သတင်း

လေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မောင်မောင်ကျော် ရာထူးမှ အနားပေးခံရ

ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်ကို တာဝန်မှ အနားပေးလိုက်ပြီး စစ်ဦးစီးအရာရှိချုပ် (လေ) ဒုဗိုလ်ချုပ်ကြီး ထွန်းအောင်ကို လေတပ်ဦးစီးချုပ်အဖြစ် ခန့်အပ်တာဝန် ပေးလိုက်ကြောင်း သတင်းများ ထွက်ပေါ် လျက်ရှိသည်။

ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်သည် ပြီးခဲ့သည့် ၂၀၁၈ ဇန်နဝါရီ ၂ ရက်တွင် လေတပ်ဦးစီးချုပ်အဖြစ် စတင် တာဝန် ထမ်းဆောင်ခဲ့ရာ ၂၀၂၂ ဇန်နဝါရီ ၂ ရက်တွင် ပုံမှန်သက်တမ်း ၄ နှစ် တာဝန်ထမ်းဆောင်ပြီးဖြစ်၍ သက်တမ်း ထပ်မ တိုးတော့ဘဲ အနားပေးလိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။

ထိုသို့ အနားပေးခံရသည်ဆိုသော်လည်း နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီးအဖြစ် ဆက်လက် တာဝန်ထမ်းဆောင်မည် ဖြစ်ကြောင်း သိရသည်။

လေတပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်သည် ယခင်မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်အစိုးရလက်ထက် ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးသူရကျော်ထင်၏ သားဖြစ်သည်။

အသက် ၅၈ နှစ် ရှိပြီဖြစ်သော ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်သည် ၂၀၁၈ခုနှစ်မှ စကာ လေတပ်အကြီးအကဲအဖြစ် တာဝန်ယူခဲ့ပြီး၊ ဆယ်စုနှစ်များ လူ့အခွင့်အရေး ချိုးဖောက်မှုများ ပြုလုပ်နေသည့် စစ်တပ်အတွက် လေတပ်အဆင့်မြှင့်ရန် အမေရိကန်ဒေါ်လာ သန်းရာပေါင်းများစွာ သုံးစွဲခဲ့ကြောင်း Reuters သတင်းဌာနက စုံစမ်းဖော်ထုတ် ရေးသားထားသည့် ဆောင်းပါးတပုဒ်တွင် ဖော်ပြထားသည်။

လေတပ်ဦးစီးချုပ် တာဝန်မှ အနားပေးခံရသည်ဆိုသော သတင်းနှင့်ပတ်သက်၍ CDM ဗိုလ်ကြီး ညီသုတက “ဆက်ပြီး ခန့်ထားချင်ရင် ပင်စင် သက်တမ်းတောင် တိုးပြီးခန့်တာဆိုတော့ အခုက ဆက်မထားချင်တာက သူ့စကား အပြည့်အဝ နားမထောင်လောက်ဘူး လို့ ယူဆလို့ ဖြစ်မယ်” ဟု မှတ်ချက်ပြုသည်။

ထို့ပြင် ယခုပိုမိုပြုလုပ်လာသည့် လေကြောင်းတိုက်ခိုက်မှုများနှင့် ပတ်သက်နိုင်သည်ဟု ယူဆကြောင်း ၎င်းက ဆိုသည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း အာဏာသိမ်း စစ်ကောင်စီ၏ အတွင်းရေးမှူးတာဝန် ထမ်းဆောင်နေသာ ဒုတိယဗိုလ်ချုပ် ကြီး အောင်လင်းဒွေးကို စစ်ဘက်ရာထူးဖြစ်သော စစ်ဥပဒေချုပ်ရာထူးမှ အနားပေးလိုက်ပြီး တပ်မတော် အရန်အင်အား အဖြစ်သို့ ပြောင်းရွှေ့လိုက်သည်။

ရွေးကောက်ခံအစိုးရကို ဖြုတ်ချကာ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသော နိုင်ငံတဝှမ်းမှ စစ်အာဏာရှင်ကို တော်လှန်သည့် လက်နက်ကိုင် အင်အားစုများအား စစ်တပ်သည် လေကြောင်းစစ်ဆင်ရေး များကို အဓိက အသုံးပြုပြီး တိုက်ခိုက်လျက် ရှိသည်။

လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူများ သေဆုံးခဲ့ရသလို လူထောင်နှင့်ချီမှာလည်း ဘေး လွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်။

လေကြောင်းစစ်ဆင်ရေးများသည် စစ်တပ်ကို လက်နက်ကိုင် တော်လှန်နေသည့် အင်အားစုများအား အထိမနာစေဘဲ အပြစ်မဲ့ အရပ်သားပြည်သူများကိုသာ ပိုမို ထိခိုက်စေသည့်အတွက် လေကြောင်း အသုံးမပြုရန် တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့များဘက်က တောင်းဆိုမှုများ ရှိသော်လည်း စစ်တပ်သည် လေကြောင်းကိုသာ ပို၍အားထားလာနေသည်။

You may also like these stories:

အထိနာလာသော စစ်ကောင်စီ လေကြောင်းစစ်ကူဖြင့် ရမ်းကားနေ

လေတပ်ဦးစီးချုပ် မိသားစု စီးပွားရှာသော နည်းလမ်း (အပိုင်း ၁)

လေတပ်ဦးစီးချုပ် မိသားစု စီးပွားရှာသော နည်းလမ်း (အပိုင်း ၂)

Loading