အာဏာသိမ်း စစ်ကောင်စီ အတွင်းရေးမှူးတာဝန် ထမ်းဆောင်နေသော ဒုတိယ ဗိုလ်ချုပ်ကြီးအောင်လင်းဒွေးအား စစ်ဖက်ရာထူးဖြစ်သော စစ်ဥပဒေချုပ် ရာထူးမှ အနားပေးလိုက်ပြီး တပ်မတော်အရန်အင်အားအဖြစ်သို့ ပြောင်းရွှေ့လိုက်ကြောင်း နေပြည်တော်စစ်ရုံးချုပ်ရှိ ဧရာဝတီ သတင်းရင်းမြစ်တွေထံမှ သိရသည်။
ဒုတိယ ဗိုလ်ချုပ်ကြီးအောင်လင်းဒွေးအား စစ်ဖက်ရာထူးမှ အနားပေးလိုက်သော်လည်း စစ်ကောင်စီအဖွဲ့ အတွင်းရေးမှူးအဖြစ် ဆက်လက်ရှိနေဦးမည်ဟုလည်း သိရသည်။
ထို့အပြင် ဘီဘီစီ၏ သတင်းတပုဒ်တွင်လည်း တပ်မတော်စစ်ဆေးရေးနှင့် စာရင်းစစ်ချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး မင်းနိုင်ကိုလည်း အရန်အင်အားသို့ ပို့လိုက်ကြောင်း ရေးထားသည်။
တပ်မတော် အရန်အင်အား ဆိုသည်မှာ စစ်ဖက်ဆိုင်ရာ အရာရှိကြီးများသည် ၎င်းတို့၏ သတ်မှတ်ကာလအတွင်း ရာထူး တဆင့် မတိုးပါက အရန်အင်အားသို့ ကူးပြောင်းရမည် ဖြစ်ပြီး ဥပမာ ဒုတိယ ဗိုလ်ချုပ်ကြီးများသည် ယင်းရာထူးဖြင့် ၅ နှစ် တာဝန်ထမ်းဆောင်ပြီး ရာထူး မတိုးသည့်အခါ အရန်အင်အားအဖြစ် ဆက်လက် တာဝန်ထမ်းဆောင်ရသည်။
စစ်တက္ကသိုလ် အပတ်စဉ် ၂၅ ဆင်း ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေးသည် တပ်မတော်နည်းပညာ တက္ကသိုလ် ကျောင်းအုပ်ကြီးနှင့် ရခိုင်ပြည်နယ်အခြေစိုက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး တာဝန်ထမ်းဆောင်ခဲ့ကာ ၂၀၁၆ ခုနှစ် သြဂုတ်လမှစ၍ စစ်ဥပဒေချုပ်တာဝန်ကို စတင်ထမ်းဆောင်ခဲ့ပြီး လာမည့် မေလတွင် အသက် ၆၀ ပြည့်မည် ဖြစ်သည်။
စစ်ဥပဒေချုပ် ရာထူးနေရာအား တပ်မတော်အင်အားဖြည့်တင်းရေး ညွှန်ကြားရေးမှူးရုံး (ကကအင်) မှ ညွှန်ကြားရေးမှူး ဗိုလ်ချုပ် မျိုးသန့်နိုင်အား ဒုတိယ ဗိုလ်ချုပ်ကြီး အဖြစ် ခန့်အပ်ကာ တာဝန်ပေးလိုက်သလို တပ်မတော်စစ်ဆေးရေးနှင့် စာရင်းစစ်ချုပ် ရာထူးကိုလည်း ဒုံးတပ်ဖွဲ့ညွှန်ကြားရေးမှူး ဗိုလ်ချုပ်စိုးမင်းဦးအား ဒုတိယဗိုလ်ချုပ်ကြီးအဖြစ် ခန့်အပ်ကာ တာဝန်ပေးလိုက်ကြောင်း သိရသည်။
မကြာသေးခင်ကလည်း ကာကွယ်ရေးဝန်ကြီးဟောင်း ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်းနှင့် နယ်စပ်ရေးရာဝန်ကြီးဟောင်း ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင်တို့ အငြိမ်းစားပေးခံကြရသည်။
မြန်မာစစ်တပ်ကို လေ့လာစောင့်ကြည့်သူများက အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် သူ့ဆရာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကဲ့သို့ ထိပ်ဆုံး ၂ နေရာဖြစ်သော ဗိုလ်ချုပ်မှူးကြီးနှင့် ဒုတိယ ဗိုလ်ချုပ်မှူးကြီးမှလွဲပြီး အခြားထိပ်ပိုင်းရာထူးများအား အပြောင်းအလဲလုပ်ကာ အသက်ငယ်ရွယ်ပြီး ၎င်းအပေါ် သစ္စာရှိသော စစ်ဗိုလ်ချုပ်များဖြင့် ၎င်း၏ အနေအထားကို ခိုင်မာအောင် လုပ်မည်ဖြစ်ကြောင်း သုံးသပ်လာနေသည်။
“ စစ်ဥပဒေချုပ်ရာထူးဆိုတာ တိုင်းမှူးတွေထဲက ရာထူးတိုးတဲ့သူတွေကို ဒုတိယ ဗိုလ်ချုပ်ကြီးရာထူးတိုးပေးပြီး ခန့်ရတာ မင်းအောင်လှိုင်လက်ထက်မှာတော့ သူယုံကြည့်ရတဲ့သူဆိုရင် တိုင်းမှူးမလုပ်ဖူးလည်း ရာထူး ပေးတယ်။ ဘာမူဝါဒမှ မရှိတော့ဘဲ အစဉ်အလာမရှိတဲ့သူကို ဥပဒေချုပ်ခန့်လိုက်တာဖြစ်တယ်” ဟု CDM လုပ်ထားသူ စစ်အရာရှိတဦးက ဝေဖန်ပြောဆိုသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကာကွယ်ရေးဦးစီးချုပ်ဖြစ်သည့်အချိန်က ဥပဒေချုပ်အဖြစ် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တာဝန်ယူခဲ့သူ ဒုတိယ ဗိုလ်ချုပ်ကြီးရဲအောင်နှင့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး တာဝန်ယူခဲ့သူ ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေးတို့က တာဝန်ယူခဲ့သည်။
You may also like these stories:
“သွေးသောက်ညီအကို”အဖြစ် သဘောထားရန် စစ်ကောင်စီခေါင်းဆောင်က ဟွန်ဆန်ကို ပြော
စစ်ကိုင်း PDF တွေကို တိုက်ဖို့ နမခတိုင်းမှူးသစ် ခန့်
တပ်မ၇၇ ဦးဆောင်ဖွဲ့စည်းသူ ဗိုလ်မှူးချုပ် တင့်ဆွေ ကွယ်လွန်
တနိုင်ငံလုံးက မြန်မာစစ်တပ်ကို မုန်းနေကြတာ