အငြင်းပွားဖွယ်ရာ ခရီးစဉ်အတွင်း မြန်မာစစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က သူ့ကို “သွေးသောက်ညီအကို”အဖြစ် သဘောထားရန် ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်ကို တောင်းဆိုလိုက်ကြောင်း သိရသည်။
ကမ္ဘောဒီးယားအစိုးရလိုလားသည့် Fresh News ၏ သတင်းတပုဒ်အရ မင်းအောင်လှိုင်သည် ဟွန်ဆန်၏ ညီအကို အဆင့်အတန်းကို ဘရူနိုင်းစော်ဘွား ဟက်ဆန်နယ် ဘိုလ်ကီးယားနှင့် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်တို့ကဲ့သို့ ရရှိသွားကြောင်း သိရသည်။
“မြန်မာက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သူ့ကို သွေးသောက်ညီအကိုလိုသဘောထားဖို့ ဝန်ကြီးချုပ်ကိုပြောတာ ကြားလိုက်ရလို့ ကျနော် တကယ်ကို စိတ်လှုပ်ရှားမိတယ်” ဟု သတင်းသမား ဆမ်အောင်းက ပြောကြောင်း Fresh News က ကိုးကားဖေါ်ပြသည်။
“အနာဂတ်မှာ မင်္ဂလာဆောင်ပွဲလို မိသားစုအခမ်းအနားတွေလုပ်ရင် သူ့ကိုလည်း ဧည့်သည်အဖြစ် ဖိတ်ပါလို့ မင်းအောင်လှိုင်က ဝန်ကြီးချုပ်ဟွန်ဆန်ကို ပြောတယ်” ဟု အထက်ပါသတင်းဌာနက ဆက်လက်ဖေါ်ပြသည်။
ASEAN ဥက္ကဋ္ဌအဖြစ် ဇန်နဝါရီလ ၇ ရက်နှင့် ၈ ရက်နေ့များ၌ နေပြည်တော်သို့ သွားရောက်သော ဟွန်ဆန်၏ ၂ ရက်ကြာခရီးစဉ်သည် လွန်ခဲ့သောနှစ် ဖေဖေါ်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ ရွေးကောက်ခံအစိုးရကို ဖြုတ်ချခဲ့သော မင်းအောင်လှိုင်အား တရားဝင်မှု ရရှိစေမည်ဟု လူ့အခွင့်အရေးအဖွဲ့များက ဝေဖန်ခဲ့ကြသည်။
မြန်မာ စစ်ခေါင်းဆောင်ကို အခြား ASEAN ခေါင်းဆောင်များက ကျဉ်ထားပြီး ထုံးစံအတိုင်း ကျင်းပသည့် နှစ်ပတ်လည် ထိပ်သီးဆွေးနွေးပွဲ တက်ခွင့် ပိတ်ပင်ထားသည်။ လူ့အခွင့်အရေးဆိုင်ရာ ASEAN ပါလီမန်က်ိုယ်စားလှယ်များအဖွဲ့ ဥက္ကဋ္ဌ ချားလ် ဆန်တီယာဂိုက ထိုခေါင်းဆောင်နှစ်ယောက်တို့သည် ၎င်းတို့၏ အာဏာရှင် ရည်မှန်းချက်အတွက် ASEAN ကို အပိုင်စီးခဲ့သည်ဟု စွပ်စွဲသည်။
“ဟွန်ဆန်ဟာ စစ်ကောင်စီကို ASEAN အစည်းအဝေးတွေက ထုတ်ပယ်ခြင်းနဲ့ ဘုံသဘောတူညီချက် ၅ ချက်အပေါ် ရပ်တည်တဲ့ ASEAN ရဲ့သဘောထားကို နှောက်ယှက်ဖျက်ဆီးပြီး ASEAN ဥက္ကဋ္ဌ တာဝန်ကို စတင်ထမ်းဆောင်လိုက်တယ်” ဟု သူပြောကြားပြီး ၎င်းတို့က အောင်မြင်မှုဟုပြောသည့် ပူးတွဲကြေညာချက်သည် လိမ်လည်လှည့်ဖြားခြင်း အန္တရာယ်များကြောင်း ပြောကြားလိုက်သည်။
“သူတို့ရဲ့ အာဏာရှင် ရည်မှန်းချက်တွေအတွက် ASEAN ကို အပိုင်စီးတာဟာ ဒီအာဏာသိမ်းခေါင်းဆောင် နှစ်ယောက်ရဲ့ မျက်နှာပြောင်တိုက်တဲ့ လုပ်ရပ်ဖြစ်ပြီး မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတိုက်ပွဲကို ထိခိုက်စေတယ်” ဟုလည်း သူဆက်လက်ပြောကြားသည်။
ASEAN ၏ အခြားအဖွဲ့ဝင်နိုင်ငံ ၈ နိုင်ငံဖြစ်သော ဘရူနိုင်း၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်္ကာပူ၊ ထိုင်းနှင့် ဗီယက်နမ်တို့အနေဖြင့် မြန်မာတွင် ဒီမိုကရေစီလုပ်ငန်းစဉ် ပြန်လည်ဖေါ်ဆောင်ရေးကို ထောက်ခံသည့် ကြေညာချက်တစောင်ထုတ်ပြန်ပြီး ၎င်းတို့၏သဘောထားကို ရှင်းလင်းပြောကြားရန် ဆန်တီယာဂိုက တိုက်တွန်းသည်။
“ဟွန်ဆန်က ASEAN ရဲ့ ဘုံသဘောတူညီချက် ၅ ချက်ကို လိုက်နာစေဖို့နဲ့ သူ့ရဲ့ အသိတရားမဲ့တဲ့ ကောင်းဘွိုင်သံတမန်ရေးကို စိန်ခေါ်ဖို့ဟာ ကျန် ASEAN ခေါင်းဆောင်တွေရဲ့ တာဝန်ဖြစ်တယ်” ဟုလည်း သူပြောသည်။
သို့သော် မြန်မာတွင် အာဏာသိမ်းပြီးနောက် ပြည်ပခေါင်းဆောင်တဦး၏ ပထမဆုံးခရီးအဖြစ် သွားရောက်ခဲ့သော ထိုခရီးစဉ်သည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် အပစ်အခတ်ရပ်စဲခြင်းကို ယခုနှစ်ကုန်အထိ တိုးမြှင့်ခြင်းကို ဖြစ်စေပြီး ပဋိပက္ခအဆုံးသတ်ရေးအတွက် ASEAN က သဘောတူထားသည့် ဘုံသဘော တူညီချက် ၅ ချက်အတွက် တိုးတက်မှုဖြစ်စေကြောင်း ဟွန်ဆန် ပြောသည်။
“ASEAN နဲ့ မြန်မာအပါအဝင် ရည်မှန်းချက်ကြီးတဲ့ မိတ်ဖက်နိုင်ငံတွေအနေနဲ့ အပစ်အခတ်ရပ်စဲရေး အကောင်အထည်ဖေါ်ပြီး ထိရောက်တဲ့ အကူအညီတွေပေးဖို့ လုပ်ဆောင်စရာတွေ များစွာရှိနေပါသေးတယ်” ဟု ဟွန်ဆန်က ခရီးစဉ်အပြီးတွင်ပြောသည်။
ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးနှင့် မြန်မာဆိုင်ရာ ASEAN အထူးသံတမန် ပရက်ဆိုခွန်းကလည်း အလားတူပြောကြားပြီး အကျပ်အတည်းပြေလည်ရေးအတွက် အဖြေတွေ့နိုင်သည်ဟု အကောင်းမြင်ကြောင်း ပြောသည်။
သို့သော် မင်းအောင်လှိုင်၏ အပစ်အခတ်ရပ်စဲရေး ကတိကဝတ်အပေါ် အာဆီယံသံတမန်အသိုင်းအဝိုင်းကြား သံသယရှိနေမြဲ ဖြစ်ပြီး လက်တွေ့အကောင်အထည် ဘာမှမဖြစ်လာဟု မြင်နေကြသည်။
You may also like these stories:
ဟွန်ဆန်၏ “ကောင်းဘွိုင်ဒီပလိုမေစီ” အာဆီယံအဖွဲ့ကို ဖျက်ဆီးနေသလား
မ္ဘောဒီးယား၊ အာဆီယံနှင့် မြန်မာ
ဆယ်စုနှစ်အတွင်း မြန်မာ့လူ့အဖွဲ့အစည်း ပြောင်းလဲသွားပြီးပြီ
တနိုင်ငံလုံးက မြန်မာစစ်တပ်ကို မုန်းနေကြတာ