စစ်ကောင်စီတပ်အတွက် အင်အားဖြည့်ရန် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းရှိ ကျေးရွာတချို့မှ လူငယ်များအား မဲနှိုက် ရွေးချယ်သွားမည် ဟု အကြောင်းကြားထားကြောင်း ဒေသခံတချို့ထံမှ သိရသည်။
မကွေးတိုင်းမှ ဒေသခံတဦးက “ကျနော်တို့ ရွာဆိုရင် ၆ ယောက် တောင်းတယ်။ ဘေးနားက အိမ်ခြေတွေ ဆိုရင် ၅ ယောက် ၆ ယောက် အုပ်စုလိုက် တောင်းတယ်။ အဲဒီလို တောင်းတော့ ရွာက ဒီကိစ္စကို ဘယ်သူမှ လက်မခံဘူး။ မဲခွဲ မယ် မဲကျတဲ့သူ လိုက်ရမယ်ဆိုပြီး ပြောတယ်။ ရွာက ဘယ်သူမှ မလိုက်ချင်ဘူး။ အခုထိတော့ မဲခွဲလို့ မရသေးဘူး။ တချို့ ရွာကလေးတွေကျတော့ ၅ ယောက်တို့ ၄ ယောက် တို့ရတယ်။ ဒါပေမယ့် အများစုက လက်မခံကြဘူး” ဟု ပြော သည်။
အဆိုပါ စစ်သင်တန်းအတွက် မဲနှိုက်လူစုမှုကို ပြီးခဲ့သည့် ကျေးရွာအုပ်ချုပ်ရေးမှူးများမှ တဆင့် ဇန်နဝါရီလ ၆ ရက်က အသိပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“လောလောဆယ်တော့ ဓာတ်ပုံ ရိုက်သွားတယ်။ မှတ်ပုံတင်နံပါတ် ယူသွားတယ်။ ဘာလုပ်ရမယ်လို့ မပြောသေးဘူး” ဟု မကွေးတိုင်းမှ ဒေသခံတဦးက ပြောသည်။
စစ်ကောင်စီအတွက် မဲနှိုက်လူစုမှုကို မကွေးတိုင်း အတွင်းရှိ မင်းလှမြို့နယ်၊ ရှမ်းတပ်ကြီး၊ ကိုင်းငယ်ကြီး၊ ကိုင်းငယ်လေး အစရှိသည့် ကျေးရွာများတွင် ပြုလုပ်ခဲ့ပြီး အဆိုပါ ကျေးရွာများအတွင်း နေထိုင်သည့် လူငယ်များမှာ တခြားသော နေရာများသို့ တိမ်းရှောင်နေကြရကြောင်း သိရသည်။
အလားတူ စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၃၂ အုပ်စုမှ အုပ်ချုပ်ရေးမှူးများကို စစ်ကောင်စီမှ ခေါ်ယူ ခဲ့ပြီး ကျေးရွာအတွင်း လူ ၂၀ စီ စု၍ စစ်သင်တန်း တက်ခိုင်းမည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။
ကသာမြို့ခံတဦးက “သိရသလောက်ကတော့ ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးတွေကို လက်ရှိ မြို့နယ်စီမံအဖွဲ့ ပြီးခဲ့တဲ့ ၆ ရက်လောက်က မြို့နယ်ရုံးမှာ ခေါ်တွေ့တာ၊ နုတ်ထွက်ထားတဲ့ အုပ်ချုပ်ရေးမှူးတွေလည်း ပါတယ်။ ရွာတွေကနေ လူ ၂၀ စီ စုပေးရမယ်လို့ ပြောတယ်တဲ့၊ စစ်သင်တန်း တက်ခိုင်းမှာလို့ ပြောတယ်” ဟု ပြောသည်။
ထိုကဲ့သို့ စစ်ကောင်စီမှ စစ်သင်တန်း တက်ရောက်ရန် လူတောင်းယူခြင်းနှင့် ပတ်သက်၍ စာရင်း မပေးမိကြရန် အတွက် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (ကသာ) က သတိပေးထုတ်ပြန်ထားသည်။
“စစ်ကောင်စီဟာ သူ့ရဲ့ အင်အားမှာ စစ်သား မိန်းမများ၊ စစ်သားသမီးများပါ ရှေ့တန်းသို့ ထွက်နေရတဲ့အတွက် ပြည်သူ အချင်းချင်း ရန်တိုက်ပေးဖို့ လုပ်ဆောင်ခြင်းဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ လှည့်ကွက်ထဲကို ကသာမြို့သူ မြို့သားများ မဝင် ရောက်ကြဖို့ သတိထားစေချင်ပါတယ်” ဟု ပြောဆိုထားသည်။
စစ်ကောင်စီမှ စစ်သင်တန်းပေးရန် လူစုမှုကို ဒေသအလိုက် တရွာလျှင် အယောက် ၂၀ နှင့် တအုပ်စုကို အယောက် ၄၀ အစရှိသဖြင့် ရွာအကြီး အသေးအလိုက် တောင်းခံနေခြင်း ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံအနှံ့တွင် ဒေသ ကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်များကြား တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်ကောင် စီဘက်မှ သေဆုံး ဒဏ်ရာရသူဦးရေမှာ များပြားလျက် ရှိသည်။ စစ်ကိုင်းနှင့် မကွေးတိုင်းတို့မှာလည်း စစ်အာဏာ သိမ်းမှုကို ဆန့်ကျင်ကြောင်း နေ့စဉ် ဆန္ဒထုတ်ဖော်နေကြသလို၊ လူငယ်များက PDF အဖွဲ့ပေါင်းများစွာ ဖွဲ့စည်းထားပြီး စစ်ကောင်စီတပ်နှင့် နေ့စဉ်ရက်ဆက် တိုက်ပွဲများ ဖြစ်ပွားနေသော ဒေသများလည်း ဖြစ်သည်။
လက်ရှိတွင် စစ်ကောင်စီက ပျူစောထီးများကို စစ်သင်တန်းပေးလျက် စစ်ကိုင်း၊ မကွေး နယ်တကြောဘက် ဖြစ်ပွား သည့် တိုက်ပွဲများတွင် ပျူစောထီးများကိုပါ ဝင်ရောက် တိုက်စေကြောင်း ဒေသခံများထံက သိရှိရသည်။
ထိုု့ပြင် အာဏာသိမ်း စစ်ကောင်စီက ၎င်းတို့ တပ်ရင်း၊ တပ်ဖွဲ့များရှိ တပ်ဖွဲ့ဝင်များ၏ အသက်မပြည့်သေးသည့် သား၊ သမီးများ ကိုပါ စစ်သင်တန်းတက်ခိုင်း၍ အရံအင်အားအဖြစ် ဖြည့်တင်းရန် စီစဉ်နေကြောင်းလည်း တပ်အသိုင်းအဝိုင်း က ပြောဆိုသည်။ အသက်ပြည့်၍ အနားယူသွားသည့် အငြိမ်းစား စစ်မှုထမ်းဟောင်းများကိုလည်း နေ့စားခပေးကာ တာဝန်ပေး ခိုင်းစေမှုများ စစ်ကောင်စီက ပြုလုပ်လျက်ရှိသည်။
You may also like these stories:
စစ်ကောင်စီအတွင်းရေးမှူး အောင်လင်းဒွေး အရန်အင်အား အပို့ခံရ
တနိုင်ငံလုံးက မြန်မာစစ်တပ်ကို မုန်းနေကြတာ
စစ်ကိုင်း PDF တွေကို တိုက်ဖို့ နမခတိုင်းမှူးသစ် ခန့်
ဆန္ဒပြပွဲနှင့် PDF အား ဖြိုခွင်းတိုက်ခိုက်သူများကို စစ်ကောင်စီ ဂုဏ်ပြုဆုပေး
တပ်ထဲတွင် အသက်မပြည့်သေးသည့် ကလေးများ စစ်သင်တန်းတက်ရန် ဖိအားပေးခံနေရ