အာဏာသိမ်း စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ကြား တိုက်ပွဲများ ပြင်းထန်နေသည့် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ရှိ ဟားခါးလေးကျေးရွာတွင် မီးရှို့ သတ်ဖြတ်ခံထားရသည့် ဒေသခံ ၁ ဦး နှင့် ဒေသကာကွယ်ရေး တပ်ဖွဲ့ ဝင် ၁ ဦး၏ ရုပ်အလောင်းများအား ယမန်နေ့က တွေ့ရှိခဲ့ကြောင်း ဒေသခံ သတင်းရင်းမြစ်များထံမှ သိရသည်။
စစ်ကောင်စီတပ်က မီးရှို့သတ်ဖြတ်ခဲ့သည့် အသက် ၆၀ နှစ်အရွယ် ဦးသင်ထန်၏ အရိုးစုများနှင့် သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်ခံထားရသည့် အသက် ၁၈ နှစ်အရွယ် ကိုဇော်ညီညီမောင်၏ ရုပ်အလောင်းကို ဇန်နဝါရီ ၁၀ ရက်က တွေ့ရှိခဲ့ ကြခြင်း ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
ပြီးခဲ့သည့် ၂၀၂၁ ဒီဇင်ဘာ ၂၉ ရက်တွင် ကလေးမြို့နှင့် ၁၃ မိုင်ကျော် ကွာဝေးသည့် ဟားခါးလေးရွာတွင် ဒေသကာ ကွယ်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ရာ ဒေသခံ ပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။
ထိုစဉ်က ကျေးရွာအတွင်း ကျန်နေခဲ့သည့် ဦးသင်ထန်ကို စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ၁၂ ရက်မြောက် နေ့တွင် မီးရှို့သတ်ဖြတ်ခံထားရသည့် ၎င်း၏ အရိုးစုကို ယင်းကျေးရွာရှိ ဗုံးခိုကျင်းတခု၌ ရှာဖွေတွေ့ရှိခဲ့ ခြင်း ဖြစ်ကြောင်း မိသားစုဝင်ထံမှ သိရသည်။
ဦးသင်ထန် အရိုးစုကို တွေ့ရှိခဲ့သည့် နေရာအနီးတွင် ၎င်း၏ ပုဆိုး၊ ဦးထုပ်အပြင် ဓာတ်ဆီပုံးနှင့် သွေးပေနေသည့် တုတ် ၁ ချောင်းကိုပါ တွေ့ရှိခဲ့သည့်အတွက် တုတ်ဖြင့် ရိုက်နှက်ကာ မီးရှို့သတ်ဖြတ်ခံရခြင်း ဖြစ်နိုင်ကြောင်း ဒေသခံများက ကောက်ချက်ချကြသည်။
သေဆုံးသူ ဦးသင်ထန်၏ မိသားစုဝင် တဦးက “မိသားစုတွေ အကုန်က သွားကြတာကို သူက မသွားချင်ဘူး။ အိမ်မှာပဲ နေမယ်ဆိုပြီး နေလိုက်တာ။ ဒါပေမဲ့ သူက အိမ်မှာ မနေရဲလို့ တခြားမှာ သွားပုန်းပြီး ရှောင်လိုက်တဲ့ အချိန်မှာ အဖမ်းခံ ရတဲ့ သဘောရှိတယ်။ သူသွားရင် လွယ်အိတ် ပါတတ်တယ်။ အိတ်ထဲမှာ ရေသန့်ဘူး တဘူး၊ ထန်းလျက် အစိတ်သား တထုပ်နဲ့ နှစ်ပြန်ကြော် တထုပ် ပါသွားတယ်။ သူ့အင်္ကျီနဲ့ လွယ်အိတ်က အဲဒီနေရာမှာ တွေ့ခဲ့တယ်” ဟု ပြောပြသည်။
ဆက်လက်၍ ၎င်းက “ရွာပတ်ဝန်းကျင်မှာ ရှာတော့ ရှာလို့မတွေ့တာ။ ၁၂ ရက်နေ့မြောက်မှာတော့ ဗုံးခိုကျင်းထဲမှာ အရိုးတွေ့လိုက်တယ်။ အဲဒါက ဘယ်သူ့အရိုးလဲဆိုပြီး သေချာလေး စုံစမ်းတော့ ဗုံးခိုကျင်းနားမှာ သူ့ရဲ့ ဦးထုပ်နဲ့ သူ့ ပုဆိုး ကျန်ခဲ့တယ်။ ဓာတ်ဆီလောင်းပြီးမှ မီးရှို့တာ။ ဗုံးခိုကျင်းအနားမှာ ဓာတ်ဆီပုံးလည်း ရှိတယ်။ ပုံးခွံထဲမှာလည်း ဓာတ်ဆီလက်ကျန် ကျန်သေးတယ်” ဟု ပြောဆိုသည်။
ထို့ပြင် ဒီဇင်ဘာ ၂၉ ရက်က စစ်ကောင်စီတပ်သည် ဟားခါးလေးရွာအတွင်း ဝင်ရောက်စီးနင်းပြီး ပစ်ခတ်မှုများ ပြုလုပ် ရာတွင် အသက် ၈၀ နှစ်အရွယ် ဦးသင်ထန်၏ မိခင်ဖြစ်သူ ပေါင်တွင် ကျည်ထိမှန်ပြီး သေဆုံးခဲ့ကြောင်း သိရသည်။
ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင် ကိုဇော်ညီညီမောင်သည် မိုင်းဆွဲရာတွင် အဖွဲ့နှင့် ကွဲကျန်ခဲ့ပြီးနောက် စစ်ကောင်စီ၏ ပစ် ခတ်သတ်ဖြတ်မှုကို ခံရပြီး ၎င်း၏ရုပ်အလောင်းအား ယမန်နေ့က ဟာခါးလေးရွာအတွင်း ပြန်လည် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
ကလေးမြို့နယ် ဒေသခံကာကွယ်ရေး တပ်ဖွဲ့ဝင် တဦးက “ရုပ်အလောင်းက အခုမှ တွေ့တာ။ ဒီဇင်ဘာလကုန်ပိုင်း တိုက်ပွဲအတွင်းက မိုင်းဆွဲရင်းနဲ့ အဖွဲ့နဲ့ကွဲပြီး ကျန်ခဲ့တာ။ အသတ်ခံရတာ အခုမှ ရုပ်အလောင်း တွေ့တာ။ ပစ်သတ်ထားတာ ပုပ်နေပြီ။ အနီးအနားရှိတဲ့ သင်္ချိုင်းမှာပဲ သဂြိုဟ် နိုင်တော့တာ” ဟု ပြောသည်။
စစ်ကောင်စီ အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းတွင် စစ်တပ်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ကြား တိုက်ပွဲများ ဖြစ် ပွားနေပြီး စစ်တပ်က ကျေးရွာများသို့ ဝင်ရောက်စီးနင်းရာ၌ ဒေသခံများကို လမ်းပြအဖြစ် ဖမ်းဆီး ခေါ်ဆောင်ကာ လူ သားဒိုင်းအဖြစ် အသုံးပြုခြင်း၊ ပစ်ခတ်သတ်ဖြတ်ခြင်း၊ မီးရှို့ သတ်ဖြတ်ခြင်းများကို စစ်တပ်က ကျူးလွန်လျက်ရှိသည်။
ထို့ပြင် စစ်ကိုင်းတိုင်းအတွင်း ထိုးစစ်ဆင်နေသည့် စစ်တပ်က ပြည်သူများအား အစုအလိုက် အပြုံလိုက် သတ်ဖြတ်မှု များကိုလည်း လုပ်ဆောင်လျက် ရှိသည်။
စစ်ကိုင်းတိုင်း ဆားလင်းကြီး မြို့နယ်တွင် ဒီဇင်ဘာ ၇ ရက်က ကျေးရွာသား ၁၀ ဦးကို စစ်ကောင်စီတပ်က ညှဉ်းပန်းနှိပ် စက် မီးရှို့သတ်ဖြတ်ခဲ့ပြီး ဒီဇင်ဘာ ဒုတိယပတ်အတွင်း၌လည်း ဒီပဲယင်းမြို့နယ်ရှိ နဂါးတွင်းရွာကို စီးနင်းတိုက်ခိုက်စဉ် စစ်ကောင်စီတပ်က ကျေးရွာသား ၆ ဦးအား ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့သည်။
အလားတူပင် ဒီဇင်ဘာ ၂၃ ရက်ကလည်း စစ်ကောင်စီတပ်က တိုက်ခိုက်ရေး ရဟတ်ယာဉ် ၂ စီးဖြင့် ကလေးမြို့နယ်ရှိ နတ်ချောင်းရွာကို စက်သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်သောကြောင့် ကျေးရွာသား ၁၀ ဦးကျော် သေဆုံးခဲ့သည်။