ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ အနေဖြင့် ဘတ် ၃၀ တန် ဆေးရုံကတ် ကိုင်ဆောင်ထားပါက နိုင်ငံအတွင်းရှိ အစိုးရဆေးရုံများ၌ နိုင်ငံသားများနည်းတူ ဆေးကုသခွင့် ရရှိပြီဖြစ်ကြောင်း ပြီးခဲ့သည့် ရက်ပိုင်းတွင် ထိုင်းကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့သည်။
ထိုင်းအစိုးရက နှစ်သစ်လက်ဆောင်အဖြစ် ပြောင်းလဲသတ်မှတ်ပေးခဲ့သည့် အဆိုပါ ဘတ် ၃၀ (မြန်မာငွေ ကျပ် ၁၅၀၀ ဝန်းကျင်) တန် ဆေးရုံကတ် (ကျန်းမာရေးအာမခံကတ်) သည် မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် ဆေးကုသခွင့်နှင့် ပတ်သက်ပြီး ယခင်ကထက် ပိုမိုအဆင်ပြေကြောင်း မဲဆောက်မြို့မှ အလုပ်သမားတဦးက ဧရာဝတီ သို့ ပြောသည်။
၎င်းက “ဒီလို ပြောင်းလဲလိုက်တယ်ဆိုတော့ အဆင်ပြေတာပေါ့။ ကျန်းမာရေးအာမခံ ဝယ်ထားတယ်ဆိုရင် ဘယ်အစိုး ရ ဆေးရုံမှာပဲဖြစ်ဖြစ် ဆေးကုသခွင့်ရှိတယ်ဆိုရင် အလုပ်သမားတွေအတွက်တော့ အဆင်ပြေတာပေါ့။ အရင်က နယ် မြေအလိုက် ကန့်သတ်ထားတာ မရဘူး ဆိုတော့လေ” ဟု ဆိုသည်။
ယခင်က အဆိုပါ ကုသခွင့် ကိုင်ဆောင်ထားသူများ အနေဖြင့် ထိုင်းအစိုးရက သတ်မှတ်ထားသည့် နေရာများအတွင်း၌ သာ ဆေးကုသခွင့်ရှိပြီး ယခုအခါ ကြိုက်နှစ်သက်ရာ မည်သည့် အစိုးရဆေးရုံတွင်မဆို တက်ရောက် ကုသခွင့်ရပြီ ဖြစ် ကြောင်း ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) အဖွဲ့၏ အလုပ်သမား တာဝန်ခံ ဦးမင်းဦးက ပြောသည်။
“အရင်တုန်းက သူ့ရဲ့ သတ်မှတ်ထားတဲ့၊ မှတ်ပုံတင်တဲ့ နေရာမှာပဲ ဆေးကုသခွင့် သုံးလို့ရတာပေါ့။ အခုကျတော့ ကြိုက် တဲ့မြို့နယ် အစိုးရဆေးရုံမှာ သုံးပေါ့။ အဲဒီ အခွင့်အရေး ရသွားတာ။ ဈေးနှုန်းကတော့ မပြောင်းဘူး။ ပုံမှန်အတိုင်းပဲ။ အရင်တုန်းကဆိုရင် လွှဲစာပါမှ ရမယ်။ ဥပမာ ချင်းမိုင်ဆေးရုံကနေ မဲဆောက်ဆေးရုံကို လွှဲပြီးကုရမယ်ပေါ့။ အဲဒီလိုဆို လွှဲစာပါမှရမှာ။ အခုက အဲဒီလိုမဟုတ်ဘူး။ လွှဲစာမပါဘဲနဲ့လည်း ကုလို့ရပြီ” ဟု ၎င်းက ရှင်းပြသည်။
ရွှေ့ပြောင်းအလုပ်သမား တဦးလျှင် ၂ နှစ် သက်တမ်းရှိသည့် ကျန်းမာရေးအာမခံကတ်အား ဘတ် ၃၆၀၀ ဖြင့် အလုပ် လုပ်ကိုင်ခွင့်ကတ်များ ပြုလုပ်ပါက မဖြစ်မနေ တပါတည်း ပြုလုပ်ရကြောင်း မဲဆောက်အခြေစိုက် ရောင်ခြည်ဦးအလုပ် သမားအဖွဲ့မှ မသူဇာက ပြောသည်။
အဆိုပါ ဘတ် ၃၀ တန် ဆေးရုံကတ်ဖြင့် အမျိုးသမီးများ မီးဖွားခွင့်၊ ရုတ်တရက် ဖြစ်ပေါ်လာသည့် ခွဲစိတ်မှုများ၊ ဖျားနာ ခြင်းများအတွက် ကုသမှု ရရှိမည်ဖြစ်ပြီး နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါတို့ကဲ့သို့ နာတာရှည်ရောဂါများအတွက်မူ အကျုံးဝင်မည် မဟုတ်ကြောင်း သိရသည်။
“အများအားဖြင့်တော့ မဲဆောက်မှာ ရှိနေတဲ့ အလုပ်သမားတွေ ဆေးရုံတက်ရောက် ကုသရင် မဲဆောက်ဆေးရုံမှာပဲ ကုကြတယ်။ တကယ်လို့ မဲဆောက်မှာတင် ကုလို့မနိုင်ဘူး၊ ကြီးကြီးမားမား ခွဲစိတ်ရမယ်ဆိုရင် အလုပ်ရှင်တွေကို အကြောင်းကြားတယ်။ ကုသပေးနိုင်မလား။ မတတ်နိုင်ဘူး ဆိုရင်တော့ မဲဆောက်မှာပဲ ကုတယ်။ တချို့ကျတော့ ဒီမှာ မကုတော့ဘူး။ မြန်မာပြည် ပြန်မယ်ဆိုပြီး ပြန်ကြတာ ရှိသလို ဘန်ကောက် ဆေးဝါးတွေက ကောင်းတော့ အဲဒီမှာပဲ ကုကြတာလည်း ရှိတယ်” ဟု မသူဇာက ရှင်းပြသည်။
ထို့ပြင် ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်နေကြသည့် ရွှေ့ပြောင်းအလုပ်သမားများ ကိုင်ဆောင်ထားသည့် သက်သေခံ လက်မှတ် (CI) စာအုပ်များ သက်တမ်း ကုန်ဆုံးနေပါက သက်တမ်းတိုးနိုင်မည့် ရုံးများကို ဇန်နဝါရီ ၁၀ ရက်တွင် စတင် ဖွင့်လှစ်တော့မည် ဖြစ်ပြီး အဆိုပါ ရုံးများကို ရနောင်း၊ ချွန်ဘူရီ၊ စမွတ်ပရာကန်၊ စမွတ်ဆခွန်၊ ချင်းမိုင် စသည့် မြို့များ တွင် ဖွင့်လှစ်ပေးမည် ဖြစ်ကြောင်း သိရသည်။
လက်ရှိ ထိုင်းနိုင်ငံတွင် တရားမဝင် ဝင်ရောက်လာသူများ အပါအဝင် မြန်မာရွှေ့ပြောင်းလုပ်သားပေါင်း ၃ သန်းထက် မနည်းရှိကြောင်း အလုပ်သမားရေးဆောင်ရွက်သူများထံမှ သိရသည်။