စစ်တပ်က အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ ရက် နောက်ပိုင်းကတည်းက အင်တာနက် အသုံးပြုမှုအပေါ် နည်း လမ်းပေါင်းစုံဖြင့် ကန့်သတ်ထိန်းချုပ်နေသော စစ်ကောင်စီသည် ယခုအခါ အများပြည်သူ အင်တာနက် အလွယ်တကူ အသုံးမပြုနိုင်ရန်အတွက် အခွန်ထပ်တိုးကောက်ရန် စီစဉ်လာပြန်သည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၆ ရက်က ထုတ်ပြန်လာသော ပြည်ထောင်စုအခွန်အကောက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေတွင် မိုဘိုင်းလ်ဆင်းမ်ကတ်နှင့် အင်တာနက် ဝန်ဆောင်မှုများအပေါ် အခွန်းတိုးကောက်ရန် ထည့်သွင်းလာခြင်း ဖြစ်သည်။
ယနေ့ (ဇန်နဝါရီ ၈ ရက်) တွင် စတင် အသက်ဝင်မည့် ထိုဥပဒေအရ ဆင်းမ်ကတ် ၁ ကတ်လျှင် ကုန်သွယ်လုပ်ငန်းခွန် ကျပ် ၂၀၀၀၀ နှင့် အင်တာနက် ဝန်ဆောင်မှု လုပ်ငန်းများ၏ ရငွေအပေါ် အခွန်ကို ၁၅ ရာခိုင်နှုန်းအထိ တိုးမြှင့်ကောက်ခံ သွားမည် ဖြစ်ကြောင်း သိရသည်။
အင်တာနက် ဝန်ဆောင်မှုများအပေါ် အခွန်တိုးကောက်ခံခြင်းသည် အင်တာနက် အလွန်အကျွံ သုံးစွဲမှုကြောင့် ပြည်သူများ အလုပ်အကိုင် ထိခိုက်ခြင်း၊ ကျောင်းသူကျောင်းသားများ၏ ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခြင်းများကို လျှော့ချရန် အတွက်ဟု အာဏာသိမ်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သို့သော်လည်း စစ်ကောင်စီ၏ အမှန်တကယ် ရည်ရွယ်ချက်မှာ အင်တာနက်သုံးစွဲမှုကို လူတိုင်း လက်လှမ်းမမီအောင် လုပ်ဆောင်ခြင်းဖြစ်ပြီး သတင်းအချက်အလက် စီးဆင်းမှုအပေါ် ထပ်မံကန့်သတ်လိုက်ခြင်းပင် ဖြစ်ကြောင်း ဆက်သွယ်ရေး လုပ်ငန်း လုပ်ကိုင်သူများက သုံးသပ်ပြောဆိုသည်။
“အဓိက သူတို့ ရည်ရွယ်ချက်က အခွန်ရဖို့နဲ့ Data Access ကို နည်းသွားစေချင်တဲ့အတွက် ဈေးနှုန်းတွေကို မြင့်အောင် လုပ်တာ” ဟု အမည်မဖော်လိုသည့် ပြည်တွင်းဆက်သွယ်ရေးလုပ်ငန်း လုပ်ကိုင်သူ တဦးက မှတ်ချက်ပြုသည်။
နိုင်ငံတခု၏ ဖွံ့ဖြိုးတိုးတက်မှုကို အင်တာနက် အလွယ်တကူ အသုံးပြုနိုင်မှုနှင့် အင်တာနက် မြန်နှုန်းများဖြင့် တိုင်းတာလာ နေသည့် ဒစ်ဂျစ်တယ်နည်းပညာခေတ်တွင် ထိုသို့ လုပ်ဆောင်ခြင်းက ခေတ်နောက်ပြန် ဆွဲခြင်းသာဖြစ်ပြီး အဓိကအားဖြင့် အခြေခံလူတန်းစားများအပေါ် သက်ရောက်မှုကြီးမည် ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
ဆက်လက်၍ ၎င်းက “အင်တာနက်သုံးဖို့ စရိတ်စကတွေ တက်လာမယ်ဆိုရင် မသုံးမဖြစ် သုံးနေရတဲ့သူတွေတောင် အင် တာနက် သုံးစွဲမှုကို လျှော့သုံးလာရမယ့် အနေအထား ဖြစ်လာနိုင်တယ်။ ဒါက အင်တာနက်ကို (လုံးဝ) ပိတ်ချလိုက်တာမျိုး မလုပ်တော့ဘဲ နောက်တနည်းနဲ့ ထပ်ပြီးကန့်သတ်တဲ့ သဘောပဲပေ့ါ” ဟု ပြောသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းကလည်း စစ်ကောင်စီသည် မိုဘိုင်းလ်ဒေတာ ဈေးနှုန်းများကို ပုံမှန်ထက် ၂ ဆ မြင့်တက် လာစေရန် ဆက်သွယ်ရေးအော်ပရေတာများအား ဖိအားပေးပြီး ဈေးနှုန်းပြောင်းလဲစေခဲ့သည်။
ထို့ကြောင့် ယခင်က ကျပ် ၁၀၀၀ ဝန်းကျင်ဖြင့် ဒေတာ ၉၀၀ MB သုံးစွဲနိုင်ရာမှ ယခုအခါ ၅၀၀ MB သာ အသုံးပြု နိုင်တော့ကြောင်း ပြောင်းလဲသတ်မှတ်လိုက်သော ဆက်သွယ်ရေးအော်ပရေတာများ၏ ဈေးနှုန်းနှင့် ဒေတာ အသုံးပြုနိုင်မှု အခြေအနေများအရ သိရသည်။
ရန်ကုန်မြို့မှ လူငယ်တဦးက “အရင်ကဆို Facebook သုံးရင် တက်လာသမျှ ဗီဒီယိုတွေကို ဘာမှ မရွေးချယ်ဘဲ အေးဆေး ကြည့်လို့ရတယ်။ အခုက ဗီဒီယိုတွေ အရမ်းမကြည့်နိုင်တော့ဘူး။ ပုံနဲ့ စာနဲ့လောက်ပဲ ကြည့်ပြီး ဒေတာကို ချွေတာသုံးနေရ တယ်။ တခြား Twitter၊ Instagram တို့ဆိုရင် အခုနောက်ပိုင်း မသုံးဖြစ်တော့ဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ထို့ပြင် မိုဘိုင်းလ်ဖုန်းဖြင့် အင်တာနက် အသုံးပြုမှုကို ယခင်က အနည်းဆုံး ၁၂ နာရီနှင့်အထက် အသုံးပြုနိုင်သော်လည်း ယခုအခါ မိုဘိုင်းလ်အင်တာနက်ကို လိုအပ်မှသာဖွင့်ပြီး အသုံးပြုလာနေရသည်ဟု ၎င်းက ဆိုသည်။
မိုဘိုင်းလ်ဒေတာ ဈေးနှုန်းများအပြင် အင်တာနက်ဝန်ဆောင်မှု လုပ်ငန်းများအပေါ် အခွန်တိုး ကောက်ခံမှုကြောင့် အိမ်သုံး ဝိုင်ဖိုင် အသုံးပြုခ နှုန်းထားများသည်လည်း ထပ်မံမြင့်တက်လာမည့် အခြေအနေ ရှိနေကြောင်း သိရသည်။
လက်ရှိတွင် အိမ်သုံးဝိုင်ဖိုင် နှုန်းထားများသည် ၁ လလျှင် အနည်းဆုံး ကျပ် ၂၅၀၀၀ မှ ၃၀၀၀၀ ဝန်းကျင် ရှိရာ ယခု နောက် ပိုင်းတွင် ဈေးနှုန်း အနည်းငယ် မြင့်တက်လာပြီး ၁ လလျှင် ကျပ် ၃၅၀၀၀ ဝန်းကျင်ထိ ရှိလာနေပြီး အခွန်ထပ်တိုးကောက်ပါ က ၁ လလျှင် ကျပ် ၄၅၀၀၀ မှ ၆၀၀၀၀ ဝန်းကျင်ထိ တက်လာနိုင်ကြောင်း သုံးစွဲသူများနှင့် ဆက်သွယ်ရေးလုပ်ငန်း လုပ် ကိုင်သူတချို့က ခန့်မှန်းကြသည်။
“Wifi ဈေးနှုန်းတွေက အခု အခွန်တိုးမကောက်ခင်ကတည်းက ဈေးတွေ ပြန်တက်လာနေတာ။ အခွန်သာ ထပ်တိုးကောက် လာမယ်ဆိုရင် အခုထက် ဈေးတွေ ပိုတက်လာရင်တော့ မသုံးနိုင်တော့တဲ့သူတွေ ပိုများလာနိုင်တယ်” ဟု အွန်လိုင်း အခြေပြု စီးပွားရေးလုပ်ငန်း လုပ်ကိုင်နေသူတဦးက ပြောသည်။
အင်တာနက်မြန်နှုန်းကို အခြေပြုပြီး လုပ်ငန်း လုပ်ကိုင်နေရသည့် ၎င်း၏ စီးပွားရေးလုပ်ငန်းအတွက် အင်တာနက် သုံးစွဲမှု ကုန်ကျစရိတ်က ယခင်ကထက် ပိုမိုကုန်ကျလာတော့မည့် အခြေအနေ ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။
ထိုသို့ အွန်လိုင်းအခြေပြု အသေးစား စီးပွားရေးလုပ်ငန်းများအပြင် ကိုဗစ်-၁၉ ကပ်ရောဂါနှင့် နိုင်ငံရေး အခြေအနေများ ကြောင့် အွန်လိုင်းပေါ်မှ ပညာသင်ကြားခြင်းနှင့် အသက်မွေးဝမ်းကြောင်းဆိုင်ရာ သင်တန်းများ၊ အခြားသော လူနေမှု အဆင့်အတန်းများအပေါ် သက်ရောက်မှုများ ဖြစ်လာနိုင်သည်ဟုလည်း အင်တာနက်သုံးစွဲသူများက ပြောသည်။
ယခုကဲ့သို့ အင်တာနက် အသုံးပြုနိုင်မှုနှင့် ပတ်သက်၍ စစ်ကောင်စီဘက်က ကန့်သတ်မှုများ ပိုမိုလုပ်ဆောင်လာခြင်းသည် အွန်လိုင်းပေါ်မှတဆင့် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုများ အရှိန်လျော့နည်းစေရန်နှင့် ၎င်းအား လက်နက်ကိုင် ခုခံတော်လှန်နေသူများထံ အလှူငွေ စီးဆင်းမှုများကို ဖြတ်တောက်ချင်သည့် ရည်ရွယ်ချက် ဖြစ်နိုင်သည်ဟူသော သုံးသပ် မှုများလည်း ရှိသည်။
ထို့ပြင် မိုးဘိုင်းလ် ဆင်းမ်ကတ်များကို အခွန်ထပ်တိုး ကောက်ခံမှုသည် လက်ရှိ ဈေးကွက်အတွင်း ဆင်းမ်ကတ်များ ဖောင်း ပွနေသည့် အနေအထားကြောင့် သက်ရောက်မှု ကြီးကြီးမားမား မဖြစ်နိုင်သော်လည်း နိုင်ငံရေးရှုထောင့်အရ ရည်ရွယ်ပြု လုပ်ခြင်း ဖြစ်နိုင်သည်ဟုလည်း ဆက်သွယ်ရေးအော်ပရေတာလုပ်ငန်းနှင့် နီးစပ်သည့် သတင်းရင်း မြစ်တဦးက ပြောသည်။
“ကျနော်တို့ သိသလောက် စစ်ကောင်စီရဲ့ ဆက်သွယ်ရေး အော်ပရေတာတွေကို သုံးခိုင်းထားတဲ့ Spyware (ကြား ဖြတ် ထောက်လှမ်းမှုဆိုင်ရာ စပိုင်ဝဲ) က ဒေတာမှာ ခြေရာခံလို့ မရတာကြောင့် ဖုန်းခေါ်တာနဲ့ sms ကိုပဲ ပိုသုံးလာအောင် လုပ်တာလည်း ဖြစ်နိုင်တယ်” ဟု ၎င်းက သုံးသပ်ပြောဆိုသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာခဲ့သော ဒေသကာကွယ်ရေးတပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ အပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်ပါ တိုက်ပွဲများ ပြင်းထန်လာနေသည့် ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ် ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် မန္တလေးတိုင်းများ အတွင်းရှိ ဒါဇင်နှင့်ချီသော မြို့နယ်များကို စစ်ကောင်စီသည် ၂၀၂၁ ဩဂုတ် လပိုင်းမှ စတင်ကာ လက်ရှိအချိန်အထိ အင်တာနက် ဖြတ်တောက်ထားဆဲ ဖြစ်သည်။
အမေရိကန်အခြေစိုက် Freedom House အဖွဲ့၏ ပြီးခဲ့သည့် ၂၀၂၁ အတွင်း ထုတ်ပြန်ခဲ့သော ကမ္ဘာတဝန်း အင်တာနက် လွတ်လပ်ခွင့်ဆိုင်ရာ အစီရင်ခံစာတွင် မြန်မာနိုင်ငံသည် အီရန်နှင့် တရုတ်နိုင်ငံတို့ ပြီးလျှင် တတိယ အဆိုးဆုံးနိုင်ငံအဖြစ် သတ်မှတ်ဖော်ပြခံထားရသည်။