စစ်ကိုင်းတိုင်း အတွင်းရှိ ကျေးရွာတချို့တွင် အာဏာဖီဆန်ရေး လှုပ်ရှားမှု(CDM) ပြုလုပ်ထားသည့် ဆရာ၊ ဆရာမများ နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းပြီး ကိုယ်ထူကိုယ်ထ စာသင်ကျောင်းများ စတင် ဖွင့်လှစ်ကာ ပညာသင် ကြားပေးနေပြီ ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကျေးရွာတချို့တွင် ယမန်နေ့ (ဇန်နဝါရီ ၆ ရက်) က စတင်၍ ကျောင်းများ ဖွင့်လှစ်လိုက်ခြင်းဖြစ်ပြီး KG မှ စတုတ္ထတန်းအထိ သင်ကြားပေးသည့် ကျေးရွာများ ပါဝင်သလို အချို့မှာ အဋ္ဌမတန်းအထိ သင်ကြားပေးမည် ဖြစ်ကြောင်း ဒေသခံ သတင်းရင်းမြစ်များက ပြောသည်။
ယင်း ပညာသင်ကြားရေး အစီအစဉ်တွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များက လုံခြုံရေးယူပေးပြီး CDM ဆရာ၊ ဆရာမ များ၊ ပရဟိတ လုပ်အားပေး ဆရာ၊ ဆရာမများ၊ ကျေးရွာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ (ပအဖ)၊ ကျေးရွာပြည်သူ့ ကာ ကွယ်ရေးအဖွဲ့များ (ပကဖ) များနှင့် ကျောင်းသားမိဘများ ပူးပေါင်းကာ ကိုယ်ထူကိုယ်ထ စတင်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဒေသအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင် တဦးက “အဓိကက ကလေးတွေရဲ့ စာတတ်မြောက်ရေး ကိစ္စပါပဲ။ စာနဲ့ တအားဝေးနေတော့ နောင်တချိန် တော်လှန်ရေးကာလ ပြီးသွား ရင်တောင်မှ ကလေးတွေရဲ့ ပညာရေး တအားနှောင့်နှေးသွားမှာ စိုးလို့ပါ။ ပညာရေး တအားနိမ့်သွားတယ်၊ ဘာမှ မသိတော့ဘူးဆိုရင် တိုင်းပြည်ရဲ့ အနာဂတ်က မှေးမှိန်သွားမှာလေ” ဟု ဧရာဝတီသို့ ပြောသည်။
ဖွင့်လှစ်လိုက်သည့် ကျောင်းများတွင် ကျောင်းသား စုစုပေါင်း ၁၀၀၀ ကျော်ကို ပညာသင်ကြားပေးနေပြီး ယခု အစီ အစဉ်ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် တိုင်ပင်ဆွေးနွေးမှုများ ပြုလုပ်ပြီး ချိတ်ဆက်ဆောင်ရွက်မှုများ ဖြင့် ပြုလုပ်နေကြောင်း သိရသည်။
ကိုဗစ်ကာလအပြင် စစ်တပ် အာဏာသိမ်း ကာလအတွင်း ကျောင်းသားများ အနေဖြင့် ပညာသင်ကြားရေးနှင့် အလှမ်းဝေးနေသည့်အတွက် ယခုကဲ့သို့ ပူးပေါင်းလုပ်ဆောင်မှုသည် အကျိုးရှိကြောင်း ကျောင်းသားမိဘ တဦးက ပြောဆိုသည်။
“ကျနော်တို့ သားသမီးတွေက ပညာသင်ရမယ့် အချိန်မှာ ပညာရည်နို့ မသောက်ရတဲ့ အတွက်ကြောင့်မလို့ အခု လို ကျေးရွာကာကွယ်ရေး အဖွဲ့တွေနဲ့၊ ကျေးရွာခေါင်းဆောင်တွေနဲ့ ဖွဲ့စည်းပြီးတော့ ကြားကာလပညာရေး ဖြစ်လာ အောင် လုပ်တာပေါ့။ တချို့ကလေးတွေက စာနဲ့ အလှမ်းဝေးသွားတာနဲ့ တပြိုင်နက် စာကို စိတ်မဝင်စားမှာ မိဘတွေ အနေနဲ့က စိုးရိမ်မှု အပြည့်နဲ့ပေါ့။ အခုလို ပညာရေးလေးကို ကာကွယ်ရေးအဖွဲ့တွေက ဦးဆောင်ပြီး လုပ်ပေးလို့ ကျနော်တို့အတွက်က ဝမ်းသာစရာပါပဲ” ဟု ၎င်းက ပြောသည်။
သို့သော်လည်း ယင်းဒေသများအတွင်း စစ်ကောင်စီတပ်များက စစ်ကြောင်းများထိုးကာ ဒေသကာကွယ်ရေးတပ်ဖွဲ့များ နှင့် မကြာခဏဆိုသလို တိုက်ပွဲများ ဖြစ်ပွားနေရာ လုံခြုံရေးပိုင်းဆိုင်ရာ စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေသည်။
ထို့ကြောင့် သက်ဆိုင်ရာ မြို့နယ်၊ ကျေးရွာတွင်း လုံခြုံရေးကို ပိုမိုတိုးမြှင့် လုပ်ဆောင်နေပြီး မူလတန်းသာ ဖွင့်လှစ်ထား သည့် ကျောင်းများကိုလည်း အလယ်တန်းအဆင့်ထိ တိုးမြှင့်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဒေသကာကွယ်ရေး တပ်ဖွဲ့များက ဆိုသည်။