သတင်း

စစ်ကောင်စီတပ်နှင့် ပူတာအို ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်

စစ်ကောင်စီတပ်များနှင့် ကချင်ပြည်နယ်အခြေစိုက် ပူတာအိုခရိုင် ပြည်သူ့ကာကွယ်ရေးတပ် (PDF Putao) တို့ ပူတာအိုခရိုင်အတွင်း ဒုတိယအကြိမ် တိုက်ပွဲဖြစ်ပွားကြောင်း PDF Putao ထံမှ သိရသည်။

ဇန်နဝါရီ ၉ ရက် နံနက် ၈နာရီ ၅၀ မိနစ်ခန့်က ဆွမ်ပရာဘွမ်မြို့နယ်၊ ခင်ဒူးကားရွာမှ ဖုန်ကျန်းရွာဘက်သို့ တက်လာ သည့် ပူတာအို စစ်ဗျူဟာ အခြေစိုက် ခလရ ၁၃၇၊ ခလရ ၁၃၈ တို့မှ ပူးပေါင်း ၆၀ခန့်ပါ စစ်ကြောင်းနှင့် ထိတွေ့ တိုက်ပွဲဖြစ်ခြင်း ဖြစ်ကြောင်း PDF Putao က သတင်းထုတ်ပြန်သည်။

PDF Putaoနှင့်အတူ ကချင်လွတ်လပ်ရေးတပ် (KIA) ၏ တပ်မဟာ (၁) လက်အောက်ခံတပ်ဖွဲ့ဝင်များလည်း ပါဝင်တိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီဘက်တွင် ထိခိုက်ဒဏ်ရာရသူအချို့ ရှိနိုင်ပြီး KIA နှင့် PDF များဘက်တွင် ထိခိုက်ဒဏ်ရာရသူ မရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

တိုက်ပွဲအခြေအနေနှင့် ပတ်သက်၍ PDF Putao ထံ ဧရာဝတီက ဆက်သွယ်မေးမြန်းသော်လည်း တစုံတရာ အကြောင်းပြန်မှု မရှိပေ။

KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဇန်နဝါရီ ၉ ရက်က ဖြစ်သည့် တိုက်ပွဲတွင် စစ်ကောင်စီ တပ်များ ဘက်က ပြန်လည်ဆုတ်ခွာသွားသဖြင့် အချိန်သိပ်မကြာလိုက်ဘဲ ပြီးဆုံးခဲ့ကြောင်း ဧရာဝတီသို့ ပြောသည်။

“ဆွမ်ပရာဘွမ် အထက်ပေါ့။ ဆွမ်ဘရာဘွမ်နဲ့ ဆွမ်ပီယန်ကြားမှာ ဖြစ်တဲ့တိုက်ပွဲပါ။ ပြင်းပြင်းထန်ထန်တိုက်တဲ့ တိုက်ပွဲ တော့ မဟုတ်ပါဘူး။ ကျနော်တို့ KIO၊ KIA ရှေ့တန်းသမားတွေနဲ့ စစ်ကောင်စီဘက်က စစ်ရေးလှုပ်ရှားလာတဲ့ တပ်တွေ နဲ့ ထိတွေ့တိုက်ပွဲ ဖြစ်တာပါ။ စခန်းသိမ်းတိုက်ပွဲလည်း မဟုတ်ဘူး။ ထိုးစစ်ဆင်တဲ့ တိုက်ပွဲလည်း မဟုတ်ဘူး။ သူတို့ လှုပ်ရှားလာလို့ တိုက်ပွဲဖြစ်တာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

လက်ရှိ မြေပြင်အခြေအနေတွင် စစ်ရေးတင်းမာမှု မရှိသော်လည်း စစ်ကောင်စီဘက်က ကချင်ပြည်နယ်အတွင်း စစ်ရေးလှုပ်ရှားမှုများ ထပ်မံပြုလုပ်လာပါက တိုက်ပွဲများ ဖြစ်နိုင်ခြေရှိကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၁ ဒီဇင်ဘာ ၂၉ ရက်ကလည်း KIA နှင့် PDF Putao ပူးပေါင်းတပ်ဖွဲ့ဝင်များသည် ပူတာအိုမြို့နယ် ခင်ဒူ ယာန်ကျေးရွာနှင့် အင်ဆိုင်းယာန်ရွာအကြားတွင် စစ်ကောင်စီယာဉ်တန်းကို ကြားဖြတ် တိုက်ခိုက်ခဲ့သေးသည်။

PDF Putao သည် မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် ပေါ်ပေါက်လာသော အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ၏ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တခု ဖြစ်သည်။

ကချင်ဒေသ၏ ကာကွယ်ရေးနှင့် လုံခြုံရေးကဏ္ဍများတွင် ကချင်နိုင်ငံရေး ဦးဆောင်ကော်မတီဖြစ်သော KPICT နှင့် NUG တို့ သဘောတူထားသည့်အတိုင်း KIO/KIA ၏ ဦးဆောင်မှုအောက်တွင် အပြည့်အဝ ပါဝင်သွားမည်ဟုလည်း PDF Putao က သဘောထားထုတ်ပြန်ထားသည်။

Loading