလေးငယ်တွေတောင် ပါတယ်။ ဆုတံဆိပ်ပေးခဲ့တာ ရှိပါတယ်။ အဲဒီအချိန်မှာ ဒီဆုတံဆိပ်ကို ရပြီး အသေခံသွားတဲ့ စစ်သားတွေ အများကြီးရှိပါတယ်။ ဒါကြောင့်မို့ ဒီဆုတံဆိပ်တွေက အသေခံဖို့အတွက် အသေခံရဲအောင်လို့ တွန်းအားပေးတဲ့ ဆုတံဆိပ်တွေအနေနဲ့ အသုံးချတာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

ယနေ့အချိန်အထိ စစ်တပ်ထဲတွင် စစ်ကောင်စီပေးသည့် ဆုတံဆိပ်များအပေါ် ယုံကြည်နေသူများ ရှိနေသေးသဖြင့် စိတ်ပိုင်းဆိုင်ရာ တွန်းအားဖြစ်စေရန် သူရဘွဲ့၊ ရဲဗလတံဆိပ် စသည့် ဆုများ ချီးမြှင့်နေခြင်း ဖြစ်ကြောင်း ဗိုလ်ကြီးညီသုတက သုံးသပ်သည်။

အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) ၊ ကာကွယ်ရေး ဝန်ကြီးဌာန၏ အတွင်းဝန်ဖြစ်သူ ဦးနိုင်ထူးအောင်ကလည်း ယခုကဲ့ သို့ စစ်ကောင်စီဘက်က လူထုအပေါ်ဖိနှိပ်ခဲ့သူများအား ဆုပေးနေခြင်းသည် ၎င်းတို့ ခိုင်းစေ၍ရနိုင်ရန် မြှောက်ပေးနေခြင်း သာ ဖြစ်ကြောင်း ပြောသည်။

“ရိုးရိုးရှင်းရှင်း ပြောရမယ်ဆိုရင် မြှောက်ပေးပြီးတော့ ခိုင်းစားတဲ့ သဘောပါပဲ။ နောက်တခုကတော့ ရှေ့မှာ ဂုဏ်ထူးတွေနဲ့ ပတ်သက်ပြီး ရှိခဲ့တဲ့ အရှိန်အဝါတွေ၊ ဂုဏ်သိက္ခာတွေကိုလည်း ရေစုန်မျောသွားအောင် တန်ဖိုးတွေ ကျသွားအောင် အသုံး ချလိုက်တာပါပဲ” ဟု ၎င်းက ဆိုသည်။

မြန်မာ့အရေးကို နှစ်ပေါင်း ၄၀ ကျော် လေ့လာရေးသားလာသည့် ဆွီဒင်လူမျိုး သတင်းစာဆရာ ဘာတေးလ်လစ်တနာကမူ စစ်ခေါင်းဆောင်များ၏ ဂုဏ်ထူးဆောင်ဘွဲ့နှင့် ဆုတံဆိပ်ချီးမြှင့်မှုများသည် ၎င်းတို့အကြား ဖြစ်ပေါ်နေသည့် စိတ်ပျက်တုန် လှုပ်မှုများကို ထင်ဟပ်နေခြင်းသာ ဖြစ်ကြောင်း သုံးသပ်သည်။

စစ်ဗိုလ်ချုပ်များသည် တပ်မတော်သားများ ရာထူးအဆင့်အလိုက် သစ္စာစောင့်သိမှု ကင်းမဲ့လာနေသည့်အပေါ် စိုးရိမ်နေ ကြောင်း ၎င်းက ဆိုသည်။

“လူအများက သူတို့ကို မုန်းနေတာကို သိကြပေမယ့် အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေနဲ့ PDF တွေကို ဖြိုခွဲရာမှာ ပါဝင်တဲ့သူတွေဟာ ဒီလို ကြီးမားပြီး အဓိပ္ပာယ်မဲ့ ဆုတွေ ရမယ်ဆိုရင် စစ်အစိုးရအတွက် ဂုဏ်ပြုခံပြီး ဆက်လက် တာဝန် ထမ်းဆောင်ကြမယ်လို့ စစ်ဗိုလ်ချုပ်တွေက ယုံကြည်နေတဲ့အတွက် အခုလို ဆုပေးတာ ဖြစ်ပါတယ်” ဟု ဘာတေးလ်လစ် တနာက ပြောသည်။

ထိုကဲ့သို့ ဆုတံဆိပ်များချီးမြှင့်နေသော်လည်း စိတ်ဓာတ်ပျက်ပြားနေသည့် မြန်မာစစ်တပ်သည် စိတ်ဓာတ်ပြန်တက်လာ လိမ့်မည် မဟုတ်ကြောင်း NUG ကာကွယ်ရေး အတွင်းဝန် ဦးနိုင်ထူးအောင် အပါအဝင် မြန်မာ့အရေးလေ့လာသူ အချို့က သုံးသပ်ကြသည်။

တရားမဝင် အာဏာသိမ်းထားသည့် စစ်ကောင်စီက ချီးမြှင့်သည့် ဂုဏ်ထူးဆောင်ဘွဲ့နှင့် ဆုတံဆိပ်များသည် ဂုဏ်ယူစရာ မရှိသကဲ့သို့ သိက္ခာလည်း မရှိကြောင်း ဦးနိုင်ထူးအောင်က ထောက်ပြသည်။

“အမှန်ကို နိုင်ငံတော်ကို ကိုယ်စားပြုပြီးပေးတဲ့ အစိုးရတရပ် ဟုတ်ရဲ့လားပေါ့။ ဒါမှလည်း ဆုက အဓိပ္ပာယ်ရှိမှာ။ နံပါတ် ၂ က ဆုရတဲ့သူရဲ့ ပြည်သူအပေါ် အလုပ်အကျွေးပြုမှုက တကယ် မှန်ကန်သလားပေါ့။ အဲဒီလိုမျိုးတွေ မရှိဘဲနဲ့ ဒီဆုတွေ ပေး တာက အဓိပ္ပာယ် မရှိပါဘူး။ ဘယ်‌ခေတ်ပဲဖြစ်ဖြစ် ပေးတဲ့သူရယ် ပေးရတဲ့အကြောင်းအရင်းရယ်ပေါ်မှာပဲ မူတည်ပါမယ်။ ပြည်သူတွေကို အနိုင်ကျင့်ဖို့၊ တိုင်းရင်းသားတွေကြားထဲ သွေးကွဲအောင်လုပ်ဖို့ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးကို နှိပ် ကွပ်ဖို့ ဆောင်ရွက်နေတယ်ဆိုရင်တော့ ဒီခေတ်မှ မဟုတ်ပါဘူး။ ဘယ်ခေတ်ပဲဖြစ်ဖြစ် ဘယ်လိုကာလပဲ ဖြစ်ဖြစ် ဒီဆုတွေ က အဓိပ္ပာယ်မဲ့နေမှာပါပဲ” ဟု ၎င်းက မှတ်ချက်ပေးသည်။

လွန်ခဲ့သည့် ၂၀၁၄ ခုနှစ် ဇွန်လ ၇ ရက်ကလည်း သမ္မတဦးသိန်းစိန်၏ ငြိမ်းချမ်းရေး ဝန်ကြီးအဖြစ် တာဝန်များ ထမ်းဆောင် နေသူ တပ်မတော်သားဟောင်း ဦးအောင်မင်းသည် ဂုဏ်ထူးဆောင်ဘွဲ့နှင့် ဆုတံဆိပ်များ ပေးသည့် ကိစ္စအား လူသိရှင် ကြား ဝေဖန်ခဲ့သည်။

ပြည်တွင်း၌ အချင်းချင်း ဖြစ်နေသည့်တိုက်ပွဲများအပေါ် အခြေခံပြီး စွမ်းရည်၊ ဂုဏ်ထူးဆောင်ဘွဲ့များဖြစ်သော သူရ၊ သီဟ သူရ ဘွဲ့များပေးရန် မလိုအပ်ကြောင်း၊ တပ်မတော်၏ သစ္စာလေးချက်ကိုသာ ပြင်ရန်သင့်ကြောင်း ၎င်းက ပြောခဲ့ခြင်းဖြစ် သည်။

ထိုစဉ်က ဦးအောင်မင်း၏ ပြောဆိုချက်ကို စစ်တပ် အရာရှိအသိုင်းအဝိုင်းက ဝိုင်းဝေဖန်ခဲ့သဖြင့် ဦးအောင်မင်းသည် တပ် မတော်သားများ၊ တပ်မတော်မှ အငြိမ်းစား ယူထားသည့် ဆရာသမားများ၊ မိသားစုများ၏ စိတ်ကို အနှောင့်အယှက် ဖြစ်စေ ခဲ့သဖြင့် တောင်းပန်ပါကြောင်း စာတစောင် ထုတ်ပြန်ခဲ့ရဖူးသည်။

You may also like these stories :

စစ်ကောင်စီ ဒုဗိုလ်မှူးကြီး တဦးသေဆုံးရတဲ့ မန္တလေးဖြစ်စဉ်

အာဏာသိမ်းစစ်ကောင်စီ၏ အဆိုးရွားဆုံး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ

တနိုင်ငံလုံးက မြန်မာစစ်တပ်ကို မုန်းနေကြတာ

Loading