ဒေါ်အောင်ဆန်းစုကြည် အဂတိမှု နေပြည်တော် စည်ပင်အရာရှိနှစ်ဦး သက်သေစစ်ဆေး
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား တရားစွဲထားသည့် အဂတိလိုက်စားမှု ၃မှုအတွက် နေပြည်တော် စည်ပင်သာယာရေးကော်မတီမှ အရာရှိနှစ်ဦးအား ယနေ့ အထူးသီးသန့်တရားရုံးတွင် စစ်ဆေးကြောင်း သိရသည်။
သက်သေထွက်ဆိုခဲ့သူများမှာ နေပြည်တော်စည်ပင်၊ မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာနမှ ဒုဌာနမှူး ဦးနေမျိုးအောင်နှင့် ဦးစီးအရာရှိ ဦးအောင်မျိုးဦးတို့ဖြစ်ကြောင်း တရားရုံးနှင့်နီးစပ်သူတဦးထံက သိရသည်။
၎င်းတို့နှစ်ဦးမှာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းစီမံကိန်းအတွက် နေပြည်တော်စည်ပင်က မြေနေရာချထားပေးမှု များတွင် အဂတိလိုက်စားမှုရှိသည်ဟု ဒေါ်အောင်ဆန်းစုကြည်အပေါ် စွပ်စွဲကာ တရားစွဲဆိုမှု ၃ မှုတွင် သက်သေအဖြစ် ပါဝင်နေသဖြင့် ယနေ့တွင် အမှုသုံးမှုလုံးအတွက် သက်သေထွက်ဆိုခဲ့ခြင်းဖြစ်ကြောင်းလည်းသိရသည်။
ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်ကောင်စီက အဂတိမှုများဖြင့် စွဲဆိုထားမှုများအား အပတ်စဉ် သောကြာနေ့တိုင်း နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်ရှိ အထူးသီးသန့်တရားရုံးတွင် ရုံးထုတ်စစ်ဆေးနေပြီး နောက်တပတ်ရုံးချိန်းအား ဇန်နဝါရီ ၁၄ ရက်နေ့သို့ ပြန်လည် ချိန်းဆိုထားသည်။
လက်ရှိစစ်ဆေးဆဲ အဂတိမှုမှာ ၅ မှုရှိပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ အရေးပေါ်ကယ်ဆယ်ရေးအတွက် ရဟတ် ယာဉ်ဝယ်ယူမှုတွင် တာဝန်ရှိသည်ဟုဆိုကာ ဒေါ်အောင်ဆန်းစုကြည်အား အဂတိမှုဖြင့် ထပ်မံအမှုဖွင့်ထားမှုအား တရားရုံးသို့ တရားစွဲတင်ခြင်းရှိမရှိ မသိရသေးပေ။
စစ်တပ်အာဏာသိမ်းကတည်းက ဖမ်းဆီးချုပ်နှောင်ခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်ကောင်စီက ပုဒ်မများစွာဖြင့် စွပ်စွဲကာ တရားစွဲဆိုမှုများ ပြုလုပ်လျှက်ရှိရာတွင် ယမန်နှစ်ဒီဇင်ဘာ ၆ ရက်နေ့က ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-ခ အရ ထောင်ဒဏ် ၂ နှစ်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ အရ ထောင် ဒဏ် ၂ နှစ်၊ စုစုပေါင်း ထောင်ဒဏ် ၄ နှစ်ချမှတ်ထားသည်။
သို့သော် အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယင်းနေ့တွင် ပြစ်ဒဏ်တဝက်အား လျော့ပေါ့ပေးကြောင်း ကြေညာသည်။
ယင်းအပြင် ဆက်လက်တရားစွဲဆိုထားသည့် အမှုများထဲမှ ဦးညီညီဆိုသူက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့် ခွဲမှုဥပဒေပုဒ်မ ၂၅ ဖြင့် တရားစွဲဆိုမှု၊ နေအိမ်အတွင်း တရားမဝင်ဆက်သွယ်ရေးပစ္စည်းများ တွေ့ရှိသည်ဆိုကာ ပို့ကုန် သွင်းကုန်ဥပဒေပုဒ်မ ၈၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ တို့ဖြင့် စစ်ကောင်စီက တရားစွဲဆိုမှုနှစ်မှု၊ စုစုပေါင်း အမှု ၃ ဖြင့်လည်း လာမည့် ဇန်နဝါရီ ၁၀ ရက်နေ့တွင် အမိန့်ချမည်ဖြစ်ကြောင်း အထူးသီးသန့်တရားရုံးက ကြေညာထားသည်။
You may also like these stories :
ပလက်ဝက စစ်ရှောင်များကို အာဏာသိမ်းစစ်တပ်က အိမ်ပြန်ခိုင်းနေ
ကျောက်တော်တွင် လက်နက်ငယ် ပစ်ခတ်လေ့ကျင့်မည်ဟု စစ်တပ်သတိပေး
စစ်တပ်က အသွားအလာကန့်သတ်ထား၍ ပလက်ဝတွင် ကုန်ဈေးနှုန်းများ မြင့်တက်လာ