နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ပုဒ်မ ၃ သုံးခုဖြင့် တရားစွဲဆိုထားမှုအား ထောင်ဒဏ် ၄ နှစ်ကျခံစေရန် နေပြည်တော်ရှိ အထူးသီးသန့်တရားရုံးက ယနေ့အမိန့်ချမှတ်လိုက်ကြောင်း တရားရုံးနှင့် နီးစပ်သူတဦး ကပြောသည်။
တမှုချင်းအလိုက် ချမှတ်သည့် ထောင်ဒဏ်များမှာ အာဏာသိမ်းစစ်ကောင်စီက တရားစွဲဆိုသည့် ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ အရ ၂ နှစ်၊ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၇ အရ ၁ နှစ်နှင့် ဦးညီညီဆိုသူက သီးခြားစွဲဆိုထားသည့် သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ အရ ၂ နှစ်တို့ဖြစ်သည်။
သို့ရာတွင် ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ အရ ၂ နှစ်နှင့်ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ အရထောင်ဒဏ် ၁ နှစ်အား တပေါင်းတည်းကျခံစေရန် ချမှတ်ခဲ့သည့်အတွက် ယနေ့အမိန့်ချမှတ်မှုသည် စုစုပေါင်းထောင်ဒဏ် ၄ နှစ်သာဖြစ်သည်။
ယနေ့ ဒေါ်အောင်ဆန်းစုကြည်အား ထောင်ဒဏ်ချမှတ်မှုသည် ဒုတိယအကြိမ်ဖြစ်ပြီး ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၆ ရက်နေ့က လည်း ပုဒ်မနှစ်ခုဖြင့် ထောင်ဒဏ် ၄ နှစ်ချမှတ်ထားသည့်အတွက် စုစုပေါင်းထောင်ဒဏ် ၈ နှစ်ရှိပြီဖြစ်သည်။
သို့သော် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒေါ်အောင်ဆန်းစုကြည်အား ဒီဇင်ဘာ ၆ ရက်နေ့ က ချမှတ်သည့် ထောင်ဒဏ် ၄ နှစ်အား ပြစ်ဒဏ်တဝက်လျော့ပေါ့ကြောင်း ကြေညာပြီး ကျန်တဝက်အား လက်ရှိချုပ်နှောင် ထားသည့် နေရာ၌ပင် ကျခံရမည်ဖြစ်ကြောင်းလည်း ဆိုထားသည်။
ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ဒီဇင်ဘာ ၆ ရက်နေ့ထောင်ဒဏ်ချမှတ်ခံရပြီးနောက် ကျန်ရှိသည့်အမှုများအတွက် တရားရုံး လာရောက်ရာတွင် ထောင်ကျပုံစံ ဝတ်စုံဖြင့်သာ တက်ရောက်နေရသည်။
စစ်တပ်အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက ဖမ်းဆီးချုပ်နှောင်ခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်အနေ ဖြင့် အာဏာသိမ်းစစ်ကောင်စီ၏ စွပ်စွဲတရားစွဲဆိုမှုများစွာအား ရင်ဆိုင်နေရသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၇ ရက်နေ့ရုံးချိန်းတွင်လည်း ဒေါ်အောင်ဆန်းစုကြည်အား အဂတိမှု ၅ မှုဖြင့် ထပ်မံတရားစွဲဆိုထား ကြောင်း စစ်ကောင်စီဘက်က အသိပေးခဲ့ပြီး မည်သည့်အကြောင်းအရာ စွပ်စွဲချက်များဖြင့် တရားစွဲဆိုသည်ကို အသေးစိတ် မသိရသေးပေ။
ယင်းအတွက် ဒေါ်အောင်ဆန်းစုကြည်အား စစ်ကောင်စီက အဂတိမှုစွပ်စွဲချက်များဖြင့် တရားစွဲဆိုမှုမှာ ၁၀ အထိရှိလာပြီး ဖြစ်သည်။
ယင်းအပြင် စီးပွားရေးအကြံပေး ပါမောက္ခရှောင်တာနယ်၏ အမှုတွဲအဖြစ် အစိုးရလျှို့ဝှက်ချက်အက်ဥပဒေပုဒ်မ ၃-၁(ဂ) ဖြင့် တရားစွဲဆိုထားမှုကိုလည်း တရားရင်ဆိုင်နေရပြီး ရွေးကောက်ပွဲဆိုင်ရာ စွပ်စွဲချက်များဖြင့် စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က အမှုဖွင့်ထားမှုလည်း ရှိနေသေးသည်။
သီးခြားလွတ်လပ်တဲ့ ရှေ့နေတဦးက “ရုံးတွေဆိုတာက ဒီကနေ့ ကိုင်တွယ်ထားတဲ့ ပုဂ္ဂိုလ်က ခိုင်းတာတွေ၊ အမိန့်တွေ၊ ညွှန် ကြားတာတွေအရ ပဲလုပ်နေကြတာများပါတယ်။ ဒါက နိုင်ငံရေးနဲ့ဆိုင်တာပါပဲ၊ တရားဥပဒေအရဆိုပြီး သီးခြားသွားပြောလို့ မရဘူး။ ဒီကနေ့အဖြစ်အပျက်တွေက နိုင်ငံရေးအပြောင်းအလဲမလို့ ဥပဒေနဲ့ပတ်သက်ရင် မှတ်တမ်းတင်လို့ပဲရမယ်၊ ဘယ်သူ မှ လွှတ်ပေးပါမယ်လို့ အာမခံလို့မရဘူး” ဟု သုံးသပ်ထားသည်။
အာဏာသိမ်းစစ်ကောင်စီအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နည်းတူ နိုင်ငံတော်သမ္မတဦးဝင်းမြင့်အပါအဝင် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်(NLD) ပါတီခေါင်းဆောင်များ၊ NLD အစိုးရအဖွဲ့ဝင်များအား ဖမ်းဆီးတရားစွဲမှုများပြုလုပ်ထားပြီး မကြာသေး မီရက်ကပင် ပြစ်ဒဏ်ချမှတ်မှုများ ကတိုက်ကရိုက်ပြုလုပ်ခဲ့သည်။
ပြစ်ဒဏ်ချမှတ်ခံရသူများတွင် ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဌ ဦးထွန်းထွန်းဟိန်၊ တိုင်းနှင့်ပြည်နယ်ဝန်ကြီးချုပ်များ၊ ဝန်ကြီး များနှင့် NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ မှ ဦးသိန်းဦး၊ ဦးဟံသာမြင့်၊ ဒေါက်တာမျိုးညွှန့်တို့လည်းပါဝင်ခဲ့သည်။
ယင်းသို့ ကတိုက်ကရိုက်အမိန့်ချမှတ်မှုတွေအပေါ် အချို့ကမကြာမီ ပြန်လည်လွတ်ပေးနိုင်ကြောင်း သုံးသပ်မှုများရှိနေသော်လည်း အာဏာသိမ်းစစ်ကောင်စီအနေဖြင့် ၎င်းတို့အစီအစဉ်အတိုင်းသာ လုပ်ဆောင်နေခြင်းဖြစ်ပြီး ဘာမှထူးခြားမှုမရှိကြောင်း NLD ဗဟိုအလုပ်ကော်မတီဝင် ဦးကျော်ထွေးကပြောသည်။
၎င်းက “တရားရေးကဏ္ဍကို သူတို့ထိန်းချုပ်ထားတာပါ၊ တရားသူကြီးတွေကလည်း တရားဥပဒေအတိုင်းလိုက်နာပြီးတော့ တရားမျှတစွာ စီရင်ရမယ့်အစား စစ်ကောင်စီအလိုကျ ဆောင်ရွက်နေတာမို့လို့ သူတို့အမိန့်ချဆိုတဲ့အချိန် ချနေတာပဲ။ ဒါပေမယ့် နိုင်ငံတကာ ဖိအားတွေတိုးလာရင်၊ လာလည်တဲ့ ဧည့်သည်တွေက တောင်းဆိုလာရင်တော့ ကတိုက်ကရိုက် ဆောင် ရွက်တာမျိုးတွေတော့ တွေ့ရပါတယ်” ဟု ပြောသည်။
တနိုင်ငံလုံးအတိုင်းအတာဖြင့် စစ်တပ်အာဏာသိမ်းပြီးနောက် NLD ပါတီဝင်များနှင့် အစိုးရအဖွဲ့ဝင်များအား ဖမ်းဆီးတရားစွဲ ဆိုမှုမှာ ဦးရေ ၅၀၀ နီးပါခန့်ရှိပြီး ဆက်လက်၍ ဖမ်းဆီးတရားစွဲဆိုမှုများလည်း စစ်ကောင်စီက ပြုလုပ်လျှက်ရှိနေသည်။–