သတင်း

စစ်ရေးတင်းမာနေသည့် ကယားပြည်နယ် အခြေအနေ

ကယား (ကရင်နီ) ပြည်နယ်၏ မြို့တော် လွိုင်ကော်တွင် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ကရင်နီမဟာမိတ်ပူးပေါင်း တပ်အချို့ အကြား ယနေ့ မွန်းလွဲပိုင်းတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ကရင်နီမဟာမိတ် ပူးပေါင်းတပ်ဖွဲ့အချို့ ထံမှသိရသည်။

လွိုင်ကော်မြို့ မိုင်းလုံးရပ်ကွက်တွင် ပိတ်မိနေသော ဒေသခံအချို့ကို ကရင်နီဒီမိုကရက်တစ်တပ်ဦး (KDF) ၊ ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် (DMO-PDF) နှင့် Karenni Generation Z 21 အဖွဲ့တို့မှ တပ်ဖွဲ့ဝင်များက သွားရောက်ကယ် ထုတ်ရာမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် တွေ့ဆုံကာ တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ကြောင်း KDF သတင်းနှင့် ပြန်ကြားရေးဌာန ထံမှသိရသည်။

KDF သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ရှိသူ တဦးက “တိုက်ပွဲက ကျနော်တို့ကသွားတဲ့အချိန် သူတို့ကို ကျနော်တို့က အရင်မြင်ပြီးတော့ ပစ်ရင်းနဲ့မှတိုက်ပွဲဖြစ်သွားတာဗျ။ တိုက်ပွဲကတော့ ခဏပဲ ဖြစ်တာပါ။ ၁၀ မိနစ် ၁၅ မိနစ်လောက်ပဲ ကြာပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ဒဏ်ရာရသူ အချို့ရှိနိုင်ပြီး ကရင်နီမဟာမိတ် ပူးပေါင်းတပ်များဘက်မှ တပ်ဖွဲ့ဝင် တဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ၎င်းက ဆိုသည်။

ပိတ်မိနေသည့် ပြည်သူများကို ကယ်ထုတ်ပေးနေကြသည့် Loikaw PDF (ဓာတ်ပုံ – Loikaw PDF)

သို့သော်လည်း မိုင်းလုံးရပ်ကွက်နေ ပြည်သူ ၁၅ ဦးကို ဘေးလွတ်ရာသို့ ကယ်ထုတ်လိုက်နိုင်ကြောင်း KDF သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ရှိသူ တဦးက ပြောသည်။

၎င်းက “ပိတ်မိနေတဲ့သူတွေက တအားကြီးတော့မများဘူး။ တချို့ အသက်ကြီးတဲ့ပြည်သူတွေကျတော့ ချန်ခဲ့တယ်။ အဲဒါတွေကို ကျနော်တို့သွားပြန်ကယ်ထုတ်ရတာပေါ့။ ကျနော်တို့ကလည်း လောလောဆယ်မှာ တိုက်ပွဲကို ခဏရပ်ထားပြီး ပိတ်မိနေတဲ့ပြည်သူတွေကိုကယ်ထုတ်ဖို့အတွက် လောလောဆယ်သူတို့နဲ့ ထိပ်တိုက်မတွေ့သေးတာ” ဟု ဆိုသည်။

လက်ရှိတွင် လွိုင်ကော်မြို့ပေါ်ရှိ မိုင်းလုံးရပ်ကွက်နှင့် လွိုင်ကော်နည်းပညာတက္ကသိုလ်တို့အပါအဝင် အချို့နေရာများတွင် စစ်ကောင်စီဘက်က လက်နက်အပြည့်အစုံဖြင့် စစ်အင်အား ၂၅၀ ခန့် ဖြန့်ကျက်နေရာယူထားကြောင်း၊ မြေပြင်တွင် စစ်ကောင်စီတပ်များနှင့် ကရင်နီမဟာမိတ်ပူးပေါင်းတပ်များအကြား စစ်ရေးတင်းမာနေကြောင်း KDF ဘက်က ဆိုသည်။

ယနေ့လွိုင်ကော်မြို့ဝန်းကျင်တွင် စစ်ကောင်စီဘက်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုမရှိသော်လည်း ဂျက်တိုက်လေယာဉ်ဖြင့် တကြိမ် လာရောက် ပျံဝဲမှုရှိကြောင်း ကရင်နီမဟာမိတ် ပူးပေါင်းတပ်ဖွဲ့အချို့ ထံမှ သိရသည်။

ဒီးမော့ဆိုမြို့နယ် ဝန်းကျင်တွင်မူ တိုက်ပွဲဖြစ်ပွားမှုမရှိသော်လည်း ဒီးမော့ဆိုမြို့နယ် ရဲစခန်းဝန်းကျင်၌ ယနေ့နေ့လည်ပိုင်းက လက်နက်ကြီးပစ်ခတ်မှုအချို့ရှိကြောင်း ဒေသခံများထံမှသိရသည်။

ပိတ်မိနေသည့် ပြည်သူများကို ကယ်ထုတ်ပေးနေကြသည့် Loikaw PDF (ဓာတ်ပုံ – Loikaw PDF)

ဇန်နဝါရီလ ၉ ရက်ညပိုင်းကမူ လွိုင်ကော်မြို့အနောက်ဘက်ရှိ ဒီးမော့ဆိုမြို့နယ်ထဲက နန်းမယ်ခုံမြို့ကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ကြောင်း၊ စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် နန်းမယ်ခုံ မြို့နယ်ထဲက အသက် ၅၅ နှစ်အရွယ်အမျိုးသမီး ၁ ဦးသေဆုံးခဲ့ကြောင်း ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် (DMO-PDF) က သတင်းထုတ်ပြန်ထားသည်။

အလားတူပင် လွိုင်ကော်အခြေစိုက် စစ်ကောင်စီ၏ အမြှောက်တပ်မှ ပစ်ခတ်မှုကြောင့် ဒီးမော့ဆိုမြို့နယ် ဒေါငံခါးရပ်ကွက်မှ နေအိမ်တလုံး ထိခိုက်ပျက်ဆီးခဲ့ရကြောင်း (DMO-PDF) ၏ ထုတ်ပြန်ချက်အရသိရသည်။

ကရင်နီလူ့အခွင့်အရေးအဖွဲ့မှ ကိုဗညားကလည်း လွိုင်ကော်မြို့တဝိုက် ဒီကနေ့ တိုက်ပွဲဖြစ်မှုအခြေအနေနှင့်ပတ်သက်၍ သတင်းအသေးစိတ် မသိရသေးသော်လည်း လူရွှေ့ပြောင်းထွက်ခွာမှုများ ရှိနေဆဲဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။

၎င်းက “ဒီရက်ကတော့ အရွှေ့အပြောင်းတွေက ဆက်ပြီး ရှိနေပါသေးတယ်။ ဆက်တိုက်ပေါ့။ ၈ ရက် ၊ ၉ ရက် ၊ ၁၀ ရက်ပေါ့။ အမှန်တော့ ၆ ရက်နေ့ ညကတည်းက ဆက်ရွှေ့တာပေါ့။ ဒါပေမယ့် တိုက်ပွဲဖြစ်တဲ့ ၇ ၊ ၈ ၊ ၉ ရက်တွေကတော့ ပိုရွှေ့ဖြစ်တာပေါ့။ ကျနော်တို့မှာ ရထားတဲ့ အချက်အလက်အရ လောလောဆယ် ၄ သောင်းလောက်တော့ လွိုင်ကော်မြို့ကို စွန့်ခွာသွားပါပြီ” ဟု ဆိုသည်။

ဒီကနေ့တွင် စစ်ဘေးရှောင်ကြသည့် ပြည်သူများကို စစ်ကောင်စီဘက်က တားဆီးမှုရှိသည်ဟု မကြားရသော်လည်း ဇန်နဝါရီလ ၉ ရက်ကမူ တားမြစ်ပိတ်ပင်မှုများ ၊ ပစ်ခတ်မှုများရှိကြောင်း ကိုဗညားက ရှင်းပြသည်။

၎င်းက “လွိုင်လင်လေးကနေ ဆီဆိုင်ကနေ တောင်ကြီးကိုသွားတဲ့လမ်းပေါ့။ အဲဒီလမ်းအထွက်မှာပေါ့။ ကျနော်တို့ အရပ်အခေါ် လွိုင်ကော်မြို့ နွားလပို့စက်မှုဇုန်နားက Denko ဓာတ်ဆီဆိုင်နားမှာ စစ်ကောင်စီတပ်က ပစ်ခတ်လို့ ကား၂ စီးကတော့ ပစ်ခတ်ခံရတယ်။ လမ်းကတော့ တော်တော်ပိတ်သွားတယ်။ ပြည်သူတွေကလည်း ရနိုင်သမျှနည်းလမ်းပေါ့။ တချို့လည်း တောလမ်း၊ တောင်လမ်းတွေကပဲ အလျှိုအလျှိုထွက်သွားကြတယ်။ ဒါပေမယ့် နေ့ခင်းပိုင်းမှာတော့ အဲဒီလမ်းက ပြန်ထွက်လို့ရတယ်” ဟု ဆိုသည်။

ဆက်လက်၍ ကိုဗညားက “နောက်တပိုင်းကတော့ ပြည်နယ်အတွင်းမှာ သူတို့ပိတ်ဆို့တာတွေရှိသလို ရှမ်းပြည်နယ်ထဲမှာလည်း လွိုင်ကော်က လာတဲ့ စစ်ဘေးရှောင်တွေကို ပိတ်ပြီးတော့မှ အချက်အလက်တွေ ကောက်ခံတာ။ ဆက်သွားခွင့်တွေ ပိတ်ပင်တာတွေ ၁ နေရာ၊ ၂ နေရာ ဖြစ်သွားတာ ရှိပါတယ်။ ဒီရက်ကတော့ အဲဒီအသံတွေ ပြန်မကြားဘဲ ဖြစ်နေတယ်ပေါ့” ဟု ဆိုသည်။

ပိတ်မိနေသည့် ပြည်သူများကို ကယ်ထုတ်ပေးနေကြသည့် Loikaw PDF (ဓာတ်ပုံ – Loikaw PDF)

အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ၏ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဒုဝန်ကြီး ခွန်းဘီထူးကလည်း လွိုင်ကော်မြို့ဝန်းကျင်တွင် စစ်ကောင်စီတပ်များ အချိန်မရွေး ဗုံးလာကြဲတော့မည်ဆိုသည့် ကောလဟာလ သတင်းများရှိနေသဖြင့် ယခုကဲ့သို့ လူအစုလိုက်အပြုံလိုက် ထွက်ပြေးရွှေ့ပြောင်းမှုများ ဖြစ်နေခြင်း ဖြစ်ကြောင်း သုံးသပ်သည်။

ခွန်းဘီထူးသည် KNDF (ကရင်နီအမျိုးသားကာကွယ်ရေးတပ်) ၏ ဦးဆောင်ကော်မတီအဖွဲ့ဝင်တဦးဖြစ်သလို ကယားပြည်နယ်အခြေစိုက် ကယန်းအမျိုးသားပါတီ၏ ဥက္ကဋ္ဌ လည်းဖြစ်သည်။

၎င်းက “အခုဆိုမိုးဗြဲမြို့နယ်၊ ဖယ်ခုံမြို့ထဲမှာရှိတဲ့ လူထုတွေလည်း ထွက်ပြေးတိမ်းရှောင်နေကြတယ်။ ဒီ့အပြင် ခုနက လွိုင်ကော်ကနေ ရွှေ့ပြီးတော့မှ ထွက်ပြေးတိမ်းရှောင်ဖို့ လုပ်နေတဲ့ လူထုတွေလည်းရှိနေတယ်။ ဒီးမော့ဆို အနောက်ဘက်ခြမ်း နန်းမယ်ခုံကနေလက်နက်ကြီးတွေ ထပ်ကျလို့ အဲဒီမှာရှိတဲ့ လူငယ်တွေက ထွက်ပြေးတိမ်းရှောင်မှုတွေ ဆက်လုပ်နေကြရတဲ့ အခြေအနေမျိုးဖြစ်ပါတယ်။ ကယားပြည်နယ်က အခုဆိုရင် တကယ့်ကို ကပ်ဘေးနောက်ကို ထွက်ပြေးနေရတဲ့ အခြေအနေမျိုးဖြစ်ပါတယ်” ဟု ပြောကြားသည်။

စစ်ကောင်စီကို ဆန့်ကျင်တိုက်နေသည့် ကယားပြည်နယ်ရှိ အဓိက တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ တဖွဲ့ဖြစ်သော ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ၏ အချက်အလက်များအရ မြန်မာနိုင်ငံတွင် စစ်တပ်ကအာဏာသိမ်းပြီး နောက် ၂၀၂၁ ခုနှစ်မေလမှ စတင်ကာ စစ်ကောင်စီတပ်နှင့် ကရင်နီမဟာမိတ်ပူးပေါင်းတပ်များအကြား တိုက်ပွဲပေါင်း ၁၄၀ ကျော်ဖြစ်ထားကြောင်း သိရသည်။

ထို့အပြင် ကယားပြည်နယ်တခုလုံး စုစုပေါင်း လူဦးရေ ၃ သိန်းကျော်ရှိသည့် အနက် အနည်းဆုံး ၁ သိန်းခွဲကျော်မှာ တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရကြောင်း KNPP ဘက်က ဆိုထားသည်။

Loading